မူမူ့ အတွက် ဇါတ်လမ်း တကွက် ရေကျော်မောင်မောင် ရေးသည် သောကြာ စာစောင် ၁၉၆၂ ဒီဇင်ဘာလ



  မူမူ့ အတွက် ဇါတ်လမ်း တကွက် 

 ရေကျော်မောင်မောင် ရေးသည်

သောကြာ စာစောင် ၁၉၆၂ ဒီဇင်ဘာလ

 

ဂျပန်ခေတ် အင်းလျားကန်စောင်းတွင် ဂျပန် စစ်စခန်းများ ချထားစဉ်ကဖြစ်ပါသည်။


ထိုစဉ်က အင်းလျား ကန်စောင်းတလျှောက်ကို ဂျပန်စစ်သားများ လေ့ကျင့်ရေး စခန်းများအဖြစ် အသုံးပြုလေ့ရှိသည့် အခိုက် ဖြစ်ပါသည်။


ကျွန်တော်တို့ လူစုမှာလည်း ဂျပန် စစ်တပ်တွင်းဝင်၍ အမှုထမ်းကာ စစ်လေ့ကျင့်ခန်း အမျိုးမျိုး ယူခဲ့ရစဉ်ကမမေ့နိုင်သော ဖြစ်စဉ်ကလေးတခုကား ယခုထက်တိုင် မှတ်မိပါသေးသည်။


နေပူပူတနေ့တွင် ဂျပန်အမျိုးသမီးတပ်ဖွဲ့ဝင် (ယခုခေတ်အခေါ်-စစ်သမီး) နှစ်ဦးတို့သည် အင်းလျားကန်စောင်း (ယခုအင်းလျား ဟော်တယ်ကြီးတည်ရှိရာ) တွင် အနားယူနေပြီး ပူအိုက်လှသော နေပူရှိန်ဒဏ်ကို မခံနိုင်သည့်အလား၊ တကိုယ်လုံးတွင် ဝတ်ဆင်ထားသော စစ်ဝတ်တန်ဆာ ကပ္ပလာအားလုံးကို တဖြည်းဖြည်းခွာလို၍ အနားပတ်လည် ဟိုဟိုဒီဒီ ကြည့်ပြီး လူသူလေးပါးကိုလုံးဝမမြင်ရသောအခါ- ၎င်းတို့ဝတ်ဆင်ထားသော ယူနီဖောင်းအားလုံးကို ချုံအကွယ်တခုတွင် ချွတ်လေတော့၏။ ချွတ်ပြီးအဝတ်ကို နီးရာချုံတခုစီပေါ်တွင် တင်သားခဲ့ကာ အင်းလျားရေပြင်တွင်းသို့ အသာဆင်းကာ ရေကစားတော့၏။


မရွှေချောကလေး ၂-ဦးမှာ ရေဝအောင်ချိုးပြီး နာရီဝက်ခန့်ကြာပြီးမှ မိမွေးတိုင်း အဝတ်အစားဖြင့် ကုန်းပေါ်သို့တက်ကာ ချုံအသီးသီးပေါ်မှ အဝတ် အစားများကို ယူကာ ယူနီဖောင်းကို ပြန်၍ ဝတ် ကြလေတော့သည်။


ထိုအခိုက် ကောင်းကင်မှ လေယာဉ်ပျံသံများ ထွက်ပေါ်လာပြီး မကြာမီတွင် ဂျပန်စစ်ဝတ်စစ်စား ဝတ်ဆင်ထားသော ဗမာစစ်ဗိုလ် တဦးသည် ချုံကွယ်တခုမှ ထွက်ပေါ်လာတော့သည်။ ဗမာစစ်ဗိုလ်က ဂျပန်စစ်သမီးကလေးများကို သတိမထား။သို့သော် ဂျပန်စစ်သမီးကလေးများ အနားသို့ အရောက်တွင်-

“ကိုယ်ပျောက်တပ်ဖွဲ့ အမှတ်ငါးသတိ၊ အမြန်ချီတက်”ဟူ၍ စစ်မိန့်ပေးလိုက်ပါတော့သည်။

ယင်းစစ်ဗိုလ်၏ စစ်မိန့်သံ ပေးပြီး ပြီးချင်း ဂျပန်စစ်သမီးကလေးများ၏အနီးရှိ ချုံပုတ်ကလေးများ အားလုံး

မှာ တပြိုင်တည်း မတ်တတ်ထရပ်ကြကာ စစ်ဗိုလ်၏နောက်သို့ အမြန်ချီ တက် သွားကြလေတော့ သတည်း။

(စစ်သမီးများအကြောင်း- ဟာသတပုဒ်လောက် လန်ကြုပ် လိုက်ပါဦးဆရာကြီး ဟုဆိုသော ရွှေမင်းသမီး

ကလေး မူ-မူ-သို့....)။


ထိုစဉ်က ချုံပုတ်စစ်သည်တော်--

ရေကျော်မောင်မောင်

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်