ရောဂါကိုကုသရန် ဘယ်ကဲ့သို့ တတ်နိုင်သနည်း (အာဟာရနှင့် ကျန်းမာရေး) ရောဂါကိုကုသရန် ဘယ်ကဲ့သို့ တတ်နိုင်သနည်း
ရောဂါကိုကုသရန် ဘယ်ကဲ့သို့ တတ်နိုင်သနည်း
(အာဟာရနှင့် ကျန်းမာရေး)
လူတို့သည် ရောဂါပျောက်ကင်းမှုအတွက် အထူးထူးအထွေထွေသောနည်းတို့ဖြင့် စုံစမ်းရှာဖွေ၍ အမျိုးမျိုးကုသရန် ကြိုးစားခဲ့ကြ၏။ လက်ဖွဲ့၊ ရေမန်း၊ စေတီလုပ်ခြင်းတို့မှစ၍ သောက်ဆေး၊ လိမ်းဆေး၊ ရှူဆေး စသည်တို့အပြင် ဆေးရုံများ၊ ဆရာဝန်သူနာပြုဆရာမများ၊ လျှပ်စစ်ဓာတ်ဖြင့် ကုနည်းများ၊ အနှိပ်သည်များ၊ ဗိန္ဓောဆရာများ၊ ဓာတ်ဆရာများ၊ ပယောဂဆရာများ စသည်တို့၏ အကူအညီအားဖြင့် ရောဂါပျောက်ကင်းချမ်းသာမှုအတွက် ဆောင်ရွက်ခဲ့ကြ၏။
စင်စစ်သော်ကား ရောဂါကပ်ငြိအောင် ပြုလုပ်သောသူမှာ ထိုရောဂါသည်ပင်ဖြစ်၍ မိမိ၏ရောဂါကို မိမိကုသမသာလျှင် ပျောက်ကင်းချမ်းသာနိုင်ဖို့ရှိ၏။ ဆိုလိုရင်းကား အကြင်သူတယောက်သည် မှားယွင်းသောနည်းတို့ဖြင့် စားသောက်နေထိုင်လာခဲ့သည်ဖြစ်သောကြောင့် ရောဂါစွဲကပ်ရခြင်းဖြစ်လေရာ ထိုမှားယွင်းသော နည်းတို့ကို ပြုပြင်ပေးခြင်းသည်သာလျှင် ထိုရောဂါပျောက်ကင်းစေသော နည်းလမ်းဖြစ်၏။ ရုပ်တရားကို ဖြစ်စေ၊ နာမ်တရားကိုဖြစ်စေ၊ ကောင်းမွန်စွာပြင်ဆင်ပေးရမည့် သူမှာ အခြားသူမဟုတ်၊ ကာယကံရှင် ကိုယ်တိုင်သာ ဖြစ်ချေ၏။ လောကုတ္တရာဘက်တွင်လည်း မဂ်ဖိုလ်နိဗ္ဗာန်ကိုရအောင် အားထုတ်စေရမည့်သူမှာ ထိုသူ၏ စိတ်ပင်ဖြစ်၍ ထိုသူ၏ စိတ်ကို ထိုသူကိုယ်တိုင် ပြုပြင်ပေးမှသာလျှင် ဖြစ်နိုင်ပေသည်။ မြတ်စွာဘုရား သည်လည်းကောင်း၊ ဥပဇ္ဈာယ်ဆရာသည်လည်းကောင်း၊ နည်းလမ်း ညွှန်ပြရုံမျှသာ တတ်နိုင်၍ အကယ်၍ ပြုပြင်ရမည့်သူကား၊ ကာယကံရှင် ပင်ဖြစ်ချေ၏။
လောကုတ္တရာရေးတွင် မိမိစိတ်ကို မိမိစိတ်က ပြုပြင်ရသကဲ့သို့၊ လောကီရေးတွင်လည်း မိမိရုပ်ကို မိမိရုပ်ကပင် ပြုပြင်ပေးရလေသည်။ ဆရာကောင်းတို့မည်သည် ပြုပြင်မှုတွင် နည်းလမ်းညွှန်ပြရုံသာတတ် နိုင်၏။ ဤသည်ကား သဘာဝဓမ္မသဘောပေတည်း။ အချို့ဘာသာ တို့က မိမိ၏ လွတ်ကင်းချမ်းသာမှုအတွက် အပြင်၌ရှိသော အရှင်သခင် ကို အားကိုးပြု၏။ အရှင်သခင် တဦးတယောက်က ကယ်တင်ပေး နိုင်သည်ဟု ယုံကြည်ကြ၏။ ဗုဒ္ဓဘာသာမူကား၊ ကိုယ့်စိတ်ကို ကိုယ့် စိတ်ကပင် ကယ်တင်ရမည်ဟု ယုံကြည်သော ဝါဒဖြစ်သောကြောင့် သဘာဝဓမ္မနှင့် အလွန်ကိုက်ညီလျက်ရှိလေသည်။
