ကမြင်းကြတာမဟုတ် ရေးသူ–အကျိုးဆောင်–ဆရာဦးဘရှိန်။ ကြီးပွားရေးမဂ္ဂဇင်း (၁၉၃၅ မေ)
ကမြင်းကြတာမဟုတ်
ရေးသူ–အကျိုးဆောင်–ဆရာဦးဘရှိန်။
ကြီးပွားရေးမဂ္ဂဇင်း (၁၉၃၅ မေ)
စာမူဟောင်းတွေကို ပြန်ကူးယူတဲ့အခါ ခေတ်သစ်သတ်ပုံတွေ၊ AI ရဲ့ အလိုအလျောက် ပြင်ဆင်ပေးမှုတွေကြားထဲ မူရင်းလက်ရာမပျက်ဖို့ ထိန်းသိမ်းရတာ တကယ်ကို စိတ်ရှည်ရတဲ့ အလုပ်မျိုးပါဗျာ။ အထူးသဖြင့် ၁၉၃၅ ဝန်းကျင်က စာလုံးပေါင်းတွေဖြစ်တဲ့ "တကြိမ်"၊ "တရုပ်"၊ "ဘတ်" (ဖတ်)၊ "ရှောက်" (လျှောက်) ဆိုတာမျိုးတွေက အဲဒီခေတ်ရဲ့ စာပေသမိုင်းပြတိုက်တခုလိုပါပဲ။ ဒါကို မပျက်မကွက် မူရင်းအတိုင်း ထိန်းသိမ်းပြီး ပြန်ဝေမျှပေးလိုက်ပါတယ်
ဒီဆောင်းပါးရဲ့ အနှစ်သာရ ကျနော်သတိပြုမိတဲ့ အချက်နှစ်ချက်ကိုပြောပါရစေ။
မနက်ခင်း မြင်ကွင်းရဲ့ ကွာခြားချက်ပုံရိပ်: အမရပူရမြို့အဝင် မြန်မာအိမ်တွေက ဆွမ်းအိုးတည်၊ ဘုရားဝတ်ပြုနေချိန်မှာ ကုလားလူမျိုး ရွှေ့ပြောင်းလုပ်သားတွေက နံပြားဖုတ်၊ ရေထမ်းပြီး ရုန်းကန်နေကြတဲ့ မြင်ကွင်းကို ရေးပြသွားတာဟာ ခေတ်ပြိုင်လူမှုစီးပွားရေး အခြေအနေကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ စာရေးသူကိုယ်တိုင်လည်း ဆောင်းပါးအဆုံးမှာ "အချောင်စား အချောင်နေတဲ့ စည်းစိမ်ရှင်တွေ ပေါနေသရွေ့..." ဆိုပြီး မြန်မာတွေ နိုးကြားတက်ကြွဖို့ တွန်းအားပေးချင်တဲ့ စေတနာကို ချိတ်ဆက်ပြသွားတာ တွေ့ရပါတယ်။
ခေါင်းဆောင်မှုနှင့် သုံးသပ်ချက်: ခရီးစဉ်တခုမှာ အားလုံးကို ဇွတ်မခေါ်ဘဲ လိုက်နိုင်သလောက်ပဲ လိုက်ဖို့ ချွင်းချက်ပေးတာ၊ မလိုက်နိုင်တော့သူတွေကို မီးရထား၊ မော်တော်ကားနဲ့ ဘေးကင်းအောင် ပြန်လွှတ်တာတွေက ခေါင်းဆောင်ကောင်းတယောက်ရဲ့ ကိုယ်ချင်းစာတရားနဲ့ ဆုံးဖြတ်ချက်ကို ပြနေပါတယ်။ ပိုသဘောကျဖို့ကောင်းတာက "မိုင် ၃၀ ပဲ လျှောက်နိုင်လို့ အရှုံးပေးခဲ့ရတယ်" ဆိုပြီး စိတ်ဓာတ်မကျဘဲ၊ ဒါဟာ နောက်တစ်ကြိမ် မိုင် ၂၀ ကို ချောချောမောမော လျှောက်နိုင်ဖို့ အတွေ့အကြုံကောင်း (Data) ရလိုက်တာပဲလို့ အကောင်းမြင် သုံးသပ်သွားတဲ့ အချက်ပါပဲ။
