တရုတ်သမ္မတ ရှီကျင့်ဖျင် ပြောတဲ့ “Thucydides Trap” ဆိုတာဘာလဲ


 

တရုတ်သမ္မတ ရှီကျင့်ဖျင် ပြောတဲ့  “Thucydides Trap” ဆိုတာဘာလဲ 


လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၀၀ ကျော်က ဂရိသမိုင်းပညာရှင် Thucydides ဟာ အေသင် (Athens) နဲ့ စပါတာ (Sparta) တို့ကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးကို ရေးသားခဲ့တယ်။ သူ့ရဲ့ အကျော်ကြားဆုံး သုံးသပ်ချက်ကတော့ —


 “အေသင် အင်အားတက်လာတာနဲ့ အဲဒီအပေါ် စပါတာက ကြောက်ရွံ့လာတာက စစ်ပွဲကို မလွဲမသွေ ဖြစ်စေခဲ့တယ်”


ဆိုတာပါပဲ။


နောက်ပိုင်း နိုင်ငံရေးပညာရှင်တွေက ဒီသဘောတရားကို “Thucydides Trap” လို့ ခေါ်လာကြတယ်။ အဓိပ္ပာယ်ကတော့ အင်အားကြီး နိုင်ငံဟောင်းတနိုင်ငံနဲ့ အင်အားတက်လာတဲ့ နိုင်ငံသစ်တနိုင်ငံကြားမှာ ကြောက်ရွံ့မှုနဲ့ ပြိုင်ဆိုင်မှုတွေ တိုးလာရင် ပဋိပက္ခ ဖြစ်နိုင်ခြေ မြင့်လာတယ်ဆိုတဲ့ အယူအဆပါ။


ဒီနေ့ကမ္ဘာမှာ ဒီသီအိုရီကို အမေရိကန်နဲ့ တရုတ်ကြား ဆက်ဆံရေးအပေါ် မကြာခဏ သုံးကြတယ်။ တရုတ်ကို အေသင်လို “တက်လာတဲ့ အင်အားသစ်” အဖြစ်မြင်ပြီး အမေရိကန်ကို စပါတာလို “တည်ရှိပြီးသား အင်အားကြီး” အဖြစ် နှိုင်းယှဉ်ကြတာပါ။


တရုတ်သမ္မတ ရှီကျင့်ဖျင်က “Thucydides Trap” ကို ရှောင်ကြဉ်ဖို့ ပြောခဲ့တာက ဝါရှင်တန်ကို ပေးလိုက်တဲ့ သတိပေးချက်တခုပဲ — သမိုင်းဟာ မဖြစ်မနေ ထပ်မဖြစ်ရဘူးဆိုတာပါ။


ဒါပေမယ့် ဒီနေ့ကမ္ဘာဟာ ရှေးဂရိ မဟုတ်တော့ဘူး။


အေသင်နဲ့ စပါတာခေတ်မှာ သတင်းပို့ဆောင်မှု နှေးကွေးတယ်။ စီးပွားရေးတွေ သီးခြားဖြစ်တယ်။ သံတမန်ဆက်ဆံရေးလည်း အကန့်အသတ်ရှိတယ်။ ဒီနေ့တော့ ကမ္ဘာက ဒစ်ဂျစ်တယ်အမြန်နှုန်းနဲ့ လှုပ်ရှားနေတယ်။ သတင်းအချက်အလက်တွေ စက္ကန့်ပိုင်းအတွင်း ကမ္ဘာပတ်သွားတယ်။ စီးပွားရေးစနစ်တွေ ချိတ်ဆက်နေတယ်။ နျူကလီးယားလက်နက်တွေကြောင့် တိုက်ရိုက်စစ်ပွဲဆိုတာ နှစ်ဖက်စလုံးအတွက် ပျက်စီးမှုကြီး ဖြစ်နိုင်တယ်။


ဒါကြောင့် Thucydides ရဲ့ နှိုင်းယှဉ်ချက်က အရေးပါသေးပေမယ့် လူတွေထင်သလို မဟုတ်တော့ဘူး။


