သတ်သူမသေ - သေသူမသတ် ဆေးသိပ္ပံ တင်စိုး ရေးသည် (ကြေးမုံ ၁၉၅၆ ဇန္နဝါရီလ)

 


သတ်သူမသေ - သေသူမသတ်

ဆေးသိပ္ပံ တင်စိုး ရေးသည်

(ကြေးမုံ ၁၉၅၆ ဇန္နဝါရီလ) 



သတ်သူလွတ်ပြီး အသတ်ခိုင်းသူ ကြိုးကျခြင်း

တကယ်အမှန်အစစ် လူသတ်ခဲ့သည့် လူသတ်တရားခံအား ကြိုးမိန့်မပေးဘဲ ၎င်း၏အဖော် လူမသတ်သည့် တရားခံအား ရုံးတော်မှ ကြိုးမိန့်ပေးခဲ့သည့် ထူးဆန်းစွာဆုံးဖြတ်ပေးခဲ့သော ရာဇဝတ်မှု တစ်ခုအတွက် အင်္ဂလန်ပြည် လူထုမှာ အုံကြွခဲ့ဘူးလေသည်။

လွန်ခဲ့သော ၁၉၅၂ ခုနှစ်နိုဝင်ဘာလ၏ ညတညတွင် အင်္ဂလန်ပြည် လန်ဒန်မြို့အနီးရှိ ကရွိုင်ဒန်မြို့ (Croydon) တမ်ဝတ်သ်လမ်း (Tum-Worth Road') ပေါ်တွင် တည်ရှိသော ကုန်စုံဆိုင်တဆိုင်၏ ခေါင်မိုး ပေါ်၌ ဆိုင်ဖောက်ခိုးရန်ကြံသူ လူငယ် ၂ ဦးအား လန်ဒန်ဘော်ဘီ ခေါ် ဘိလပ်ရဲသားများက လိုက်လံဖမ်းဆီး ခဲ့လေသည်။ 

ထိုသူငယ် ၂ ဦးကို ဖမ်းကြစဉ် ရဲအရာရှိတဦးမှာ ဒီရက်ဘင်လေဆိုသူ အသက် ၁၉-နှစ်ရှိ တရားခံ လူငယ်ဘဦးနှင့် ထွေးလားလုံးလားဖြစ်နေ၏။ ဘင်လေတွင် မောင်းချဓါးတစင်းနှင့် သံလက်သီးစွပ်တခုပါရှိရာ ၎င်းသည် ထိုလက်နက်များအားကိုးနှင့် ရဲအရာရှိကို အတင်းဖက်လုံးနေသည်။ ထိုအချိန်၌ မီးခိုးခေါင်းတိုင်  နောက်ကွယ်တွင် ပုန်းနေသော ခရစ်စဘိုဖါကရစ်က “ဟေ¸-ရဲသားဘွေ သတ္တိရှိရင်လာ ငါ့ကိုလာဖမ်းလှဲ့ကွ ငါ့မှာသေနတ်ရှိဘယ်” ဟု၎င်းလက်တွင်းရှိသေနတ်ကို တဆဆဖြင့် ဟစ်အော်နေ၏။ 

ကရစ်အော်ပြောသည့်အသံကို ရဲအရာရှိတဦးနှင့် လုံးထွေးသတ်ပုတ်နေသူ ဘင်လေကြားသော် ထို သေနက်ဖြင့် ပုလိပ်များကိုပစ်ချလိုက်ရန် ဟစ်အော်ပြောဆိုသည်။ ကရစ်လည်း ဘင်လေပြောသကဲ့သို့ သေနတ်ဖြင့်ပစ်လိုက်ရာ ဘင်လေကိုဖမ်းထားသော ရဲအရာရှိမှာ ဒဏ်ရာရပြီး ရဲသားတဦးဖြစ်သော ဆစ် (ဒ်) နီဂျော့မိုင်းဆိုသူမှာမူ ခေါင်မိုးပေါ်တက်လာစဉ် အပစ်ခံရသဖြင့် ချက်ကောင်းထိကာ နေရာတွင်ပင် အသက် ပျောက်သွားရှာသည်။ 

ထိုသို့ပစ်ခတ်ပြီးနောက် လူဆိုးငယ် ၂ ယောက်သည် အမြင့် ၂၅-ပေရှိသော ဈေးဆိုင်ခေါင်းမိုးပေါ်မှ ခုန်ချကာ ပြေးရန်ကြိုးစားကြစဉ် စစ်ကူရောက်လာသော ပုလိပ်အဖွဲ့က ၂ ဦးစလုံး လက်ရဖမ်းဆီးလိုက်တော့ သည်။ 

