ယေနာတိုက်ပွဲ

 


ယေနာတိုက်ပွဲ

ယေနာတိုက်ပွဲစဉ်သည် စစ်ပွဲသည် ၁၈၀၆ ခုနှစ်တွင် ပြင်သစ် ဧကရာဇ် နပိုလီယံလက်အောက်သို့ ပရပ်ရှားနိုင်ငံ ကျရောက်စေသော တိုက်ပွဲစဉ်ဖြစ်သည်။

၁၈၀၅ ခုနှစ်တွင် အော်စတားလစ်တိုက်ပွဲဖြင့် သြစတြီးယားကို အောင်မြင်ပြီးနောက် ပြင်သစ်တပ်တော်ကြီးသည် ပြင်သစ် နိုင်ငံသို့မပြန်ပဲ ရိုင်းမြစ်တလျှောက်နှင့် ဂျာမနီတောင်ပိုင်းတွင် တပ် စွဲနေခဲ့သည်။ ပြင်သစ်အင်ပါယာ၏ ဧကရာဇ် နပိုလီယံသာလျှင် ပြင်သစ်နိုင်ငံသို့ ပြန်ခဲ့သည်။

ပရပ်ရှားနိုင်ငံသည် ဗြိတိန်၊ ရုရှားနှင့် သြစတြီးယားတို့၏ တတိယ မဟာမိတ်အဖွဲ့သို့ မဝင်ရောက်ပဲနေခဲ့ရာ အော်စတားလစ် စစ်ဆင်ရေးဖြင့် သြစတြီးယားနိုင်ငံ ပြင်သစ်လက်အောက်သို့ ကျ ရောက်ပြီးနောက် အထီးကျန် ပရပ်ရှားသည် ပြင်သစ်၏ စစ်အန္တရာယ် ကို စိုးရိမ်လာခဲ့သည်။ ဤတွင် ပရပ်ရှားသည် ဆက်ဆွန်နီနှင့် မဟာ မိတ်ဖွဲ့ပြီး ရုရှားထံမှလည်း အကူအညီရရှိရန် ဆက်သွယ်ထားခဲ့ သည်။

၁၈၀၆ ခုနှစ် နွေရာသီတွင် ပြင်သစ်၏ ခြိမ်းခြောက်မှုပြင်း ထန်လာသဖြင့် ပရပ်ရှားဘုရင် ဖရက်ဒရစ်ဝီလျံသည် စစ်တပ်များကို ရွှေ့ပြောင်းသည်။ သြဂုတ်လနှင့် စက်တင်ဘာလများတွင် ပရပ်ရှား စစ်ကြောင်းများသည် တောင်ဘက်သို့ ချီတက်ခဲ့သည်။

ပြင်သစ်တပ်များရွှေ့ပြောင်းမှု

ပရပ်ရှားနိုင်ငံက စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာသောအခါ ပြင်သစ်နိုင်ငံကလည်း မိမိစစ်တပ်များကို ပြောင်းရွှေ့မှုများပြုလုပ်ခဲ့ သည်။ ဂရံနေဒီယားအစောင့်တပ်သား ၃,၇၀၀ ကို ရိုင်းမြစ်သို့ အလျင်အမြန်ပို့ရာ စက်တင်ဘာ ၂၈ ရက်နေ့တွင် ရောက်သည်။ ပြင်သစ်တပ်ရင်းများကိုလည်း တပ်စွဲရာ ဒေသများမှ အရှေ့မြောက် ဘက်ဆီသို့ ပြောင်းရွှေ့သည်။ အောက်တိုဘာလ ပထမပတ်တွင် ပြင်သစ်တပ်မကြီးများသည် အောက်ပိုင်း ဘာဗေးရီးယားတွင် စုရုံး မိကြပြီး ဆက်ဆွန်နီနှင့် ပရပ်ရှားသို့ သွားရာလမ်းများကို တားဆီး နေသည့် သစ်တောတောင်ကုန်းများကို စတင်ထိုးဖောက် ချီတက် ကြသည်။

