စစ်မှန်တဲ့ သူငယ်ချင်း

 



စစ်မှန်တဲ့ သူငယ်ချင်း


တနေ့တော့ ကလေးတယောက်က သူ့အဖေဆီ ဝမ်းသာအားရ ပြေးလာပြီး ‘အဖေ... ဒီနေ့ သားမွေးနေ့လေ။ သားသူငယ်ချင်းတွေအကုန်လုံးကို ဖုန်းဆက်ပြီး သားနဲ့တူတူ လာဆင်နွှဲဖို့ ပြောပေးပါဦး’ လို့ ပြောတာပေါ့။


အဖေဖြစ်သူကလည်း ပြုံးပြီး ‘ရတာပေါ့ သားရဲ့’ လို့ ပြန်ပြောခဲ့တယ်။


အဲဒီကလေးလေးဟာ တနေ့ခင်းလုံး မွေးနေ့ပွဲအကြောင်း စိတ်ကူးယဉ်ပြီး ကျောင်းမှာ ပျော်မြူးနေခဲ့တာပေါ့။ ညနေကျောင်းဆင်းလို့ အိမ်ပြန်ရောက်တဲ့အခါမှာတော့ အိမ်ကြီးက တခုလုံး တိတ်ဆိတ်ပြီး ခြောက်ကပ်နေခဲ့တယ်။ ဧည့်ခန်းထဲမှာ ကလေးသုံးယောက်ပဲ ထိုင်နေတာကို တွေ့ရတယ်။ သူ့သူငယ်ချင်းတွေအများကြီးထဲကမှ သုံးယောက်တည်းပဲ ရောက်နေခဲ့တာပါ။


ကလေးလေးရဲ့ မျက်နှာလေး ချက်ချင်း ညှိုးငယ်သွားပြီး သူ့အဖေကို မော့ကြည့်ကာ ‘အဖေ... သားသူငယ်ချင်းတွေ အကုန်လုံးကို တကယ်ပဲ ဖုန်းဆက်ပေးခဲ့တာ ဟုတ်လား’ လို့ မေးတယ်။


အဖေက ‘ဆက်ပေးခဲ့တာပေါ့ သားရဲ့၊ တယောက်မကျန် ဆက်ပေးခဲ့တာ’ လို့ ပြန်ဖြေတယ်။


‘ဒါဆို ဘာလို့ သုံးယောက်တည်းပဲ လာတာလဲဟင်’


အဖေဖြစ်သူက သားလေးကို အနားသို့ ဆွဲခေါ်ပြီး မျက်လုံးချင်းစုံကြည့် ပြီး 


‘သား... သူတို့ကို သားမွေးနေ့လို့ အဖေမပြောခဲ့ဘူး။ သားနေမကောင်းလို့ သားမှာ သူတို့ကို လိုအပ်နေတယ်လို့ပဲ ပြောလိုက်တာ။ အဲဒီတော့ ဒီသုံးယောက်က သူတို့အလုပ်တွေအကုန်ပစ်ထားပြီး သားဆီ ပြေးလာကြတာပေါ့’


အဖေက သားလေးရဲ့ မျက်ရည်တွေကို သုတ်ပေးရင်း ခပ်တိုးတိုး ကတ်ပြီးပြောလိုက်တယ် -


‘ကိတ်မုန့်စားဖို့နဲ့ ပျော်ပွဲပါတီဆင်နွှဲဖို့ဆိုရင်တော့ ဘယ်သူမဆို ရောက်လာကြမှာပဲ။ ဒါပေမဲ့ စစ်မှန်တဲ့ သူငယ်ချင်းဆိုတာ မိမိအတွက် ဘာအကျိုးအမြတ်မှ မရှိတဲ့အချိန်မျိုးမှာလည်း ရောက်လာတတ်ကြတယ်။ မင်း နေမကောင်းဖြစ်နေချိန်၊ စိတ်ဓာတ်ကျ စိတ်ပျက်နေချိန်၊ ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ လဲကျပြီး ကိုယ့်ဘာသာကိုယ် ပြန်မထနိုင်တော့တဲ့ အခြေအနေမျိုးမှာ ရောက်လာတတ်ကြတဲ့  သူငယ်ချင်းတွေကိုပဲ မင်း တန်ဖိုးထား ကာကွယ်စောင့်ရှောက်ရမယ်။ သူတို့ဟာသာ မင်းရဲ့ စစ်မှန်တဲ့ သူငယ်ချင်းတွေပဲ သား’"

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်