ဆရာသိပ္ပံမောင်ဝရဲ့ အရေးအသားလို ခမ်းနားကြီးကျယ်တဲ့ ကမ္ဘာလှည့်မှတ်တမ်းမျိုး မဟုတ်ရင်တောင်မှ၊ ကိုယ့်ဒေသတွင်းမှာ ကိုယ့်ခြေထောက်ပေါ်ရပ်တည်ပြီး ဇွဲ၊ ဝိရိယ၊ ညီညွတ်ရေးကို လက်တွေ့စမ်းသပ်ခဲ့တဲ့ ဒီလိုဆောင်းပါးတိုလေးတွေက ဖတ်ရသူကို ခွန်အားတခုခုတော့ အသေအချာ ပေးစွမ်းနိုင်ပါတယ်။
စာဖတ်သူတွေ အတွက် ခောတ်ဟောင်းစာပေတန်ဖိုးကို လေးစားတန်ဖိုးထားပြီး စိတ်ဝင်စားစရာ သုံးသပ်ချက်တွေနဲ့ ပြန်မျှ ဝေပေးလိုက်ပါတယ်။
Admin
LH
ကမြင်းကြတာမဟုတ်။
(ရေးသူ– အကျိုးဆောင်– ဆရာဦးဘရှိန်။)
ကျွန်တော်တို့ လမ်းလျှောက်ခြင်းကို-အရူးထသည်ဟူ၍၎င်း၊ လွန်လွန်းသည်ဟူ၍၎င်း၊ ကမြင်းသည်ဟူ၍၎င်း အမျိုးမျိုးပြောဆိုကြ၏။ အချို့ကရယ်၏၊ အချို့ကချီးမွမ်း၏၊ ပုလိပ်ကအချောင်မေးလာ၏၊ သို့ရာတွင်သည်ဟာတွေကိုလည်း ကျွန်တော်တို့ဂရုမပြုမိ၊ ကျွန်တော်တို့သည်အခြားမြို့ရွာများကို အားကျ၍၊ ဂုဏ်တုဂုဏ်ပြိုင်လမ်းလျှောံခြင်းလည်းမဟုတ်၊ အမှန်ကား၊ ကျွန်တော်တို့ဗဟို၌ကြီးပွားရေးအသင်း အမှုဆောင်လူကြီးအချင်းချင်းစိုင်းပြင်း၍ တကြိမ်စမ်းသပ်ကြည့်လျှင် ကောင်းမည်ဟုကြံစည်ကြခြင်းဖြစ်၏၊ ကျွန်တော်တို့သွားမည့်ခရီးကား စစ်ကိုင်းက ရန်ကင်းတောင်အထိဖြစ်၍ခရီးမိုင် စန့်လျှင် ၄၁ မိုင်ခန့်ရှိချေမည်။ ထိုခရီးမှာကမ္ဘာခြေလျှင်လှည့်သူနှင့်ခရီးရှည်သွားနေကျ (ဥပမာ– ယိုးဒယားပြည်သို့မံဘုရားရောင်း သွားသူများ။ ကချင်– ကရင်စသော တောင်ကုန်းနေလူများ)မှအပ၊ သာမန်လူတိုင်း– တွေးရွံ့ကြသောခရီးဖြစ်၏၊ ကျွန်တော်သည်လိုက်ပါလိုသူများ လိုက်ပါနိုင်ရန်၊ ခရီးစဉ်နှင့်အကြောင်းအရာကို၊ ဘိတ်စာဖြင့်ကမ်းလှမ်းထားနှင့်၏၊ မိတ်ဆွေအချို့နှင့်တွေ့လျှင်လည်း၊
“ခင်ဗျားလမ်းလျှောက်လိုက်အုံးမလား”၊
“ဘယ်ကိုလဲ–လိုက်တာပေါ့”၊
“ရန်ကင်းတောင်ကို”၊
“ဘယ်လောက်ဝေးသလဲ”၊