နပိုလီယံ၏ စစ်ရေးအစီအစဉ်

နပိုလီယံ၏ စစ်ရေးအစီအစဉ်မှာ စစ်အင်အားကို အကြီးမား ဆုံး အလုံးအရင်းစုစည်း၍ ဘာလင်မြို့ဆီသို့ ချီတက်ယင်း ရသမျှ အခွင့်အလမ်းများကို ဖန်တီးယူရေး ဖြစ်သည်။ မိမိအား ရင်ဆိုင် ရန် ပရပ်ရှားတပ်များ ရွှေ့ပြောင်းသမျှ ဘာလင်မြို့တော် ကာကွယ် ရေးကို အားနည်းစေမည် ဖြစ်သည်။

ထိုးစစ်ဆင်ရေးတွင် အနောက်အရပ်မှ ထိုးစစ်သည် ပရပ်ရှား တပ်များကို ဘာလင်မြို့ဆီသို့ တွန်းပို့ရာရောက်မည်ဖြစ်ပြီး ဘာလင်မှ ယင်းတို့ကို ကူညီမည့် ရုရှားတပ်များရှိရာ နယ်စပ်သို့ ရောက်ရှိသွားနိုင်

သည်။ တောင်အရပ်မှထိုးစစ်သည် ပရပ်ရှားတပ်များကို ဘာလင်မြို့ တော်နှင့်သာမက ရုရှားတပ်များနှင့်လည်း ကွဲကွာစေမည် ဖြစ်သည်။

တောင်အရပ်မှထိုးစစ်ကို အထောက်အကူဖြစ်စေရန် နပိုလီယံ ၏ညီအစ်ကိုတော်ဟော်လန်ဘုရင်လူးဝစ်က မြောက်ဘက်မှစစ်ပြင်ဆင် မှုများပြုလုပ်၍ ပရပ်ရှားတပ်များကို လှည့်စားရမည်ဖြစ်သည်။ ထို အစီအစဉ်အရ ဟော်လန်ဘုရင်သည် မိမိ၏ စစ်အင်အားကို ပုံကြီး ချဲ့၍ ပြန်တမ်းထုတ်ပြီး အောက်တိုဘာလဆန်းတွင် တပ်များအသင့် ပြင်၍ ပရပ်ရှားကို ခြိမ်းခြောက်ရမည် ဖြစ်သည်။

ပြင်သစ်တပ်တော် ချီတက်ခြင်း

ပြင်သစ်တပ်တော်ကြီးသည် မျဉ်းပြိုင်တည်ရှိနေသော လမ်း မကြီးများအတိုင်း စစ်ကြောင်းသုံးကြောင်းခွဲ၍ တရက်ခရီး၊ နှစ် ရက်ခရီးခြားကာ ချီတက်သည်။ဘာနားဒိုး၏ အမှတ် ၁ တပ်မကြီး၊ မူရား၏မြင်းတပ် ဒါဗူး၏ အမှတ် ၃ တပ်မကြီးနှင့် ဧကရာဇ်၏စစ်ဌာနချုပ်တို့ပါဝင် သော အလယ်စစ်ကြောင်းသည် ဘင်ဘတ်-လိုက်ပဇစ် လမ်းမကြီးမှ ချီတက်သည်။ စုစုပေါင်းအင်အား ၇၀,၀၀၀ ရှိသည်။ မာရှယ် ဆောက်၏ အမှတ် ၄ တပ်မကြီးနှင့် မာရှယ်နေး၏ အမှတ် ၆ တပ် မကြီးတို့ ပါဝင်သည့် လက်ယာ စစ်ကြောင်းသည် ဘေရု-ပလဲတ် အင်စ လမ်းမှ ချီတက်သည်။ စုစုပေါင်းအင်အား ၅၀,၀၀၀ ရှိသည်။ မာရှယ်လန်း၏ အမှတ် ၅ တပ်မကြီးနှင့် မာရှယ်အော်ဂရူး၏ အမှတ် ၇ တပ်မကြီးတို့ ပါဝင်သည့် လက်ဝဲ စစ်ကြောင်းသည် ဘင်ဘတ်-ကိုဘတ်-ဆားဖီးလ် လမ်းအတိုင်း ချီတက်သည်။ ထိုစစ်ကြောင်း သည် အခြား စစ်ကြောင်းများထက် အားနည်းသည်။ ပြင်သစ် တပ်တော်ကြီးတွင် စုစုပေါင်းအင်အား ၁၆၀,၀၀၀ ရှိသည်။