အမှု 

လူငယ်တရားခံ ၂ ဦး၏အမှုကို မကြာမီပင် အိုးဘေးလေ (Old Bailey) ရုံးတော်တွင် စတင်စစ်ဆေး ၏။ ဂျူဒီလူကြီးများသည် တရားခံ ၂ ဦးစလုံးမှာပင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။ သို့သော် လူသတ်ခဲ့ခြင်း မရှိသည့်ဘင်လေအား သက်ညှာစွာအဖြစ်ပေးရန် တရားသူကြီးအား အကြံဉာဏ်ပေးခဲ့ကြ၏။ ထိုလူသတ်မှု ဖြစ်ပွားချိန်၌ ဘင်လေမှာ ရဲအရာရှိ၏လက်ထဲတွင် အဖမ်းခံနေရသည့်အပြင် သေနတ်ပစ်သည့်အထဲတွင် ကိုယ်ထိလက်ရောက် ပါဝင်ခဲ့ခြင်းမရှိသည့်အတွက် သက်ညှာရန်ဖြစ်၏။ 

စီရင်ချက် 

သို့သော် တရားဆုံးဖြတ်ရမည့် တရားသူကြီးဖြစ်သော တရားဝန်ကြီးချုပ် ဂေါဒတ်သည်  လူငယ် တရားခံနှစ်ဦး၏ ပြစ်မှုသည် နှစ်ဦးစလုံးအား ကြိုးမိန့်ပေးသင့်ကြောင်းဖြင့် ပြောဆို၍ စီရင်ချက်ချတော့ သည်။ စီရင်ချက်တွင် လူသတ်တရားခံဖြစ်သော ကရစ်သည် အသက်အားဖြင့် ၁၆–နှစ်မျှရှိသေး၍၎င်း၊ ကိုယ်ထိ လက်ရောက် သတ်ခဲ့ခြင်းမှန်သော်လည်း အသက်ငယ်လှသဖြင့် ကြိုးမပေးသင့်။ ထို့တွက် ၎င်းသည် ထောင်ထဲ ၌ အရှင်ဘုရင်မ အလိုသမျှကာလပတ်လုံး အကျဉ်းထားရ (ထောင်တသက်) နှင့် အခြားတရားခံတဦးဖြစ်သော ဘင်လေမှာ ဤလူသတ်ရာဇဝတ်မှုတွင် ပါဝင်ခဲ့သောအပြစ်သည် ကိုယ်ထိလက်ရောက်လူသတ်သည့်အပြစ် နှင့် ညီမျှနေ၍ ဘင်လေအား ကြိုးပေးရန်ဟူ၍ ပါရှိ၏။ ရှင်းချက်တွင် အသက်ကြီးသူ ဘင်လေက အသတ်ခိုင်း၍သာ ကရစ် လူသတ်ရခြင်းဖြစ်သည်ဟု ဆို၏။ 

အုံကြွပြီ

လူထုနှင့်တကွ လွှတ်တော်အတွင်တွင်ပါ အဆိုပါလူသတ်မှုစီရင်ချက်ကို မကျေနပ်ကြ၍ ဟိန်း၍ ထွက်ပေါ်လာခဲ့၏။ ပါလီမန်အမတ်များသည် မကျေနပ်ကြောင်း ကန့်ကွက်လွှာများ လက်မှတ်ရေးထိုး၍ ဆိုင်ရာသို့ပို့ခဲ့သည်။ လေဘာပါတီခေါင်းဆောင် ဘီဘန်း ကိုယ်တိုင်ပင်လျှင် အယူခံတွင် တရားခံအား ပြစ်မှု လျော့ပေါ့ပေးရန် ပါဝင်ဆောင်ရွက်ခဲ့သည်။ အနယ်နယ်အရပ်ရပ်မှ အောက်လွှတ်တော်သို့ မကျေနပ် ကန့်ကွက်သည့် သံကြိုးစာများ တပုံတခေါင်းကြီး ရောက်လာ၏။ အချို့ကမူ ကြိုးမိန့်ပေးခံရသည့် တရားခံ ဘင်လေအတွက် တိုင်းခန်းလှည့်နေခိုက်တွင် ဘုရင်မ အဲလီစဘက်နှင့် အီဒင်ဘာရာမြို့စားတို့ထံနှင့် နန်းရင်းဝန် ချာချီထံ ကြေးနန်းရိုက်ကြားပြီး ကြိုးမိန့်ပယ်ဖျက်ပေးရန် တောင်းဆိုခဲ့ကြ၏။ 