မှားယွင်းသော အနေအထိုင် အစားအသောက်တို့ကြောင့် နေရာ မကျ ဖြစ်နေသောရုပ်ကို ဤဆေး၊ ထိုဆေး၊ ဤရေမန်း၊ ထိုအင်းအိုင် စသည်တို့ဖြင့် ပြုပြင်ပေးရန် ကြိုးစားခြင်း၊ ရာဂကြောသေလျက်ရှိသူ ကို မျောက်၏ ရာဂကြော တပ်ပေးခြင်းအားဖြင့် နုပျိုအောင်ပြုလုပ်ပေး ဖို့ ကြိုးစားခြင်းစသည်တို့မှာ အတွင်း၌ ရှိသော ရောဂါအမြစ်ကို အပြင် မှ ပြုပြင်ပေးဖို့ ကြိုးစားရာ ရောက်သောကြောင့် အလွန်အတွေးချော် သော နည်းလမ်းများဖြစ်ချေ၏။ အနောက်တိုင်းပြည်များ၌ နုပျိုခြင်း ဖြစ်စေမှုအတွက် ငွေလေးငါးထောင်ပေး၍ မျောက်၏ ရာဂကြောကို တပ်ပေးသော နည်းတမျိုးပေါ်ပေါက်ခဲ့ဖူး၏။ ထိုအကြောအဆစ်တွင် ပါလာသော ‘ဟော်မုန်း’ခေါ် လိင်ဓာတ်နုတို့အတွက်ကြောင့် ခေတ္တမျှစိတ်တက်ကြွခြင်း ရှိတတ်သော်လည်း ထိုအကြောသစ်သည် ဌာနအသစ်သို့ ပြောင်းရွှေ့လာရသည့်အတွက်ကြောင့်၊ အလုပ်ကောင်းစွာ မလုပ်နိုင်ဘဲ မိမိ၌ ပါလာခဲ့သော ‘ဟော်မုန်း’ ဓာတ်နုတို့ ကုန်ခန်းသည်နှင့်တပြိုင်နက် အသစ်ဖြည့်စွမ်းရန် မတတ်နိုင်ရကား၊ ထိုသူမှာ ရှေးက အခြေအနေအတိုင်း ပြန်ရောက်ရလေတော့၏။
အထူးသိထိုက်သော အချက်တခုမှာ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် အသက် ၂၀ ကျော်ပြီးနောက် တိုးတက်ကြီးပွားခြင်းမရှိတော့ပြီဟု နားလည်နေကြသော်လည်း စင်စစ်မှာ အရပ်တိုးမြင့်ခြင်းတည်းဟူသော အလုပ်သာလျှင်ရပ်စဲ၍ အဟောင်းအဆွေးများနှင့် ချို့ယွင်းချက်များကို ပြင်ဆင်ပေးနိုင်ခြင်းတည်းဟူသော သတ္တိမူကား၊ အသက်ရှင်နေသမျှကာလပတ်လုံး မရပ်မစဲချေ။ မုတ်ဆိတ်မွေးကို နုတ်ပစ်လိုက်လျှင် အသစ်ပေါက်၍ လာ၏။ လက်သည်းတခု ပြုတ်ကြွေသွားလျှင် လက်သည်းသစ်တခု ပေါက်လာသေး၏။ ထိုနည်းအတူအစားအသောက် အနေအထိုင် မှားယွင်းသည့်အတွက်ကြောင့် ဖြစ်ပေါ်ရသော အနာရောဂါအမျိုးမျိုးတို့ကိုလည်း ကိုယ်ခန္ဓာကသာလျှင် သဘာဝဓမ္မအလျောက် ပြင်ဆင်ပေးနိုင်သော သတ္တိရှိလေသည်။