ပရပ်ရှားတပ်များ၏ ရင်ဆိုင်မှု

ဆက်ဆွန်အင်အား ၂၀,၀၀၀ အပါအဝင် အင်အား ၁၂၀,၀၀၀ ရှိသော ပရပ်ရှားတပ်များသည် ရွှေ့ပြောင်းမှုတွင် နှေး ကွေးသည်။ စက်တင်ဘာလကုန်တွင် ပရပ်ရှားတပ်များသည် သူရင် ဂျီယင် တောင်တန်း၏ မြောက်ဘက်တောင်ခြေသို့ ရောက်ရှိသည်။ ထိုအချိန်တွင် ပြင်သစ်တပ်များသည် ဘာဗေးရီးယားသို့ ဝင်ရောက် စုရုံးမိနေပြီဖြစ်သည်။

အောက်တိုဘာလ ၈ ရက်နေ့အခြေအနေမှာ ပရပ်ရှားဘုရင် လိုက်ပါလာသော အင်အား ၅၃,၀၀၀ ရှိ ပင်မတပ်တော်နှင့် မာရှယ် ဗြန်းရှဝိတ်၏ တပ်မကြီးတို့သည် အိုင်ဆင်နက် နှင့် အားဖွတ် အကြား ရှိ ဒေသများကို စိုးမိုးထားသည်။ ထို့မှ ၂၅ မိုင်အကွာရှိ ဆားလေ မြစ်တလျှောက်တွင် မင်းသားကြီး ဟိုဟင်လိုဟဲ၏ အင်အား ၄၃,၀၀၀ ရှိ တပ်နှင့်တပ်ဆွယ်များသည် တောင်ဘက်တွင် မိုင်နင်ငဲ မှ မြောက်ဘက်တွင် မက်ဒီဘတ် အထိ တပ်ဖြန့်ထားသည်။ ဘရန့် စဝစ်နှင့် ဟိုဟင်လိုဟဲတို့၏ တပ်များသည် နပိုလီယံ၏တပ်များ ချီတက်ရေးလမ်းကြောင်း၏ လက်ဝဲဘက်တွင် ရှိသည်။

အောက်တိုဘာလ ၉ ရက်နေ့နံနက်တွင် ဆားလေမြစ်ကမ်းသို့ ချဉ်းကပ်လာသော ဘာနားဒိုး၏ ရှေ့ပြေးတပ်နှင့် တောရ်အင်ဇီယင် ၏ တပ်ဆွယ်တခုတို့ တွေ့ဆုံတိုက်ပွဲဖြစ်ပွားကာ ထိုတပ်ဆွယ်မှာ အကြီး အကျယ် အထိနာခဲ့သည်။ ဤသို့ဖြင့် ပြင်သစ်တပ်များ ချဉ်းကပ် လာမှုကို ပရပ်ရှားဘက်မှ သိရှိသွားခဲ့သည်။

ပရပ်ရှားဘုရင်နှင့် တပ်မှူး ဗိုလ်ချုပ်များသည် နပိုလီယံကို ရင်ဆိုင်တိုက်ခိုက်ရမည်လော၊ ဆားလေမြစ်ကမ်းပေါ်တွင် နေရာယူ ထားရမည်လော၊ အရံတပ်များနှင့်ပူးပေါင်းဆုတ်ခွာပြီး အယ်လ်ဘာ