“အသွားအပြန် ၄၁ မိုင်”၊
“ဟင့်အင်း-ဖါးလိမ့်မယ်”၊
လူတရာအနက် ၉၉ ယောက်သာသာတို့ကဤအဖြေပေးကြ၏။ အချို့ကလည်း၊ ကျုပ်တို့လိုက်ပါ့မယ်၊ ဒီခရီးထက် လျှော့ပါဦး–ဟုဈေးဆစ်ကြ၏။ အချို့ကလည်း ဒီခရီးလောက်တော့အပြော့ပေါ့၊ ဒါပေမဲ့–ဘယ်သူပါလို့မလိုက်တော့ဘူးဟုဆင်ခြေကန်ကြ၏။
ကျွန်တော်တို့ ရည်ရွယ်ချက်ကား၊ (၁) ကျန်းမာရေး၊ (၂) ညီညွတ်ရေး၊ (၃) ဇွဲဝိရိယစမ်းသပ်ရေး၊ ဤသုံးချက်အဓိကထား၏။ ကျန်းမာရေးမှာအထူးဖော်ပြဖွယ်မလို၊ ညီညွတ်ရေးမှာ၊ အပေါင်းအသင်းအသိုက်အအုံနှင့်ပဲ လုပ်လုပ်၊ ညီညွတ်မှုဖြစ်နေ၏၊ ဇွဲဝီရိယမှာ၊ ထိုခရီးရှည်ကို အကြိတ်အနယ် ရှိမရှိမြင်သိနိုင်၏။ ရှေ့လာမည့်အချိန်များတွင်၊ ဇွဲကောင်းသူလူငယ်တို့အား၊ တောလက်ကျေးရွာပြုပြင်ရေးအတွက်၊ နယ်လှည့်ရာတွင် အသုံးချရန် ရည်ရွယ်၏၊ မိမိတို့လိုက်နိုင်သလောက်ခရီးကို လိုက်ပါကြရန်လည်းချွင်းချက်ပေးထား၏။ ။
ကျွန်တော်တို့လည်း ၉၆ တပေါင်းလဆန်း ၈ ရက် (၁၀–၂-၃၅) နေ့နံနက် ၄ နာရီခွဲတိတိတွင်၊ အမျိုးသားကျောင်းမှ စတင်ထွက်ခွာရန် ချိန်းဆိုထားကြရာ၊ ထိုနေ့နံနက် ၃ နာရီခွဲ၌ ကျွန်တော်တို့အရပ်တွင် ဆူညံနေ၏၊ ကျွန်တော်တို့ ခန့်မှန်းခြေအရ၊ လူ ၄၀ ကျော်ပါဝင်မည်ဟုထင်သော်လည်း၊ နံနက်စောစောမထနိုင်သော စည်းစိမ်ရှင်နှင့်၊ အချိန်နောက်ကျသူတို့အား မငဲ့ကွက်နိုင်သဖြင့်၊ ကျွန်တော်တို့အရပ်ထဲမှ ၁၂ ယောက်၊ မြို့လည်မှ ၈ ယောက် ပေါင်း လူ ၂၀ သာပါဝင်တော့ပေ၏။
ကျွန်တော်တို့တသိုက်သည်၊ ၅ နာရီမတ်တင်းတွင်၊ စစ်ကိုင်းတံတား အနောက်ဘက်အကောက်ရုံးတွင်၊ လက်မှတ်ယူကြလေပြီ၊ တံတားပေါ်၌၊ အချို့ကပြေးကြသေး၏၊ မှောင်မှောင်မဲမဲတွင် လေညှင်းတိုက်ခတ်လျက်၊ ရေစပ်က တဖျပ်ဖျပ်မြည်လျက်ရှိ၏၊ အအေးဓာတ်သည်လည်း၊ စုဝေး၍ ကောင်းတုန်းပင် ဖြစ်သဖြင့်၊ လက်ဖျားမေးဖျားအေးစက်နေပေ၏၊ ကျွန်တော့်မှာကား၊ ရွက်ထည်ဖိနပ်နှင့် ခြေနာမည်စိုး၍ ဘုံဘိုင်ရေဖိနပ်အဟောင်းစီးခဲ့ရာ၊ ထိုဖိနပ်မှာ၊ တံတား၏အရှေ့ဘက်တွင် ပြတ်လေ၏၊ ဖိနပ်ကိုလည်း မပစ်ခဲ့နိုင်၊ ခြေချည်းသက်သက်ဖြင့်၊ ဖဝါးများနာကျင်လျက်၊ ဇွတ်လျှောက်ခဲ့ရာ၊ ဝေလီဝေလင်းအချိန်တွင်၊ အမရပူရမြို့သို့ ရောက်ရှိပေ၏၊ နံပြားကုလားများ နံပြားဖုတ်၍ ရေထမ်းကုလားများ ရေတွင်းတွင် တကျွီကျွီ မြည်၍ နေတော့၏၊ ဗုဒ္ဓဘာသာမြန်မာအိမ်များမှ အဘိုးကြီးအချို့-အစိန္တေယျ-အပမေယျနှင့် ဘုရားဝတ်ပြုနေကြ၏၊ အချို့အိမ်က ဆွမ်းအိုးတည်နေကြဟန် ထင်ရ၏၊ လူငယ်များကား လမ်းလျှောက်ကောင်းတုန်းပင် ဖြစ်၍ ပြေးသူက ပြေးကြသေး၏၊ ၇ နာရီသာသာတွင်၊ မန္တလေးကျောက်စစ်တန်းသို့ ရောက်ကြ၏၊ ၈၄ လမ်း၊ ဓာတ်ရထားလမ်းအတိုင်း ကျွန်တော်တို့တသိုက် လျှောက်ခဲ့ကြရာ၊ သတင်းစာကြည့်သူများက ကျွန်တော်တို့အလုပ်ကို နားလည်ကြ၏၊ သတင်းစာမမြင်ဖူးသူတို့က လူတွေများလှပါလား၊ ဘယ်ကလာတာလဲ၊ ဘာလုပ်တာလဲဟုမေးကြ၏၊ ခရီးကား ၁၀ မိုင်မျှရှိသေးသော်လည်း၊ ကျွန်တော်၏ခြေဖဝါးများမှာ သွေးခြည်ဥ၍ နေတော့၏၊ လူငယ်တယောက်အား အိမ်ဆိုင်ထံ တဆိုင်က သံမှိုအတောင်းခိုင်းပြီးလျှင်၊ ခရီးဆက်မြဲဆက်ကြရာ၊ မြူမှုန်များဖြူဖွေးအောင် လိမ်းကျံလျက်ရှိသော ကျွန်တော်တို့အား၊ မြင်တွေ့သူတို့က ပြုံးကြ၏၊ မော်တော်ဘတ်စပယ်ယာအချို့က ဈေးချိုလိုက်မလားဟု လူကြိုကြသေး၏၊ ကျွန်တော်တို့မှာ နေရောင်တောက်ချိန်တွင်မန္တလေးမြို့လည်ခေါင်သို့ရောက်၍နေကြပေပြီတကား။
၈ နာရီမတ်တင်းတွင်၊ ဈေးချိုရုံတော်ကြီးသို့ရောက်ရှိ၍၊ တရုတ်ဆိုင်တဆိုင်တွင် ရောက်ရှိရာ၊ တရုတ်ဆိုင်ရှင်များမှာ၊ တရုတ်လူမျိုးအစစ်ဖြစ်လင့်ကစား၊ မြန်မာပြည်ခြေလျင်အဖွဲ့သဘောကိုနားလည်ဟန်တူ၍၊ ခရီးအနီးအဝေးကိုသာမေးကြ၏၊ ကျွန်တော်တို့လည်း၊ တရုတ်ဆိုင်မှ၊ ၁၅ မိနစ်မျှလဖက်ရည်အချိုသောက်ပြီးလျှင်၊ ခရီးဆက်ကြရာ၊ ၂၆ လမ်းမှအရှေ့သို့တည့်တည့်သွားကြ၏၊ ရွှေနန်းတော်မြို့ရိုး တောင်ဘက်မင်္ဂလာတံခါးမှဝင်ကြ၏၊ အချို့ခြေလေး၍လာကြပြီ၊ ထိုအခါ၌လူ ၁၉ ယောံ ပါတော့၏၊ ဆရာဦးလှအောင် (တံတားဦး) ကား အမရပူရက၊ ကားစီး၍ မန္တလေးမှ မီးရထားနှင့်လှည့်ပြန်သွားပေ၏၊ (မကြာမီ-ဆရာဦးလှအောင် ကြီးမှူးသော— အင်းဝတံတားဦး လူငယ်များက စစ်ကိုင်းစံချိန် ချိုးလိုက်ပြီဟု၊ သတင်းစာတွင်ဖတ်ရသောအခါ၊ ကျွန်တော်တို့ရယ်မောကြရ၏)