ဒီနေ့ကမ္ဘာရဲ့ အကြီးမားဆုံး အန္တရာယ်က စစ်တပ်တွေ နယ်စပ်ကျော်ဝင်လာတာ မဟုတ်နိုင်ဘူး။ “ကြောက်ရွံ့မှု” ပိုမြန်မြန် ပျံ့နှံ့လာတာပဲ ဖြစ်နိုင်တယ်။


ရှေးခေတ်မှာ သံတော်ဆင့်နဲ့ ကောလာဟလတွေကနေ သံသယတွေ ပျံ့ခဲ့တယ်။ ဒီနေ့တော့ algorithm တွေကနေ ဒေါသနဲ့ ကြောက်ရွံ့မှုတွေ ပျံ့နေတယ်။ Cyber attack တခု၊ စစ်ရေးပဋိပက္ခအသေးစားတခု၊ ပေါက်ကြားသတင်းတခု၊ ဒါမှမဟုတ် AI နဲ့ ပြုပြင်ထားတဲ့ video တခုဟာ မိနစ်ပိုင်းအတွင်း ကမ္ဘာလုံးဆိုင်ရာ အမြင်ကို ပြောင်းလဲနိုင်တယ်။


ခေါင်းဆောင်တွေဟာ ဒီနေ့မှာ စစ်ရေးအကျပ်အတည်းကိုပဲ ထိန်းချုပ်မရတော့ဘူး။ လူထုရဲ့ စိတ်ခံစားမှုကိုပါ တပြိုင်နက် စီမံရလာတယ်။


ဒီနေရာမှာ Thucydides ရဲ့ နှိုင်းယှဉ်ချက်က မပြည့်စုံတော့ဘူး။ ဒီနေ့ အင်အားကြီးနိုင်ငံတွေကြား ပြိုင်ဆိုင်မှုက စစ်တပ်အင်အားတင် မဟုတ်တော့ဘူး။ နည်းပညာ၊ ဒေတာ၊ AI၊ ကုန်ပစ္စည်းထောက်ပံ့ဖြန့်ဖြူးရေးကွင်းဆက် ၊ ငွေကြေးစနစ်နဲ့ အတွေးအမြင်နဲ့ သတင်းစီးဆင်းမှုကို ထိန်းချုပ်နိုင်မှုတို့အပေါ် အခြေခံလာတယ်။ သတင်းအချက်အလက်ဟာ လက်နက်တခုလည်း ဖြစ်လာတယ်။ စစ်မြေပြင်တခုလည်း ဖြစ်လာတယ်။


တရုတ်ကို ဝေဖန်သူတွေက ဆိုက်ဘာထောက်လှမ်းရေးလုပ်ဆောင်မှုတွေ၊ လူထုအမြင်ကို လွှမ်းမိုးဖို့ ကြိုးပမ်းမှုတွေ၊ ဉာဏပစ္စည်းခိုးယူမှုတွေနဲ့ ဖိအားပေးအာဏာသုံးမှုတွေကို ထောက်ပြကြတယ်။ တဖက်မှာ တရုတ်ကလည်း အမေရိကန်ဟာ တရုတ်ကို ထိန်းချုပ်ကန့်သတ်ဖို့ မူဝါဒတွေချမှတ်နေတယ်၊ စီးပွားရေးပိတ်ဆို့ဖိအားတွေ သုံးနေတယ်၊ နိုင်ငံအတွင်းရေးကို ဝင်ရောက်စွက်ဖက်နေတယ်လို့ စွပ်စွဲတယ်။