ကျွန်ုပ်တို့၏ ခန္ဓာအိမ်အတွင်း၌ ရှိသည့် အသည်းနှလုံး၊ ကျောက်ကပ်၊ အူ၊ အစာအိမ် အစရှိသည့် အင်္ဂါ အစိတ်အပိုင်းအသီးသီးတို့သည် အစာကြေကျက်မှု၊ သွေးသားဖြစ်စေမှု၊ သွေးသားလျှောက်မှု စသောအလုပ်အသီးသီးတို့အပြင် ကိုယ်တွင်း၌ရှိသည့် အညစ်အကြေးတို့ကိုလည်း သူ့နည်းနှင့်သူ အစဉ်မပြတ်ထုတ်ပစ်လျက်ရှိ၏။ အချို့သော အညစ်အကြေးမျိုးကို အူကသာလျှင် ထုတ်ပစ်နိုင်၏။ အချို့သော အညစ်အကြေးမျိုးကို ကျောက်ကပ်ကသာလျှင် ထုတ်ပစ်နိုင်၏။ အချို့သော အစာအာဟာရသည် ကျောက်ကပ်ကို အလုပ်ကောင်းကောင်းမလုပ်နိုင်အောင် အနှောင့်အယှက် ပြုတတ်ရကား၊ ထိုကျောက်ကပ်သည် ဝတ်ကျေအောင်အလုပ်မလုပ်နိုင်ဘဲရှိသဖြင့် ခိုကပ်ခြင်းရှိ၏။ ထိုအခါ ကျောက်ကပ်ဖြင့်သာလျှင် ထုတ်ပစ်နိုင်သော အညစ်အကြေးတို့သည် ကိုယ်ခန္ဓာအတွင်း စုပုံလျက်ရှိသည်ဖြစ်၍ ရောဂါတမျိုးမျိုး ဖြစ်ပေါ်လာရ၏။ ထိုသို့သော အစာမျိုးကို နောက်ထပ်မမှီဝဲခြင်းသည်သာလျှင် ထိုရောဂါအတွက် အကောင်းဆုံးသော ကုသနည်းဖြစ်လေသည်။ အကြင် အဟာရမှ ရှောင်ကြဉ်သည့်အခါ ကိုယ်ခန္ဓာသည် အထက်တွင် ဖော်ပြခဲ့သည့် ချွတ်ယွင်းချက်ဟူသမျှကို သဘာဝအလျောက် ပြင်ဆင်တတ်သော သတ္တိထူးရှိသည့်အတွက်ကြောင့် ထိုသူသည် တဖန်ကျန်းမာသောအဖြစ်သို့တိုင် ရောက်လာရလေသည်။
ဤအချက်ကို လေးလေးနက်နက် စဉ်းစားဆင်ခြင်သည့်အခါ၊ ကျွန်ုပ်တို့သည် တခုသောရောဂါကို ပျောက်ကင်းအောင် မည်သို့မျှ တတ်နိုင်သည် မဟုတ်ဘဲ ကိုယ်ခန္ဓာ၏ အလိုသို့ လိုက်လျော၍ ၎င်း၏အလုပ်ကိုကူညီဖြည့်စွက်ပေးရုံမျှသာလျှင် တတ်နိုင်ကြလေသည်။ ထို့ကဲ့သို့ နေရာတကျ ကူညီပေးသည့်အခါ အရုဏ်တက်ပြီးနောက် နေထွက်ရခြင်းကဲ့သို့၊ အညစ်အကြေးထပ်မံမဖြည့်စွက်သောအခါ၌ ရောဂါသက်သာရမည် မုချဖြစ်လေသည်။ သို့ဖြစ်ရကား စွဲကပ်နေသော ရောဂါတခုကို ပျောက်ကင်းအောင် ဆေးလည်းမတတ်နိုင်, ရေမန်းလည်း မတတ်နိုင်, ဆရာဝန်လည်းမတတ်နိုင်, ရောဂါဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်း အစစ်ကိုရှာ၍ ကိုယ်ခန္ဓာကို သဘာဝဓမ္မအလျောက် အလုပ်လုပ်ခိုင်းသော နည်းလမ်းသာလျှင် ရှိလေသည်။