သို့ရာတွင်၊ အပေါင်းအသင်းနှင့်အားကျမခံစိတ် ကလေးများ ရှိသောကြောင့်၊ ရန်ကင်းတောင်သို့ ၁၀ နာရီခွဲတွင် ရောက်ရှိသွားကြ၏၊ ခရီးမှန်ကား၊ ၁၉ မိုင်၊ သို့ရာတွင်တမိုင်စာပြည့်အောင် တောင်ပေါ်သို့ တက်လိုက်ကြ၏၊ ငရံ့တွင်းတွင်ဘုရားဖူးရင်း ဓာတ်ပုံရိုက်ကြ၏၊ အငယ်ဆုံး ၂ ယောက်ကား၊ အပြန်တွင်လိုက်နိုင်ပုံမရသဖြင့်၊ မော်တော်ကားနှင့် လွှတ်လိုက်၏၊ ကျွန်တော်တို့မှာ၊ မပြန်လျှင်မဖြစ်သည့် အနေနှင့် ဇွတ်မှိတ်၍ ပြန်ကြရာ၊ နေကလည်းပူ၊ ဖိနပ်လည်းပေါက်သောကြောင့်၊ လူ ၅ ယောက်ကိုသာ မစောင့်နှင့်ဟု ပြောလိုက်ရ၏၊ ကျွန်တော်တို့ပင်လူ ၂ တွဲ တွဲလျက်၊ အထူးကြိုးစားထားရ၏။
ကျွန်တော့်အဖို့ရေးလိုသေး၏၊ ကျွန်တော့်မှာ၊ အသွားကတည်းက၊ ဖိနပ်မပါသဖြင့်၊ ခြေဖဝါးများသွေးခြည်ဥနေရာ၊ အပြန်တွင်မူ၊ ခြေများမြေကြီးတွင်မချနိုင်အောင်နာကျင်၍ လာလေ၏၊ ဆရာဦးလှတင်မှာလည်း၊ ဖျား၍နလံထစဖြစ်သဖြင့်၊ နန်းတော်ရှေ့ လဖက်ရည်ဆိုင်တဆိုင်တွင် နားနေသည်ကိုတွေ့ရ၏၊ သူတယောက်ထဲကွဲ၍နေသည်ကိုငဲ့ကွက်၍၊ ကျွန်တော်လည်းသူ့အားစောင့်စားနားနေရာ၊ အမှားကြီးမှားတော့၏၊ အချိန်နာရီဝက်ခန့်နား၍ ခရီးထွက်သောအခါ၊ အကြောအချင်များ တင်းလျက်၊ ခြေကိုမသယ်ချင်အောင် ဖြစ်လာ၏ သို့ရာတွင် အတင်းပေလျက်ပင်လျှောက်ခဲ့ကြ၏၊ တခါတရံလိပ်နှင့်အပြေးပြိုင်လျှင် ကျွန်တော်တို့နိုင်မှနိုင်ပမလားဟု သံသယဖြစ်မိ၏၊ ဘယ်ဘဝက ဝဋ်ကြွင်းပါကြလေသလဲဟု ရယ်စရာပြောမိ၏။
