ပဟေဠိဆန်သော ပန်းချီကား မိုနာလီဇာ ဒေါက်တာ ခင်မောင်ညွန့် ရေးသည်


 


ပဟေဠိဆန်သော ပန်းချီကား 

ဒေါက်တာ ခင်မောင်ညွန့် ရေးသည် 

ငွေတာရီမဂ္ဂဇင်း ၁၉၇၀ ဖေဖော်ဝါရီလ


လွန်ခဲ့သော ဇူလိုင်လတွင်းက ရန်ကုန်မြို့ သမတ ရုပ်ရှင်ရုံ၌ ‘မိုနာလီဇာကို ခိုးသွားခြင်း’ (Theft of Mona Lisa) ခေါ် ရုပ်ရှင်ကားပြသခဲ့ပါသည်။ ဇာတ်လမ်းမှာ ကမ္ဘာကျော်ပန်းချီကား ‘မိုနာလီဇာ’ ကို ခိုးယူခြင်းကို အကြောင်းပြုလာသော အချစ်ဇာတ်လမ်းဖြစ်ပြီး အစအဆုံး လူငယ်လူရွယ်တို့ အကြိုက် ဇာတ်ကားတခုဖြစ်သည်။ ဇာတ်ကားပြသည့်ရက်မှစပြီး သည့်နောက်လများအထိ ဤစာရေးသူအား ကျောင်းသားကျောင်းသူများက ယင်းပန်းချီကားအကြောင်းနှင့် ဆွဲသူ ပန်းချီဆရာ့အတ္ထုပ္ပတ္တိကို မေးကြပါသည်။ သမိုင်း သင်စဉ်က ‘ရီနေဆန်း’ ခေါ် စာပေကျမ်းဂန်နှင့် အနုပညာများ ဆန်းသစ်လာသော ခေတ်ကိုသင်ရာတွင် လီယိုနာဒိုဒါဗင်ချီအပါအဝင် အနုပညာရှင်များအကြောင်း သင်ပေးခဲ့၏။ သို့သော် ဤမျှစိတ်မဝင်စားခဲ့ကြပါ။ ရုပ်ရှင်ကား ကြည့်ပြီးခါမှ သမိုင်း ဘာသာယူသော ကျောင်းသားရော မယူသောကျောင်းသားပါ ယင်းပန်းချီကား၏ ခေတ်သမိုင်းကို အငမ်းမရစိတ်ဝင်စားပြီး သိလိုလာကြပါသည်။ တိုက်ဆိုင်သွားသော အကြောင်းတရပ်မှာ ဇူလိုင်လ ၁၀-ရက်မှ ၁၂-ရက်အထိ ပညာရေးတက္ကသိုလ် အားကစားရုံ၌ သမိုင်းပစ္စည်းပြပွဲကျင်းပရာ ပြခန်းထောင့် တနေရာ၌ မိုနာလီဇာပုံတူကားချပ်ကို ပြထားမိပါသည်။ ၃-ရက်အတွင်း ပြပွဲလာသူ တသောင်းနီးပါးအနက်၊ ကျောင်းသူ ကျောင်းသား ၇-ထောင်ခန့်တို့က ယင်းကားချပ်ကို ကြည့်ပြီး မေးကြသည်ချည်းဟု သိရပါသည်။ သူတို့ကို အပြစ်မဆိုသာပါ။ မိုနာလီဇာ ရေးဆွဲပြီးကတည်းက ကမ္ဘာကျော် ပန်းချီကားတချပ် ဖြစ်လာရုံမက၊ ကားချပ်ပါ အမျိုးသမီးရုပ်ပုံလွှာနှင့်တကွ၊ လက်ရာရှင်ပန်းချီဆရာ

၏အကြောင်းနှင့် ပတ်သက်၍ ပဟေဠိများ ယနေ့အထိဖြစ်ပေါ်ဆဲဖြစ်၏။ ပဟေဠိများကို ဖြေရန် ကြိုးပမ်းတိုင်း သို့လော သို့လောတွေးတောမှုများ ထပ်လောင်းပေါ်လာတတ်ရာ၊ ယင်းသို့ဖြစ်ခြင်းသည်ပင် မိုနာလီဇာ ကားချပ်၏ အာနိသင်ဖြစ်သည်ဟု ဆိုရပေတော့မည်။