ကိုယ်ခန္ဓာအတွင်း၌ တည်ပြီးရှိနေသော အညစ်အကြေးများကို ထုတ်ပစ်ရန် အကောင်းဆုံးနည်းလမ်းမှာ၊ တရက်၊ နှစ်ရက်၊ သုံးရက် တိုင်တိုင်၊ အစာဟောင်းအိမ်ထဲ၌ရှိသော အညစ်အကြေးများကို ဝမ်းချူသောနည်းအားဖြင့် ထုတ်ပစ်၍ ထိုသုံးရက်အတွင်း လိမ္မော်ရည်၊ စပျစ်ရည် အစရှိသည့် သစ်သီးရည်တို့မှတပါး၊ မည်သည့်ာဟာရမျိုးမျှ မပေးဘဲ ထားခြင်းပင် ဖြစ်လေသည်။ သို့သော် တချို့သော သူတို့မှာ အလွန်တရာ ခွန်အားနည်းလှ၍ နုနယ်သော ခန္ဓာကိုယ်ရှိသည် ဖြစ်သောကြောင့် သုံးရက်ဆက်လက် ဝမ်းချူခြင်းကို မခံနိုင်ဘဲ ရှိတတ်ရကား လူနာ၏ လက္ခဏာကို နားလည်ဖို့အရေးကြီးလှပေသည်။ နာတာရှည်တို့မှတပါး၊ အာဂန္တုများတို့မှာ တတ်နိုင်ကြသူများဖြစ်ပေ၏။ အချို့မှာမူ တရက်ခြား တကြိမ်လောက် ဝမ်းချူပေး၍ အထက်ပါနည်းအတိုင်း ကျွေးမွေးပါမူ၊ တော်လောက်သင့်ပေပြီ။
ကိုယ်ခန္ဓာအတွင်း၌ အပုပ်အစပ် ကင်းရှင်း၍ အတော်အတန် ခံတွင်းလိုက်လာသည့်အခါ မည်သည့်သားငါးအာဟာရမျိုးကိုမျှ မကျွေးမွေးသေးဘဲ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တို့ကို ထမင်းမပါစေဘဲ ကျွေးမွေးကြရာ ချေသည်။ တိုက်ကျွေးနေကျဖြစ်သော ရမန်းခေါ် ဆန်ပြုတ်ပင်လျှင် ပထမရက်များအဖို့၌ အဆိပ် ဖြစ်တတ်လေသည်။ ကြက် စွပ်ပြုတ် စသည်တို့ကိုလည်း တိုက်ကျွေးရန် အလျဉ်းမလိုထိုက်ချေ။ နာလန်ထူခါစလူနာများအဖို့၌ တချက်မှားခဲ့လျှင် ရောဂါပြန်ဖို့ ခဲယဉ်းတတ်သောကြောင့်၊ အထူးသတိပြု၍ ကျွေးမွေးရာချေသည်။ ရောဂါအကင်းမသေသေးမီ အစားအသောက်နှင့် ပတ်သက်၍ လူနာနှင့်အနီးရှိ လူတို့က အာဟာရကလေးဝင်မှ အားရှိသည်ဟူသော အလွန်မှားယွင်းလာခဲ့သည့် အမှတ်ကြီးတခုကို ဖြတ်ပစ်ကြရပေမည်။ လူနာအဖို့သော်လည်းကောင်း၊ လူကောင်းများအဖို့သော်လည်းကောင်း၊ အာဟာရမစား၍ မှားသည်မရှိ၊ အာဟာရများလွန်းသည့် အတွက်ကြောင့် မကျန်းမာရာမှ သေသည်အထိ ဖြစ်စေနိုင်သည်ကို သတိမူကြပါလေ။