ဒီစွပ်စွဲမှုတွေ မှန်မှန် မမှန်မှန် အရေးကြီးတာက “ယုံကြည်မှု” ပျက်စီးလာတာပဲ။


ယုံကြည်မှု ပျက်သွားတဲ့အခါ ပထဝီနိုင်ငံရေး ထောင်ချောက်တွေ ပိုအန္တရာယ်ကြီးလာတယ်။


သမိုင်းက ပြထားတာက စစ်ပွဲတွေဟာ “ဖျက်ဆီးချင်လို့” စတာ မဟုတ်ဘူး။ ကြောက်ရွံ့မှုတွေ၊ သံသယတွေ၊ “စစ်မဖြစ်မနေ ဖြစ်တော့မယ်” ဆိုတဲ့ စိတ်ထားတွေ စုပုံလာရာကနေ စတတ်တယ်။


ဒီနေ့လို သတင်းမှားတွေနဲ့ လှည့်ဖြားမှုတွေ အလွန်မြန်ဆန်တဲ့ အရှိန်နဲ့ ပျံ့နှံ့နေတဲ့ခေတ်မှာ အဲဒီအန္တရာယ်က ပိုပြီး ကြီးမားလာတယ်။


ဒါပေမယ့် အေသင်နဲ့ စပါတာ မတူတာတခု ရှိသေးတယ်။ ဒီနေ့ အင်အားကြီးနိုင်ငံတွေဟာ တယောက်မပါဘဲ တယောက် မရပ်တည်နိုင်တော့ဘူး။ အမေရိကန်နဲ့ တရုတ်ဟာ နိုင်ငံရေးအရ ပြိုင်ဘက်ဖြစ်ပေမယ့် စီးပွားရေးအရ အလွန်ချိတ်ဆက်နေတယ်။ နည်းပညာ၊ ဈေးကွက်နဲ့ ကုန်ပစ္စည်းထောက်ပံ့ဖြန့်ဖြူးရေးကွင်းဆက်တွေ ခွဲမရအောင် ဆက်စပ်နေတယ်။


ဒီအခြေအနေက စစ်ပွဲကို တားဆီးနိုင်တယ်။ ဒါပေမယ့် တခြားအန္တရာယ်တခုကိုလည်း ဖန်တီးနိုင်တယ် — ကမ္ဘာကြီးကို နည်းပညာစနစ် မတူတဲ့ အုပ်စုတွေ၊ မီဒီယာစနစ် မတူတဲ့ အုပ်စုတွေ၊ အမှန်တရားအပေါ် ယုံကြည်မှု မတူတဲ့ အုပ်စုတွေအဖြစ် ကွဲပြားသွားစေနိုင်တယ်။



ဒါကြောင့် တကယ့်အန္တရာယ်က စစ်ပွဲတခုတည်း မဟုတ်ဘူး။ “အမြဲတမ်း ရန်ဘက်” ဆိုတဲ့ စိတ်ဓာတ် ပုံမှန်ဖြစ်သွားတာပဲ ဖြစ်နိုင်တယ်။


Thucydides Trap ရဲ့ မူလသတိပေးချက်က အင်အားပြောင်းလဲမှုအန္တရာယ်အကြောင်း ပြောတာဖြစ်တယ်။ ဒါပေမယ့် ဒီနေ့ခေတ်ရဲ့ Trap က ပိုအန္တရာယ်ကြီးနိုင်တယ် —


ကြောက်ရွံ့မှု၊ အမျိုးသားရေးစိတ်ဓာတ်၊ သတင်းမှားတွေနဲ့ လှည့်ဖြားမှုတွေ နဲ့ နည်းပညာတွေ ပေါင်းစည်းပြီး ယုံကြည်မှု တည်ဆောက်နိုင်တာထက် ပိုမြန်မြန် လူ့အဖွဲ့အစည်းကို ခွဲထုတ်နေတဲ့ အခြေအနေပဲ ဖြစ်နိုင်တယ်။


၂၁ ရာစုရဲ့ စစ်မြေပြင်ဟာ ဒုံးကျည်တွေနဲ့ မစနိုင်ဘူး။


အတွေးအမြင်လွှမ်းမိုးမှုတွေကနေ သံတမန် ဆက်ဆံမှုနဲ့  စတင်နိုင်တယ်။


Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်