မိုနာလီဇာ ကားချပ်ကို အီတလီ မြောက်ပိုင်း ဖလောရင့်စ်မြို့နေ နာမည်ကျော် ပန်းချီ ဆရာကြီး လီယိုနာဒိုဒါဗင်ချီ (၁၄၅၂-၁၅၁၉) ရေးဆွဲခဲ့သည်။ ရုပ်ပုံမှာ သက်ရှိအမျိုးသမီးကိုကြည့်၍ဆွဲသော ပုံတူဖြစ်သည်။ ဖလောရင့်စ်မြို့ ကြေးရတတ် လူတန်းစားဝင်သူဌေးကြီး ဖရန်စစ္စကိုလဲ ဂီယိုကွန်ဒက ပန်းချီဆရာကြီးအား ငှားရမ်းကာ သူ၏ တတိယမြောက်ဇနီးဖြစ်သော မိုနာလီဇာ၏ပုံကို ရေးဆွဲခိုင်းခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းကားချပ်ကို ဂီယိုကွန်ဒ ကားချပ်ဟုလည်းခေါ်ကြ၏။ ပန်းချီဆရာကြီး၏ စတူဒီယိုသို့ မိုနာလီဇာသည် တယောက်တည်း နေ့စဉ် ရောက်လာပြီး ကိုယ်ဟန်ပြပေးရ၏။ အမျိုးသမီး၏ ကိုယ်ဟန်၊ မျက်နှာ အသွင်အပြင်၊ အပြုံးတို့အား သဘာဝ ပကတိအတိုင်း ရှိနေစေရန် စတူဒီယိုအတွင်း၌ အထူးအစီအစဉ်များ လုပ်ထားရသည်ဟု ဆို၏။ ကိုယ်ဟန်ပြရသည်မှာ ညောင်းညာ၍ မအီမသာဖြစ်လာတတ်သောကြောင့် တူရိယာများ တီးမှုတ်ဖျော်ဖြေခြင်း၊ လူရွှင်တော်များက ပြက်လုံးထုတ်နေစေခြင်း၊ ဂျွမ်းဘား သမားများကလည်း အသုံးတော်ခံနေစေခြင်းဖြင့် မိုနာလီဇာ၏ ပင်ကိုယ်မျက်နှာဟန်ကို မပျက်အောင် ထိန်းသိမ်းပြီး ရေးဆွဲခဲ့ရသည်ဟူ၏။ ပန်းချီဆရာကြီးသည် မိုနာလီဇာပုံတူကားကို ခရစ်နှစ် ၁၅၀၀-မှ ၁၅၀၄-အထိ၊ ၄-နှစ်ကြာ ရေးဆွဲသော်လည်း အပြီးမသတ်ခဲ့ချေ။ ရေးဆွဲချိန်မှာ နေဝင် ဆည်းဆာချိန်ဖြစ်ပြီး၊ မိုနာလီဇာနှစ်သက် သော ကြာပန်းဖြူများဖူးပွင့်နေသည့် ရေအိုင် ရေပန်းများကို နောက်ခံပြု ရေးဆွဲလေသည်။