ကိုယ်ခန္ဓာအတွင်း၌ အယ်လ်ကာလီဓာတ်သည် ကျွန်ုပ်တို့၏ မိတ်ဆွေဖြစ်၏။ သားငါးကို ကြေညက်ပြီးသည့်နောက် ကြွင်းကျန်ရစ်သော အက်စစ်ဓာတ် အညစ်အကြေးသည် ကျွန်ုပ်တို့၏ ရန်သူဖြစ်၏။ ၎င်းတို့နှစ်ခုသည် ဆန့်ကျင်ဘက်သဘော ရှိရကား အက်စစ်ဓာတ်များလျှင် အယ်လ်ကာလီဓာတ်နည်းရ၏။ အက်စစ်ဓာတ်နည်းလျှင် အယ်လ်ကာလီဓာတ်များရ၏။ သွေးသားထဲ၌ အက်စစ်ဓာတ်နည်းခြင်းသည်၊ အယ်လ်ကာလီဓာတ်များသည်ဟု ခေါ်၏။ အယ်လ်ကာလီဓာတ်များနေခဲ့လျှင် သွေးသားထဲတွင် အက်စစ်ဓာတ်တည်နေခြင်းငှာ မတတ်နိုင်ချေ။ ထိုသူကို ဒေါင်ဒေါင်မြည်အောင် ကျန်းမာသည်ဟု ခေါ်၏။ သို့သော် စင်စစ်မှာ ဒေါင်ဒေါင်မြည်အောင် ကျန်းမာသူတို့ကား ရာခိုင်နှုန်း အလွန်နည်းပါး၏။
လူနာတို့ အဖို့မှာ တည်ရှိပြီးသော အညစ်အကြေး (အက်စစ်ဓာတ်) ကို ထုတ်ပစ်ပြီးနောက်၊ နောက်ထပ်မဖြစ်ပေါ်ရအောင် အာဟာရဖြင့် ပြုပြင်ပေးသည့်အခါ ကိုယ်ခန္ဓာသည် သဘာဝဓမ္မအလျောက် အလုပ်လုပ်၍ကျန်းမာခြင်းသို့တိုင် ရောက်ခြင်းဖြစ်လေသည်။
ကျွန်ုပ်တို့သည် လက်သည်းကို တူနှင့်ထုမိသောအခါ ပုပ်၍ ကျွတ်ကြွေကျရ၏။ ကျွတ်ကြွေသောလက်သည်းနေရာ၌ အသစ်ထပ်၍ ထည့်ပေးခြင်းမှာ ကျွန်ုပ်တို့၏ အလုပ်မဟုတ်ချေ။ အနာပျောက်သောအခါ၌ လက်သည်းသစ်ပေါက်လာ၍ ပကတိလက်သည်းအတိုင်း ဖြစ်ပေါ်လာ၏။ ထိုအလုပ်သည်ကား သဘာဝဓမ္မ၏ အလုပ်ပေတည်း။ ကျွန်ုပ်တို့၏ အလုပ်မှာကား လက်သည်းပြုတ်ကြွေသွားသော လက်ချောင်းကို နောက်ထပ်တူနှင့်မထုမိစေရန် ဆင်ခြင်မှုသာလျှင်ဖြစ်၏။ လက်သည်းပေါက်လာသော အခါတွင်လည်း ယခင်ကကဲ့သို့ ပြုတ်ကြွေခြင်း မဖြစ်စေရန် တူကို သတိနှင့် ကိုင်ဖို့သာ အလုပ်ရှိလေသည်။ အနာရောဂါတို့မှာလည်း ဤနည်းအတိုင်းပင်။
သို့ဖြစ်ရကား ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သည် အရပ်တိုးမြင့်စေခြင်း အလုပ်ကိုရပ်စဲပြီးသော်လည်း ချွတ်ယွင်းချက်များကိုပြင်ဆင်ခြင်းအလုပ် မူကား၊ ရပ်စဲခြင်းမရှိချေ။ ထိုကဲ့သို့ပြင်ဆင်ပေးသော သတ္တိသည် ရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်းအောင် ပြုပြင်ပေးနိုင်သော အစွမ်းနှင့် တသဘောတည်း၊ အတူတူပင် ဖြစ်လေသည်။