ကျွန်တော်တို့ နောက်ကခရီးအတော်ကွာတွင် ၃ ယောက် ကျန်ရစ်သေး၏၊ ကျွန်တော်နှင့်ဆရာဦးလှတင်မှာ၊ တယောက်ကိုတယောက် အားပြုလျက် လာခဲ့ကြသည်မှာ၊ ရယ်စရာကောင်း၏၊ ဘိန်းစားခြေလှမ်းနှင့်တူ၍ တခါတရံအရက်မူးသူ၏ ခြေလှမ်းနှင့် တူနေတော့ပေ၏၊ သို့နှင့်ပင်နန်းတော်ထဲသို့ဝင်ရောက်လာကြရာ၊ ဆရာဦးလှတင်က၊ မထူးပါဘူးဗျာ၊ နန်းတော်ထဲ ဝင်ကြည့်ကြဦးစို့ဆိုသဖြင့်၊ နန်းမအဆောင်ဆောင်သို့ ဝင်ကြည့်လိုက်ကြသေး၏၊ တံခါးပေါက်တွင် တထွာခန့် အမြင်ကိုပင် ဘေးကကိုင်စရာမရှိလျှင်၊ မကျော်နိုင်လောက်အောင်ဖြစ်သွား၏။
သို့ရာတွင်၊ မန္တလေးဈေးချိုအရောက်ပြန်မည်ဟု၊ အားခဲထားသဖြင့်၊ တနာရီတမိုင်နှုန်းလောက်နှင့် တရွေ့ရွေ့လာကြရာ၊ အဘော်အချို့ရောက်နှင့်သော်လည်း၊ ဆက်လက်ခရီးမလျှောက်နိုင်သော အခြေအနေမျိုးကို တွေ့ရပေ၏၊ ကျွန်တော်၏ ခြေထောက်များမှာ အထက်အောက်ဖူးဖူးယောင်လျက် ရှိလေရာ၊ ဆက်လက်ရှောက်က ရှောက်နိုင်မည် ဖြစ်သော်လည်း၊ အလွန့်အလွန် ပင်ပန်းလျက် သန်းခေါင်ကျော်မှ၊ စစ်ကိုင်းသို့ ရောက်မည် ဖြစ်သဖြင့်၊ လက်လျှော့လိုက်ရ၏၊ အချို့လူငယ်များကိုလည်း၊ မီးရထားနှင့်ပြန်ခွင့်ပြုလိုက်ရ၏၊ ကျွန်တော်တို့လည်း မီးရထားနှင့်ပင် ပြန်ခဲ့ကြရရာ၊ ကိုရွှေဆင့်၊ ကိုစိန်မောင်၊ ကိုသောင်းငွေ၊ ကိုကြည်လင်၊ ကိုဘသိန်းတို့သည် ၄၁ မိုင်အစအဆုံး အောင်မြင်သွားကြပေ၏၊ ကျွန်တော်နှင့် ၁၄ ယောက်ကား၊ မိုင် ၃၀ သာ အောင်မြင်ကြပေ၏၊ ကျွန်တော်တို့အား ပြော့သည်ဟု မဆိုမီ၊ မိုင် ၃၀ ကိုလျှောက်ကြည့်ပြီးမှ ဆုံးဖြတ်ပါဟုတောင်းပန်လို၏။
ကျွန်တော်တို့ကား၊ အကျိုးမယုတ်ချေ၊ နောင်မိုင် ၂၀ ကို ချောချောနှင့် လျှောက်နိုင်ကြမည့်အကြောင်း ထက်တွေ့သိရပြီ၊ အလုပ်တကယ်လုပ်သောအခါ၊ ဇွဲဝိရိယမည်မျှ လိုကြောင်းသိရပြီ၊ မြန်မာပြည်၌၊ အချောင်စား အချောင်နေသော၊ စည်းစိမ်ရှင်တွေပေါတုန်းပင်၊ ထိုလူမျိုးတွေပေါသ၍၊ ကျွန်သပေါက်က မတက်နိုင်ကြောင်း သိရပြီ၊ စသည်ဖြင့် ကိုယ့်အဖြစ်နှင့် ကိုယ်ကြေနပ်၏၊ သို့ရာတွင် မအားလပ်သဖြင့် အကြောင်းအရာ ဆောင်းပါးကိုယခုမှရေးသားရပါသတည်း။
ဘရှိန်၊ အကျိုးဆောင်စာချီ၊
ဗဟိုဉာဏ်ကြီးပွားရေးအသင်းကြီး၊ စစ်ကိုင်း။
Comments
Post a Comment