အပြီး မသတ်နိုင်ရသည့် အကြောင်းကို ရှာရာ ပဟေဠိများဖြစ်လာလေသည်။ အချို့ သုတေသီတို့က ‘ပန်းချီဆရာခမျာမှာ မိုနာလီဇာအပြုံး၏ ဆွဲဆောင် မှုဒဏ်ခံရသဖြင့် မိုနာလီဇာအား အုံးပုံးချစ် ချစ်မိ လေသည်။ သူတပါးမယား ဖြစ်နေသည်က တ ကြောင်း၊ အနုပညာရှင်တို့ ထိန်းသိမ်းအပ်သည့် ကိုယ်ကျင့်သိက္ခာကို ထောက်၍တကြောင်း ခံစားချက်ကို မျိုသိပ်ခဲ့ရသည်။ အမျိုးသမီး၏ အလှဆုံး အပြုံးကို ပကတိ အကျဆုံးရအောင်ဆွဲယူပြီးနောက် ခံစားချက် ပေါက်ကွဲလူဖြစ်လာသဖြင့် မလာစေတော့ဘဲ ကားချပ်ကိုလည်း အပြီးမသတ်ဘဲ ချန်ထားလိုက်ရသည်’ ဟု ဆိုကြသည်။ အခြားအယူအဆကား ဒါဗင်ချီ၏ ပန်းချီလက်ရာမှန်သမျှ အပြီးမသတ်သည်သာ များ သည်။ ပန်းချီ၊ ပန်းပု၊ ကျောက်ဆစ်၊ ပိသုကာ၊ ဂီတ၊ ကဗျာ၊ သင်္ချာနှင့် သိပ္ပံပညာရပ်များတွင်စွယ်စုံပညာ ရှင်ကြီးဖြစ်သဖြင့် သူ့လက်ရာများ အပြီးမသတ်နိုင်ခဲ့ သည်မှာ မဆန်းဟု ဖြစ်၏။ ပန်းချီဆရာကြီး၏ ဘဝကို သုတေသနပြုသော ဆစ်ခ်မန် ဖရွိုက်ကမူပန်းချီဆရာ ကြီးမှာ လိင်တူချင်းကြိုက်တတ်သူဟု အကိုးအကားများနှင့် တင်ပြထားပြန်ရာ မိုနာလီဇာအပေါ် ထားရှိ သော သူ့အချစ်မှာ (၅၂၀) မေတ္တာသာဖြစ်ရမည် ဟုလည်း ဆိုကြပြန်၏။ ဤကား ရေးဆွဲသူနှင့် ပတ်သက်သော ပဟေဠိများတည်း။


ကားချပ်နှင့်ပတ်သက်၍ ချီးကျူးမှု များသလောက် ဝိဝါဒကွဲပြားကြ၏။ အီတလီယံသား ဂီယောဂီ ဗွာခါရီမှာ သမိုင်း ကျမ်းပြုသူဖြစ်ပြီး ဒါဗင်ချီ၏ အတ္ထုပ္ပတ္တိကိုရေးသူဖြစ်၏။ ဒါဗင်ချီ ကွယ်လွန်ချိန်က သူသည် ဂ-နှစ်အရွယ် ရှိသေးသည်။ ကားချပ်ကို သုံးသပ်ရာတွင် “အသေးစိတ်အားလုံးကို အသိမ်မွေ့ ဆုံးခြယ်မှုန်းထား၏။ လူပကတိတွင် တွေ့မြဲ ဖြစ်သည့် တောက်ပမှုကို မိုနာလီဇာ ကားချပ်၏ မျက်လုံးများ တွင် တွေ့ရ၏။ နီကျင့်ရောင်ရှိသော ဆံစက လေးများ ဦးရေတွင်းမှ ကပိုကရိုကျနေပုံကို ကျစ်လစ်စွာရေးဆွဲ ထား၏။ မျက်ခွံများကိုလည်း ထိုထက်ပို၍ သဘာဝ မကျနိုင်လောက်အောင် ပြောင်မြောက်စွာ ဆွဲထား သေးသည်။ နှာတံမှာ လူပကတိနှာတံပင် ဖြစ်တော့ သည်။ ပါးစပ်ဖွင့်ပုံနှင့် နီထွေးသော ပါးနုပြင်ကလေး များမှာလည်း ဆေးရေး ပန်းချီမဟုတ်၊ လူ့သွေး လူ့ သားပေလောဟု ထင်မှတ်မှား လောက်သည်။ လည်တိုင်ကို အနီးကပ် ကြည့်လိုက်ပါလျှင် အသက်ရှုနေ သည်ဟု ဆိုမိလိမ့်မည်” ဟု ချီးကျူးခဲ့၏။ လိုဘတ် ဒီစစ်ဇာရိမ်းခေါ် ပြင်သစ်အမျိုးသား ပညာရှင်ကမူ မိုနာလီဇာ ကားချပ်တခုလုံး၏ အဓိကပြောင်မြောက် မှုမှာ အပြုံးသာဖြစ်သည်ဟုဆို၏။ ကားချပ်ကို စနစ် တကျ လေ့လာပြီး ၁၈၉၆-ခုနှစ်တွင် ‘ဂျီယိုကွန်ဒါ၏ အပြုံး’ဟူသော စာအုပ်တအုပ် ရေးသား လိုက်၏။ သူကယင်းစာအုပ်တွင် “မိုနာလီဇာ၏အလှမှာ အပြုံး ဖြစ်ကြောင်း၊ သူ့အပြုံးမှာတဝက်ပြုံးဖြစ်ပြီး ပါးစပ် ၏ ဝဲဘက်မှ ပြုံးသော အပြုံးဖြစ်ကြောင်း၊ ရီနေဆန် ခေတ်ဆန်းမမြတ်တို့ ဣန္ဒြေမပျက် ယဉ်ကျေးစွာ ပြုံး သည့် တဝက်ပြုံးအတိုင်းဖြစ်ကြောင်း” ဖော်ပြထား လေသည်။