ကျွန်ုပ်တို့ ယခုရှိနေသော ကိုယ်ခန္ဓာသည် မွေးဖွားစဉ်က ပါလာ ခဲ့သော ခန္ဓာကိုယ်မဟုတ်၊ ယမန်နှစ်က ခန္ဓာကိုယ်မျှလည်း မဟုတ်ချေ၊ (အဘိဓမ္မာနည်းအတိုင်း ဥပါဒ်၊ ဌီ၊ ဘင် သဘောကိုဆိုလိုခြင်းမဟုတ် သေး) လောကဓာတ်နည်း အတိုင်းမှာ အုတ်တိုက်မှ အုတ်တချပ်စီ အမြဲလဲလှယ် ထည့်သွင်းနေဘိသကဲ့သို့ ဓာတ်မြူအဟောင်းနေရာတွင် ဓာတ်မြူသစ် ထည့်သွင်းလဲလှယ်လျက်ရှိ၏။ (လောကဓာတ် မျက်စိမှာ အကြမ်းအားဖြင့်သာ မြင်စွမ်းနိုင်သည်ဖြစ်၍ အဘိဓမ္မာနည်းကဲ့သို့ အလွန်အမင်းသိမ်မွေ့ခြင်း မရှိစေကာမူ သူ့နေရာနှင့်သူ မှန်ကန်သည်ဟု ယူဆထိုက်ပေသည်။)
ဤနည်းအားဖြင့် ဓာတ်မြူဟောင်းနေရာ၌ ဓာတ်မြူသစ်လဲလှယ် ခြင်းအလုပ်ကို ခန္ဓာကိုယ်သည် မသေမချင်း မရပ်မနားဆောင်ရွက် လလျက်ရှိရာ၊ ကျွန်ုပ်တို့၏ ဝတ္တရားမှာ ခန္ဓာကိုယ်ကအလိုရှိသော ဓာတ် မြူမျိုးဖြစ်စေမည့်အာဟာရမျိုးကို ရွေးချယ်သုံးဆောင်ကြဖို့သာ အလုပ် ရှိပေ၏။
အုတ်တိုက်တလုံး တည်ဆောက်သည့်အခါ အုတ်ရှိရုံမျှနှင့် မပြီးသေး၊ ထိုအုတ်များကို တချပ်နှင့်တချပ် စပ်၍ကပ်၍တည်စေနိုင် မည့် အင်္ဂတေလည်း အလိုရှိပေလိမ့်မည်။ ထိုအင်္ဂတေနှင့် တူညီသော ဓာတ်မြူများသည် အချို့သော အသီးအနှံနှင့် ဟင်းသီးဟင်းရွက်တို့၌ သာလျှင် တည်ရှိကြလေသည်။ သားငါးစသော အာဟာရတို့၌ကားအုတ်ချပ်နှင့်တူသော ဓာတ်မြူမျိုးမျှသာ ပါရှိကြသည်ဖြစ်၍ ၎င်းတို့ချည်း တည်ဆောက်ခြင်းအားဖြင့် ခိုင်ခန့်သော အုတ်တိုက်တလုံးလုံးမဖြစ်နိုင်ချေ။ အင်္ဂတေနှင့်တူသော ဓာတ်မြူသည် အလွန်တရာသိမ်မွေ့လှသည်ဖြစ်သောကြောင့်၊ ဟင်းသီးဟင်းရွက်များ၌ တည်ရှိသည် ဆိုသော်လည်း၊ မီးဖြင့် ချက်ပြုတ်လိုက်သည့်အခါ အချို့မှာ ထွက်သွားတတ်သည်ဖြစ်၍ အစိမ်းလိုက် စစားသုံးမှ သာလျှင် အကျိုးပြည့်စုံခံစားနိုင်လေသည်။
အဆိုပါ ဓာတ်မြူများအနက် အချို့သည် ကိုယ်ခန္ဓာ ဖြည့်တင်းသည့်အထဲတွင် အင်္ဂတေသဘောဖြင့် ပါဝင်ကြ၍ အချို့မှာ ကိုယ်ခန္ဓာအထဲတွင် အစာချေချက်ခြင်း၊ ကြေကျက်ပြီးသော အစာကို သွေးသားဖြစ်အောင် ခွဲထုတ်ခြင်း စသော အလုပ်များတွင် အထောက်အပံ့ အကူအညီ သဘောဖြင့် အားပေးဆောင်ရွက်ကြပြီးနောက်၊ ကျင်ကြီး ကျင်ငယ် စသည်တို့နှင့် ရောနှောလျက် ထွက်သွားကြ၏။ ၎င်းတို့လျော့ပါးသွားသည့်အခါ၊ ကိုယ်ခန္ဓာသည် ရောဂါတွန်းလှန်ခြင်း အလုပ်တွင် ခွန်အားနည်းလာသည်ဖြစ်၍ အသစ်ထပ်မံ ဖြည့်စွက်ပေးရန် လိုလေသည်။