အင်္ဂလန်ပြည် လူထုတရပ်လုံးကပင် ကရစ်၏ပြစ်မှုကြေင့် ကြိုးမိန့်ပေးခံရသော ဘင်လေအား သနားကြလေသည်၊ ထိုမျှမကသေး၊ တကယ် သေနတ်နှင့်ပစ်သူ ကရစ်၏မိခင်ကိုယ်တိုင် ဘင်လေအတွက် အယူခံလွှာတင်သွင်းသော ဘင်လေ၏မိဘများကို ကူညီအားပေးခဲ့၏။ 

လက်နက်မဲ့ရဲသတ်မှု

 ပြည်ထဲရေးဝန်ကြီး အတွင်းဝန် ဆာဒေးဗစ်မက်ဝဲဖိုက်သည် အယူခံလွှာများ ၎င်းထံသို့ရောက်ရှိလာ သော်လည်း လက်နက်ကိုင်ဆောင်လေ့မရှိသော လက်နက်မဲ အင်္ဂလန်ရဲသားအားသတ်မှုနှင့် တရားလွှတ်တော် ဆုံးဖြတ်မှုကို ၎င်းသည် ပယ်ဖျက်နိုင်ခွင့် မရှိဟုဆိုကာ အယူခံလွှာကို တခုပြီးတခု ပယ်ချလိုက်လေ၏။ ဤသို့ ပယ်ချလိုက်ခြင်းဖြင့် ဘင်လေသည် ကြိုးဒဏ်ခံရတော့မည်မှာ သေချာနေပေပြီ။ 

ကြိုးပေးမည့်နေ့

၁၉၅၃-ခုနှစ် ဖေဖေါ်ဝါရီလလယ် နေ့တနေ့တွင် ဘင်လေအား ကြိုးပေးခဲ့ကြသည်။ ထိုကြိုးပေးမည့် နေ့နံနက်တွင် ဘင်လေအား ထားရှိသည့် ဝင်းဝက် Wandsworth ထောင်ကြီးအပြင်ဘက်၌ လူထုကြီး ဝိုင်းလာပြီး ဘင်လေအားမသတ်ရန် နောက်ဆုံးကြိုးစားသည့်အနေဖြင့် ဝိုင်းဝန်းဆန္ဒပြကြသည်။ 

ဤလူအုပ်တွင် ဘင်လေ၏ ဆွေမျိုးမိတ်သင်္ဂဟများသာမက၊ အမျိုးမတော် သွေးသားမစပ်ဘဲ တရားမှုကိုလိုလားသူ အင်္ဂလန်ပြည်သူပြည်သား အများအပြား ပါဝင်ခဲ့ကြသည်။

လူအုပ်ကြီးက “လူသတ်သမား အလိုမရှိ” “နာဇီဖက်ဆစ်တွေတော့ မသတ်ဘဲနဲ့ အပြစ်မရှိသူကို ဘာလို့သတ်သလဲ” “ဘင်လေး ကြိုးမိန့်ဖျက်” စသဖြင့် ကြွေးကြော်သံများ ဟစ်အော်ကြွေးကြော်ကာ ဆန္ဒပြ ကြသည်၊ သို့သော် အာဏာပိုင်တို့ကား မဖြုံ၊ ဘင်လေအား ကြိုးပေးမည့်အချိန်သာ တဖြေးဖြေး နီးကပ်လာခဲ့ ၏။ နံနက် ၉ နာရီထိုးပြီ၊ ထောင်အပြင်ဘက်တွင် ကြွေးကြော်သံများ၊ ကြွေးကြော်ဆန္ဒပြနေသူများ ငြိမ်ကျ သွားသည်။ မိမိတို့ဘာမျှမတတ်နိုင်သည့်အဆုံး၌ ဦးထုပ်ချွတ်သူ ချွတ်၊ ဒူးထောက်သူ ထောက်ဖြင့် မတရား အသတ်ခံရမည့်သူ ဘင်လေ ကောင်းရာသုဂတိသို့လားပါစေဟု ဓမ္မသီချင်းများဆိုကာ ဆုတောင်းအမျှဝေ ကြသည်။ အချို့ မဆည်နိုင်သောမိန်းမများသည် ငိုသူငို၊ တက်သူတက်ဖြင့် ကျန်လူများက ဖေးမ, တွဲထူထား ကြရသည်။ ထောင်တွင်း၌ ဘင်လေအား ကြိုးပေးလိုက်ပြီး ထောင်တွင်းမှ ထောင်ဝါဒါတဦး ထောင်ဗူးဝသို့ ထွက်လာက ထောင်တံခါးဝရှိကြော်ငြာကပ်ပြားတွင် ဘင်လေ ကြိုးဒဏ်ခံသွားပြီဖြစ်ကြောင်း ကျေညာချက် လာကပ်သည်။ 

ထူးဆန်းစွ သတ်သူမသေရဘဲနှင့် သေသူလည်း မသတ်ခဲ့ရပါတကား။


Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်