ချီးကျူးမှု ကြားမှ ကဲ့ရဲ့မှုများလည်း ပေါ်လာ သေးသည်။ ၎င်းတို့အနက် အမေရိကန် ဆေးဆရာဝန် တဦး၏တင်ပြချက်မှာ အတော်ထူးဆန်း၏။ ၁၉၇၄-ခုနှစ် ဆေးပညာရှင်များ၏ နှစ်လည် အစည်းအဝေး ကြီးတွင် သူကသုတေသနစာတမ်းဖတ်ရာတွင် “မိုနာ လီဇာရုပ်ပုံပါ မျက်နှာဟန်မှာ လည်ချောင်းနာရောဂါ ရှိသူ၏ မျက်နှာနှင့် တူသည်”ဟု ဖော်ပြသဖြင့် မိုနာ လီဇာကားချပ်ကို မြတ်နိုးသူများက အတော်စိတ်ဆိုး သွားကြလေသည်။ လင်နင်ဂရက် တက္ကသိုလ် အနု ပညာသမိုင်း ပါမောက္ခ မတ်ဗေး၊ ဂူကော့စကီးကမူ မိုနာလီဇာပုံမှာ လင်သေပြီးစ မုဆိုးမ အဝတ်အစား ဝတ်ထားပြီး အသက်အရွယ်အားဖြင့် မနုနယ်တော့ သည့် မိန်းမတဦးသာ ဖြစ်ရမည် ဟု ဆိုပြန်သည်။ ဤ စာရေးသူပြင်သစ်ရောက်စဉ်ကပြတိုက်အတွင်း ယင်း ကားချပ်ကို ကြည့်နေစဉ် ပြင်သစ် သူငယ်ချင်းက သဘောကျရဲ့လားဟု မေးရာ ဘရစ်ဂျစ် ဘားဒေါ့ လောက်မလှပါဘူးဟု ပြောမိသဖြင့် အနားမှကြည့်နေ သူများက မျက်စောင်းထိုး သွားကြပါသည်။ နာမည်ကြီးတိုင်းလှမည်မဟုတ်၊လက်ရာ မြောက်ခြင်းလော၊

သဘာဝကျခြင်းလော၊ပြုံးခြင်းလော၊ မဲ့ခြင်းလော။

သမိုင်းတလျှောက် ကျော်ခဲ့သည်ကား မှန်၏။

နပိုလီယန်သည်ပင် မိုနာလီဇာ၏ အပြုံး၌ ယစ်မူးမိသည်ဟု အဆိုရှိသည်။ ကမ္ဘာအရပ်ရပ်မှ မိုနာလီဇာကြည့်ရန် ပါရီမြို့ပြတိုက်သို့ ရောက်လာသော ဦးရေ