အဆိုပါ လိုအပ်သောဓာတ်မြူနုတို့ပါဝင်အောင် မှန်းဆဖော်စပ်ထားသည့် လက္ခဏာရှိ၏။ အနောက်ဘက်တိုင်းပြည်များမှ ဆေးတို့မူကား၊ ထိုဓာတ်မြူနုတို့ မပါဝင်ကြောင်း အတိအလင်း ဝန်ခံလျက်ရှိကြ၏။ သို့သော် အချို့သော ဓာတုဗေဒဆရာကြီးများသည် သစ်သီးသစ်ရွက်တို့တွင် ပါရှိသည့် ‘ကော်လွို’ခေါ် ဓာတ်မြူနုမျိုးကို မိမိတို့အစွမ်းအားဖြင့် ဖော်စပ်နိုင်ကြသည်ဆိုရာ၊ လက်တွေ့စမ်းသပ်သုံးစွဲသူများကမူ၊ အကြောင်းမထူးလှဟု ပြောဆိုကြ၏။ စင်စစ်သော်ကား သစ်သီးသစ်ရွက်တို့၌ ပါရှိသော ဓာတ်မြူနုမျိုးပင်လျှင် (က) (ခ) (ဂ) (ဃ) စသည်ဖြင့် အမျိုးမျိုး ရှိကြပေရကား၊ မည်သည့် ခန္ဓာကိုယ်၌ မည်သည့် အမျိုးအစားမျိုး လိုလျက်ရှိသည်ဟု တပ်အပ်သိရှိခြင်းငှာ ယခုတိုင် မစွမ်းနိုင်သေးဘဲ ရှိသောကြောင့်၊ လူတို့ဖော်စပ်သော ဓာတ်နုမျိုးထက် ပကတိသစ်သီးသစ်ရွက်တို့က သာလွန်ကောင်းမွန်လျက် ရှိသေး၏။
အဆုတ်နာ၊ ပန်းနာ အစရှိသည်တို့ကဲ့သို့ အခြေအမြစ် မကြီးဘဲ ရုတ်တရက် အပြင်းပန်းသော အဖျားရောဂါမျိုးတို့တွင် ကိုယ်ခန္ဓာသည် အတွင်း၌ရှိသော အညစ်အကြေးတို့ ထွက်စေမှုအတွက် တတ်နိုင်သမျှ အကျောက်အကန် အပြင်းအထန် စစ်တိုက်လျက်ရှိသည့်အခါ ဤဆေး၊ ထိုဆေးတို့ကို တိုက်ကျွေးခြင်းထက် စောင့်ကြည့်နေခြင်းက သာ၍ အကျိုးရှိ၏။ သဘာဝဓမ္မ၏ အလုပ်ကို အနှောင့်အယှက်မပေးဘဲ စောင့်ကြည့်နေခဲ့ပါလျှင် များမကြာမီ အတွင်းတွင် လူနာသည် အံ့သြဖွယ် သက်သာလာသော အခြေအနေသို့ ရောက်လာပေလိမ့်မည်။ ကျွန်ုပ်တို့၏ မျက်စိ၌ အပြင်းပန်းနေသော လူနာတယောက်သည် ရောဂါက အတင်းဆွဲ၍ နှစ်နေသကဲ့သို့ မှတ်ထင်တတ်ကြပေရာ စင်စစ်မှာမူကား ကိုယ်ခန္ဓာက ရောဂါအညစ်အကြေးကို အတင်းညှစ်ထုတ်လျက် ရှိခြင်းမျှသာ ဖြစ်ပေ၏။ ထို့ကြောင့် ထင်သလောက် ကြောက်လန့်စိုးရိမ်ဖွယ်ရာ မရှိချေ။ ကိုယ်ခန္ဓာသည် ကန်ကျောက်ညှစ်ထုတ်နိုင်သော အားမရှိခဲ့လျှင် အပြင်းပန်း၍မနေဘဲ ရုတ်တရက် သေဆုံးသွားဖွယ် ရှိပေရာ၊ ညှစ်ထုတ်နိုင်သော ခွန်အားရှိသောကြောင့်သာလျှင် အပြင်းအထန် ကြိုးစားနေခြင်းဖြစ်ချေ၏။ အပြင်းပန်းသည်ဆိုသော်လည်း မကြောက်ကြလေနှင့်၊ အနှောင့်အယှက် ပေးမည့်အမှားအယွင်းမျိုးကို သာရှောင်ကြဉ်ပါလေ။
