စာအကြောင်း ပေအကြောင်း တက်တိုး



 စာအကြောင်း ပေအကြောင်း 


“ဝတ္ထုဇာတ်လမ်း အရေးမကြီးဘူးလို့ ဆရာက ပြောတယ်။ ဇာတ်လမ်းကို အားပြုတဲ့ဝတ္ထုကိုပဲ စာဖတ်ပရိသတ်ကကြိုက်တာ။ ဇာတ်လမ်းက ဆွဲဆောင်လို့ ဝတ္ထုကိုဖတ်တော့ ဝတ္ထုထဲမှာပါတဲ့ ပညာပေးအခန်းတွေကို ဖတ်ဖြစ်ပြီး ပညာမတိုးဘူးလားဆရာ”


“ဇာတ်လမ်းအရေးမကြီးဘူးဆိုတဲ့ စကားထဲမှာ ဇာတ်လမ်းဟာမလိုတော့ဘူးဆိုတဲ့ အဓိပ္ပာယ်မပါဘူးဆိုတာကိုပထမဦးဆုံး မှတ်ထားလိုက်စေချင်ပါတယ်။ ဇာတ်လမ်းလိုပါတယ်။ ဒါပေမယ့် ဇာတ်လမ်းမှာ ဇာတ်ကွက်အချိန်အဆက်တွေ ပုံစံချပြီး ရှေ့ပိုင်းက ဖြစ်ထားတဲ့အချက်ကို နောက်အကွက် ဆိုက်တော့မှ ဖော်ပြတာမျိုး။ ရှင်းရှင်းပြောရရင် ပုံစံအကွက်ရိုက်ပြီး ထားတဲ့ ဇာတ်လမ်းမျိုးဟာ စာဖတ်တဲ့ လူကို ဆွဲဆောင်တယ်ဆိုတာ များသောအားဖြင့်တော့ မှန်ပါတယ်။ စာဖတ်ပရိသတ်ရဲ့အရည်အချင်းပေါ်မှာ အများကြီးတည်တယ်။ ပုံပြောတာကိုပဲ ကြိုက်နေသေးရင်တော့ ဇာတ်လမ်းအဓိကဝါဒဟာ ဝတ္ထုလောကမှာ ရှိနေအုံးမှာဘဲ”


“ဝတ္ထုဆိုတာ ပုံပြင်အချောစားဘဲ မဟုတ်လား ဆရာ။ ပုံပြင်ကစပြီး ဝတ္ထုအဆင့်ကိုရောက်လာတာ ဘဲမဟုတ်လား”


“ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီအဆင့်အထိ ပုံပြင်သဘောဘဲရှိနေသေးတယ်။ အခုခေတ်မှာ အဲဒီအဆင့်ကတက်ပြီး ဝတ္ထုဟာ ဘဝကိုထင်ဟပ်တဲ့ အနုပညာစာပေဖြစ်လာဘို့လိုပြီ”


“ဘယ်လိုဖြစ်လာသင့်ပြီလဲ ဆရာ”


“ဒီလိုပါ။ ဝတ္ထုမှာ ဇာတ်လမ်းဆိုတာ ပါမှာဘဲ။ ဒါပေမယ့် ဇာတ်လမ်းဆိုတာဟာ တခြားမဟုတ်ဖူး။ ဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုအစုစုဘဲ။ ပုံစံဝတ္ထုမှာတော့ ဝတ္ထုရေးဆရာက ပထမကတည်းက ဇာတ်ကောင်တွေသွားကြရမယ့်လမ်းကို ချပေးထားတယ်။ အနုပညာဝတ္ထုမှာတော့ ဇာတ်ကောင်တွေကို လူ့သဘာဝ လူ့စရိုက်တွေပေါ်မှာ တည်ဆောက် ဖန်ဆင်းပေးပြီး တကယ်လို့ လူတွေ ဖြစ်လာအောင် ပထမ လုပ်တယ်။ ပြီးတော့ အဲဒီဇာတ်ကောင်တွေ အသက်ဝင်လာပြီး သူတို့ဘာသာသူတို့လှုပ်ရှားကြတယ်။ အဲဒါကို ဝတ္ထုရေးဆရာကနောက်ကလျောက်ပြီး မှတ်တမ်းတင်ရတယ်။ လှုပ်ရှားတယ်ဆိုတဲ့စကားထဲမှာ ရုပ်ပိုင်းဘဝရော စိတ်ပိုင်းဘဝရော လှုပ်ရှားတဲ့ အဓိပ္ပာယ်ပါတယ်”


“ဆရာပြောတာ သိပ်သဘောမပေါက်သေးဘူး။ ထပ်ရှင်းစေချင်ပါတယ်”


“ပမာဆိုရရင် အရုပ်ကလေးတွေကို ကြိုးသွယ်ပြီးလှုပ်ရှားတဲ့ ရုပ်သေးပွဲနဲ့ တကယ်လူသား မင်းသမီးမင်းသားတွေကတဲ့ ဇာတ်ပွဲပေါ့။ ရုပ်သေးမှာတော့ ရုပ်သေးဆရာက လှုပ်ရှားစေတဲ့အတိုင်းအရုပ်ကလေးတွေက လှုပ်ရှားရတယ်။ လူသားက ဇာတ်မှာတော့ မင်းသမီးမင်းသားတွေဟာ သူတို့နည်း သူတို့ဟန်နဲ့ ဆိုကြကကြတယ်။ ပြောကြ ဆိုကြတယ်။ ဒါပေမယ့် ဇာတ်လမ်းတော့ နှစ်မျိုးလုံးမှာ ရှိကြတာဘဲ”