မှာ နှစ်စဉ်သန်းချီရှိသည်။ ပုဂ္ဂိုလ်တဦးမှာ နှစ်ပေါင်းအတော်ကြာ နေ့တိုင်း ပြတိုက်မဖွင့်မီ လာစောင့်ပြီးပိတ်ချိန်အထိ ကားချပ်ကိုတနေကုန် ထိုင်ကြည့်ဘူး၏။

နာမည်ကြီးလှသဖြင့် အန္တရာယ် ကာကွယ်ရန် အစီအစဉ်များ လုပ်ထားရ လေသည်။ ကိုယ်ရံ တပ်သား၂-ဦးခြံရံနေသည့်အပြင် အရပ်သားအဝတ်နှင့် ရဲသား

အရာရှိကလည်း စောင့်နေရ သေးသည်။ လုံခြုံစွာခြံခတ်ထားသေးသည်။ ဤကြားထဲမှ ဘော်လီဗီးယားနိုင်ငံသားတဦးက ကားချပ်ကို ခဲနှင့် ပေါက်သဖြင့်

အနည်းငယ် ပျက်စီးသွား၏။ ပါရီမြို့မှန်ချက်စက်ရုံကကျည်ဆန့်ပီးမှန်ကိုအထူးလုပ်၍ ကားချပ်အားဘောင်သွင်းရန် လှူ၏။ ကားချပ်ကို အာမခံ မထားခဲ့ချေ။

အာမခံ ထားပါက အာမခံ ကြေးငွေ များလွန်း၍ထားမည့် ကုမ္ပဏီမရှိနိုင်ဟုဆိုသည်။ ထားပါက လူဆိုးများက ထားသော ကုမ္ပဏီအား ခြိမ်းချောက် ငွေတောင်းယူမည်ဟု စိုးရိမ်ကြ၏။


၁၉၁၁-ခုနှစ်တွင် မိုနာလီဇာ လူခိုးခံရလေသည်။၁၇၈၉-ခု ပြင်သစ် တော်လှန်ရေးပြီးစ ကတည်းကပါရီပြတိုက်အတွင်း ချိတ်ခဲ့ရာ ၁၉၁၁-ခုတွင် ရုတ်

တရက် ပျောက်သွားလေသည်။တကမ္ဘာလုံးသတင်းပြန့်သွားပြီး အနုပညာ လောကတွင် တုန်လှုပ်သွားလေသည်။ အစောင့် ၁၂-ဦးလည်း အလုပ်ပြုတ်ကြပြီး

ရာပေါင်းများစွာသော စုံထောက်များ အလုပ်များသွားကြ၏။ နောက်ဆုံး သူခိုးခြေရာ ခံမိကြသည် အိမ်ဆေးသုတ် သမား အီတလီယံသား ဗင်ဆင်ဇေး ပါရပ်ဂီးယားဆိုသူသည်၊ ပြတိုက်၌ မကြာခဏ အလုပ်လာ လုပ်ဖူး၏။ ၁၉၁၁ ခုနှစ် ဩဂုတ်လ ဂ-ရက်နေ့ နံနက် ၇-နာရီတွင် ကားချပ်ကို မှန်ဘောင်မှဖြုတ်ယူပြီး သူ့ အလုပ်ဝတ်ရုံအတွင်း ဝှက်ခိုးခဲ့သည်။ သူ့ နေအိမ်၏ စတိုးခန်း၌ ဝှက်ထားခဲ့၏။ ၂-နှစ်ကြာသောအခါ ဖလော့ရင့်မြို့၊ အနုပညာပစ္စည်းရောင်းသူ အဲလ်ဖရက်ဂေါ်ရီထံရောင်းရန် ပြသရာ ပျောက်ဆုံးနေသော ကားချပ်မှန်းသိ၍ ရဲသို့အကြောင်းကြားလိုက်လေသည်။ ဖမ်းဆီး စစ်ဆေး