ပန်းနာရောဂါသည် အခြေအမြစ် တည်လျက်ရှိသောရောဂါဖြစ်သည်ဟု အယူရှိကြ၍ သာမန်နည်းတို့ဖြင့် ကုသ၍ ပျောက်ခဲလှသည် မှန်သော်လည်း လည်ချောင်းတဝိုက်တွင် အညစ်အကြေးများ စုဆောင်းနေခြင်းသည်သာလျှင် အကြောင်းရင်းဖြစ်သောကြောင့်၊ ဝမ်းနှင့်တကွ တကိုယ်လုံးရှိ အညစ်အကြေးများကို သုတ်သင်ရှင်းလင်းလိုက်သည့်အခါ အံ့သြဖွယ်ရာသက်သာခြင်းကို တွေ့ရပေလိမ့်မည်။ ထို့နောက် သစ်သီးသစ်ရွက်တည်းဟူသော အာဟာရမျိုးဖြင့်သာ ကျွေးမွေး၍ အချိန်အတန်ကြာသည့်အခါမှ စားနေကျအာဟာရမျိုးကို စားသုံးသင့်ပေးသည်။ သို့သော် မုန့်ချိုများ၊ အကြော်အလှော်များ၊ ကိတ်မုန့်များကို အခါခပ်သိမ်း ရှောင်ကြဉ်၍ သားငါးတို့ကိုလည်း အမြောက်အမြား စားသုံးခြင်းမှ ရှောင်ကြဉ်ခဲ့ပါလျှင် အမြစ်ပြတ်သည်ဟု ခေါ်ဆိုနိုင်လောက်အောင် ရှင်းရှင်းကြီး ပျောက်သူတို့များလှပေပြီ။
ဤနေရာ၌ ရောဂါပျောက်ခြင်း၏ အကြောင်းသည် ဆေးဝါးလည်းမဟုတ်၊ အနှိပ်လည်းမဟုတ်၊ သစ်သီးသစ်ရွက်များလည်းမဟုတ်၊ ကိုယ်ခန္ဓာအား သဘာဝဓမ္မအတိုင်း အသစ်ပြင်ဆင်ခြင်းတည်းဟူသော အလုပ်ကို ဘာသာအလျောက်လုပ်စေခြင်းမျှသာ ဖြစ်လေ။ စင်စစ်အားဖြင့် ပန်းနာသည်အား ကျွေးမွေးသောသစ်သီးများသည် ရောဂါကိုပျောက်ကင်းစေသည်မဟုတ်၊ အညစ်အကြေး မဖြစ်စေတတ်သော အာဟာရကို ကျွေးမွေးခြင်းမျှသာဖြစ်လေသည်။
အထူးမှတ်သားထိုက်သော အချက်မှာ ကိုယ်ခန္ဓာသည် မကောင်းသည်ကို ကောင်းအောင် ပြုပြင်ပေးတတ်သော သတ္တိထူးရှိပေရာ၊ ထိုကဲ့သို့ပြုပြင်ရာ၌ လူတို့၏အလုပ်မှာ သဘာဝဓမ္မကို အနှောင့်အယှက်မပေးဘဲ ကူညီပေးဖို့သာ လိုပေသည်။ ဘာမျှမတတ်ခဲ့လျှင် လက်ပိုက်၍ စောင့်ကြည့်နေခြင်းက တော်သေး၏။ ရောဂါကလေးတခု ပေါ်ပေါက်တိုင်း သမားထံပြေးသွားဖို့မလိုချေ။ အလိုအလျောက် ပျောက်ရမည်သာဖြစ်ချေ၏။
Comments
Post a Comment