“ဟုတ်ကဲ့ဆရာ”


“အင်း... ဒီလောက်နဲ့လဲ ရှင်းအုံးမှာ မဟုတ်ပါဘူးလေ၊ အနုပညာဆိုတာ ပြောရတာ အတော်ခက်တယ်။ တကယ်တော့ ဆရာညွှန့်လို့ဘဲပေါ့။ ဖန်ဆင်းတယ်ဆိုတဲ့စကားကို အဓိပ္ပာယ် ရှာကြည့်ကြရ ရေးတဲ့ ဝတ္ထုတွေ (ဥပမာ 'ရှုပနန္ဒီ' တို့ 'လူဖြူဘုရင်မ' တို့လို ဝတ္ထုတွေ) ကို ကြိုက်ကြတယ်။ တကယ်တော့ ဝတ္ထုတွေဟာ ကမ္ဘာ့စာပေအဆင့်မြင့်လှကြတာမဟုတ်ဖူး။ ဇာတ်လမ်းကောင်းတယ်။ အထူးအခန်းတွေပါတယ်။ အချို့ဝတ္ထုတွေ (ဆိုပါတော့ ဟံမင်းဝေရဲ့ 'ပင်လယ်ပြာနဲ့ အဖိုးအို' တို့လို ဝတ္ထုမျိုး။ အယ်ဘဲယားကမူးရဲ့ 'အပြင်လူ' တို့လိုဝတ္ထုမျိုး) ကိုတော့ မကြိုက်တတ်ကြသေးဘူး။ စာဖတ်ပရိသတ်ကို အပြစ်ဆိုနေတယ်လို့ မထင်လိုက်ပါနဲ့။ သူတို့အများများမှာ ဘာသာပြန်ကို အားကိုးနေကြရတာ။ ဘာသာပြန်ညံ့လို့ အဖိုးတန်ဝတ္ထုတွေ ပျက်စီးရတာတွေ အများကြီးဘဲ”


“ဘာသာပြန်ညံ့တာတွေကို ဆရာက အခိုက်ခံပြောတိုင်း ဆရာ့ကို ဝိုင်းဆဲကြတယ်။ ပြန်ချင်တိုင်းပြန် ဖြစ်ချင်ရာဖြစ်ဆိုတဲ့ သဘောမျိုးထားတဲ့လူတွေ အများကြီးဘဲ။ တချို့ကဆိုရင် ဆရာ့ကို ပြောကြသေးတယ်။ တက်တိုးက သူကိုယ်တိုင်ပြန်တဲ့ ဘာသာပြန် အပြင် တခြားလူပြန်ရင် အကောင်းမထင်ဘူးတဲ့”


“ပြောကြပါစေ၊ ဆရာ့မှာတော့ အပြောခံရတာတွေ များလှပါပြီ။ သူတို့ကဆရာ့စေတနာရင်းကို နားမလည်ကြသေးလို့ ဖြစ်မှာပေါ့။ တနေ့ နားလည်လာတာလဲ ပြောချင်ကြမှာ မဟုတ်တော့ဘူး။ နားလည်ရက်နဲ့ လူကိုအမြင်ကပ်ပြီးပြောချင်လို့ကို ပြောနေတဲ့ လူတွေကတော့ ပြောနေကြမှာဘဲ။ ဘယ်တတ်နိုင်မှာလဲ။ ဟိုနှစ် အတော်ကြာတုန်းကဆိုရင် တောတွင်းမြို့တော်မှာ တယောက်ယောက်က ဆရာလုပ်တယ်လို့ထင်ရင် 'မင်းကဘယ် တက်တိုး လုပ်ချင်တာလား' လို့ မေးကြသတဲ့။ တက်တိုး လုပ်တယ်ဆိုတာဟာ ဆရာလုပ်တယ်ဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်ခဲ့သေးတာဘဲ။ စေတနာနဲ့ ပြောပြတာဟာ ဆရာလုပ်တာနဲ့ တူနိုင်ပါတယ်။ တူမှာစိုးလို့ မပြောပြပြန်ရင်လဲ ဘာလုပ်ဖို့စာရေးနေတော့မှာလဲ။ စာရေးဆရာရဲ့ တာဝန်ဝတ္တရားဟာ ပြောနေရမှာ ချည်းဘဲ”


“ပြောသာပြောပါ ဆရာ။ ပြောမှလဲ သိကြမှာပေါ့”


“သိရုံနဲ့ ကိစ္စ မပြီးစေချင်ဘူး။ ပြောတာကို လေးလေးနက်နက် တွေးတောစိစစ် ဝေဖန်ဖို့က လိုတယ်။ အဲဒီလိုလုပ်မှ ကိုယ်ပိုင် အတွေးအခေါ် အထင်အမြင် အယူအဆတွေ တိုးတက်လာမှာပေါ့။ ဆရာပြောတာတွေကို အားလုံးသဘောတူ လက်ခံတယ်ဆိုရင် ဘယ်ကောင်းတော့မှာလဲ။ စာရေးဆရာဆိုတာ ပြဿနာကို ဖေါ်ထုတ်ပေးတာ။ သူကညွှန်ကြားချက်ပေးတဲ့လူမဟုတ်ဖူး။ တွေးကွက် ဖေါ်ပေးတဲ့လူ။ ဆွေးနွေးဖို့ အစလုပ်ပေးတဲ့လူ”


**တက်တိုး**

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်