သောအခါ အီတလီယံပိုင် ကားချပ်ကို အီတလီသို့ ပြန်ယူခြင်း ဖြစ်ကြောင်း၊ နပိုလီယန်သည် အီတလီမှ အနုပညာ ပစ္စည်း များကို ခိုးသွားခြင်း

ကို ပြန်၍ လက်စားချေခြင်း ဖြစ်ကြောင်း သူခိုးက အစစ်ခံလေသည်။ သူ့ အား ထောင် ၇-လ ချပြီး ကားချပ်ကိုမူ အီတလီရှိ ပြင်သစ်သံအမတ်မှဆင့်

ပါရီပြတိုက်သို့ ပြန်ပို့လိုက်လေသည်။


ကားချပ်ပြန်ရသော်လည်း နောက်ပိုင်းပေါ်လာသော ပဟေဠိများက ကားချပ် ဂုဏ်သိက္ခာကို ထိခိုက်လာလေသည်။ ယင်း ကားချပ်မှာ ဒါဗင်ချီ၏

လက်ရာအစစ်လော၊ အတုလောဟု သံသယများဖြစ် လာလေသည်။ ကမ္ဘာကျော်- အနုပညာပစ္စည်းများရောင်းချသူတဦးက မိုနာလီဇာပုံတခုကိုပြပြီး ၎င်းပုံသာအစစ်ဖြစ်သည်ဟု အဆိုပြုလိုက်သဖြင့် ပြင်သစ်ပြတိုက်များ ဒါရိုက်တာချုပ် အက်ဒ် ဂျိုးနားမ်မှာအတော် ဦးနှောက် ခြောက်သွားလေသည်။ အနုပညာပစ္စည်းများ အတုအစစ်ခွဲခြားနိုင်သော ကျွမ်းကျင်သူ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး ဒေါက်တာ ဂိုးလ်

ဘလပ် ၏ အဆုံးအဖြတ်ကို ယူရလေသည်။ ဂိုးလ်ဘလပ် သည် ကားချပ် ၂-ခုလုံးကို သိပ္ပံနည်းကျစစ်ဆေးလေသည်။ မှန်ဘီလူး၊ ဓာတ်မှန်၊ ဓာတုဗေဒ

ပစ္စည်း ကိရိယာမျိုးစုံဖြင့် လပေါင်းအတော်ကြာစစ်ဆေးပြီးနောက် ပါရီပြတိုက်မှ ကားချပ်သာ အစစ်ဖြစ်ကြောင်း၊ အခြားကားချပ်ကား အစစ်ရေးပြီးနောက်

မကြာမီ ကူးယူထားသော ပုံတုသာ ဖြစ်ကြောင်းထွက်ဆို၏။


သူတင်ပြသော သာဓကများကား ဤသို့တည်း။

အင်ဂျင်နီယာနှင့် သင်္ချာဆရာဖြစ်သော ဒါဗင်ချီသည် သူရေးဆွဲသော ကားများကို ဂျဲဩမေထရီတွက်ကိန်းဖြင့် ပုံစံချပြီးမှ ရေးဆွဲလေ့ရှိကြောင်း၊

ပြတိုက်မှပုံတွင် မျက်လုံး၊ နှာတံ၊ ပါးစပ်တို့၏အကွာအဝေးကိုစက်ဝန်းများ၊ မူဉ်းများ၊ ချင်းဝက်များဖြင့်ကွန်ပါကျကျ သတ်မှတ်ပြီး ဆွဲထားသည်ကို တွေ့ရ

ကြောင်း၊ အခြားပုံ၌ ယင်း အခြေခံအမှတ် အသားများမတွေ့ရကြောင်း၊ ပြတိုက်မှပုံတွင် လက်သန်းမှကားချပ်ဘောင်အထိ အကွာအဝေးသည် အခိုးမခံရ 

စဉ်က ရိုက်ထားသော ဓာတ်ပုံပါ အကွာအဝေးနှင့် ကိုက်ညီကြောင်း၊ အစစ်ဟု တင်ပြသောပုံ၌ ယင်း အကွာအဝေးမှာ ကျဉ်းနေကြောင်း၊ ဒါဗင်ချီမှာ ဘယ်သန်ဖြစ်၍ ဘယ်လက်နှင့်ဆွဲကြောင်း၊ မျဉ်းစောင်း စုတ်ချက်များဆွဲရာတွင် ဘယ်သန်များသည် စုတ်တံ ကို ညာမှ ဘယ်သို့ဆွဲကြကြောင်း၊ ညာသန်များသည် ဘယ်မှ ညာ သို့ ဆွဲ တတ် ကြောင်း၊ ပြတိုက်မှ ကား တွင် စုတ်ချက်များညာမှ ဘယ်သို့ဆွဲထားပြီး အစစ် ဆိုသောကားတွင် ဘယ်မှညာသို့ ဆွဲထားကြောင်း၊ ပြတိုက်မှကားတွင် မိုနာလီဇာ၏ ဘယ်ပခုံးနောက် တွင်ဂုံး ၃-ခုနှင့် တဝက်ပါသော တံတားငယ်တခုရှိ ကြောင်း၊ ဂုံးများတခုအပေါ်တခု ဆင့်တက်သွားပြီး ကြီးစဉ်ငယ်လိုက် ဆွဲထားကြောင်း၊ အခြားကားတွင် ဂုံးလေးခုရှိသော တံတားဖြစ်နေပြီး ဂုံးများ တရွယ် တည်းဖြစ်နေကြောင်း၊ အခိုးမခံခင်က ရိုက်ထားသော ဓာတ်ပုံနှင့် ပြတိုက်မှ ပုံတို့ ကိုက်ညီကြောင်း၊ ထို့ ကြောင့် ပြတိုက်မှကားချပ်သာအစစ်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်၏။ သို့သော် ကားချပ် ၂-ခုဖြစ်နေခြင်း ကပင် လူများအားဒွိဟ ဖြစ်စေခဲ့သည်။ ပြင်သစ် အစိုးရက ဂိုးလ်

ဘလပ်အား လပ်ထိုးသဖြင့် ပြတိုက် မှ ကားကို အစစ်ဟု ထွက်ဆိုသည်။ အခြားကားချပ် မှာဒါဗင်ချီ၏ လက်ရာမှန်ဖြစ်သည်ဟု တီးတိုးပြော ကြပြန်လေသည်။ မည်သို့ဖြစ်စေ ကားချပ် ၂-ခုလုံး၊ အဘိုး အနဂ္ဃတန်နေလေသည်။


ပြတိုက်မှ ကားချပ်ကို ပြင်သစ်ဘုရင်ဖရန်စ္စစ် (၁) က ဖလော်ရင့် ရွှေဒင်္ဂါးလေးထောင် ပေးဝယ်ခဲ့သည်။ ၁၆၄၄-ခုနှစ်နောက်ပိုင်း လူဝီ (၁၄) ဘုရင်က ယင်း ကားချပ်ကို ဗာဆိုင်းနန်းတော်သို့ယူသွား၏။ ကမ္ဘာ အနှံ့ အပြား မိုနာလီဇာအကြောင်း သီချင်းစပ်ဆိုခြင်း၊ ကဗျာဖွဲ့ခြင်း၊ စာအုပ်စာတမ်းရေးခြင်းပြုကြ၏။ နှစ်ပေါင်း ၂၀-ကျော်က အနောက် ဂျာမနီ၌ ဒါ ဗင်ချီမွေးနေ့ အထိမ်းအမှတ် တံဆိပ်ခေါင်းထုတ်ရာ ဒါဗင်ချီပုံမဟုတ်ဘဲ မိုနာလီဇာပုံကို တံဆိပ်ခေါင်း တွင် ရိုက်နှိပ်ဖော်ပြကြသည်။ ဆိုဗီယက် ရုရှားသည် ပင် မိုနာလီဇာ၏ညှို့ဓာတ်မှမလွတ်ခဲ့ချေ။ ဆိုဗီယက် အကယ်ဒမီကြီးက ‘မျက်မှောက်ခေတ် ဆိုဗီယက် အမျိုးသမီး ကောင်းများသည် မိုနာလီဇာနှင့် တူကြ ပေသည်’ ဟု ဆို၏။



၁၉၆၂-ခုနှစ်တွင် မိုနာလီဇာ ကမ္ဘာလှည့်ခရီး ထွက်ခဲ့၏။ ထိုနှစ် ဒီဇင်ဘာလ ၁၄-ရက်နေ့တွင်နယူးရော့မြို့သို့ ရေလမ်းဖြင့် ရောက်လာလေသည်။ ဆိပ် ကမ်းတခုလုံး လုံခြုံရေးအစောင့်များ အပြည့်ချထားရ ၏။ ကျည်ဆန်ပီးကားတွင်း၌ သေချာစွာ ထုပ်ပိုးယူ လာသောကားချပ်ကို ကား ၉-စီး အပြည့် တင်ထား သော ကိုယ်ရံတပ်များနှင့် ဆိုင်ကယ်စီး ရဲသားများ၊ စုံထောက်များခြံရံကာ သယ်ရလေသည်။ ရေလမ်း ခရီးတွင်လည်း အထူးအစီအစဉ်များလုပ်သယ်ခဲ့ရ၏။ ကမ္ဘာတွင်အကြီးဆုံး လူစီးသင်္ဘောကြီး ‘ဖရန့်’ ပေါ်တွင် ရာသီဥတုဒဏ်ခံနိုင်အောင် သိပ္ပံကိရိယာ များ တပ်ဆင်ထားသည့်အခန်းတွင်း၌ ပေါင် ၁၆၀- လေးသည့် အာမခံသေတ္တာကြီးတွင်း ထည့်ယူခဲ့၏။ တလမ်းလုံးအစောင့်များ ၂၄-နာရီပြည့် စောင့်ကြပ် လိုက်ပါခဲ့လေသည်။


ဝါရှင်တန်ရောက် ပြင်သစ်နှင့်အမေရိကန် အရာရှိများက အမျိုးသားပြတိုက်သို့ သယ်သွားပြီးသေချာစွာဖွင့်ထုတ်ကြသည်။ သတင်းထောက် များအား ခွင့်ပြုထားသည့်နေရာမှသာ ဓာတ်ပုံ ရိုက်ခွင့် ပေး သည်။ အန္တရာယ်အားလုံး ကာကွယ်သည့် ကိရိယာ များ စိတ်တိုင်းကျတပ်ဆင်ပြီးမှ လူထုအား ပြသလေ သည်။ မိုနာလီဇာဖွင့်ပွဲ၌ ကွယ်လွန်သူ အမေရိကန် သမ္မတကနေဒီက မိုနာလီဇာသည် ပြင်သစ်၊ အမေရိကန် နှစ်နိုင်ငံတို့၏ သမိုင်းဝင် ချစ်ကြည်ရေးကို ခိုင်မြဲ အောင်ဆောင်ရွက်သူ ဖြစ်ပါသည်။” ဟု မိန့်ခွန်းတွင် ပြောခဲ့လေသည်။


မိုနာလီဇာပဟေဠိများ ဖြေရခက်သလောက် မိုနာလီဇာအပေါ် အဖွဲ့အလွမ်း များလွန်းလှ၏။ ရောက်လေရာအရပ်တိုင်း သူ့ဂယက် ရိုက်သွား ရမြဲဖြစ်သည်။ တည်း။ မြန်မာနိုင်ငံသို့ ကားချပ်အစစ် မရောက်လာ သေးသော်လည်း သူ့ရုပ်ရှင်ကားပြရုံနှင့် ရန်ကုန်ရှိ ကျောင်းသူလောကတွင် မိုနာလီဇာ ဆံပင်ပုံ ဖမ်း လာကြသူများကို သတိပြုမိပါသည်။


ဒေါက်တာ ခင်မောင်ညွန့်


Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်