မြစ်တွင် အခိုင်အမာ နေရာယူထားရမည်လောဆိုသည်ကို မဆုံးဖြတ် နိုင်ပဲ ဖြစ်နေခဲ့သည်ဟု ဆိုသည်။ နောက်ဆုံးတွင် ယေနာမြို့အနီး ဆားလေမြစ်၏ လက်ဝဲကမ်းပေါ်တွင် တပ်အားလုံးစုရုံး၍ အခြေ အနေကို စောင့်ကြည့်နေခဲ့သည်။

ယေနာတိုက်ပွဲအတွက် ပြင်ဆင်ခြင်း

ဘာနားဒိုး၏တပ်နှင့် တိုက်ပွဲဖြစ်ပွားပြီး တောရ်အင်ဇီယင်၏ တပ်များ ယေနာမြို့ဆီသို့ ဆုတ်ခွာစဉ် အောက်တိုဘာလ ၁၀ ရက် နေ့ နံနက်တွင် မာရှယ်လန်း၏ ပြင်သစ်တပ်များသည် ဆားလေမြစ် သို့ ရောက်ရှိလာပြီး မြစ်၏ လက်ဝဲကမ်းပေါ်ရှိ ဆားဖီးလ်အနီးတွင် ဟိုဟင်လိုဟဲ၏ ရှေ့ပြေးတပ်ကို ချက်ချင်းတိုက်ခိုက်သည်။

ပရပ်ရှား မင်းသားကြီး လူဝီဖာဒီနန်သည် တပ်ဆုတ်မှု အလွန်နှေးကွေးသဖြင့် ပြင်သစ်တပ်များ ဝိုင်းဝန်းတိုက်ခိုက်ခံရကာ ယင်းကိုယ်တိုင် ကျဆုံးသွားသည်။ ထိုသတင်းသည် ပရပ်ရှားတပ် များကို စိတ်ဓာတ်ကျစေသည်။

နပိုလီယံသည် ဘရန့်စဝစ်၏တပ်များ အယ်လ်ဘာမြစ်ဆီသို့ ဆုတ် ခွာနေပြီဟု ယူဆကာ ယင်းကိုရင်ဆိုင်ရန် အရှေ့မြောက်ဘက်ဆီသို့ ဆက်လက်ချီတက်သည်။ နပိုလီယံသည် အားဖွတ်နှင့် ဝိုင်းမား အကြားတွင် ပရပ်ရှားတပ်များ အလုံးအရင်းနှင့် ရှိနေကြောင်းကို အောက်တိုဘာလ ၁၂ ရက်နေ့တွင်မှ သိရပြီး ယင်းစောင့်မျှော်နေခဲ့ သော အခွင့်အလမ်းကို ရရှိပြီးဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။

နပိုလီယံသည် လက်ယာစစ်ကြောင်းနှင့် အရံမြင်းတပ်ကို ယေနာမြို့တည်ရှိရာ အနောက်ဘက်သို့ ချီတက်စေသည်။ ထိုအချိန်တွင် မာရှယ်လန်းနှင့် အော်ဂရူးတို့သည် ယေနာမြို့ကို တောင်ဘက်မှ ချဉ်းကပ်မိနေပြီ ဖြစ်သည်။ တချိန်တည်းတွင် နပိုလီယံသည် မာရှယ် ဒါဗူးကို မြောက်ဘက်ရှိ နောင်ဘတ် သို့ ချီတက်စေသည်။ နောင်ဘတ်မှ ပရပ်ရှားတပ်များ၏ နောက်ပိုင်းနှင့် စစ်နံကို ခြိမ်းခြောက် ရမည် ဖြစ်သည်။ မာရှယ်ဘာနားဒိုးကိုလည်း ဒွန်းဘတ် မြို့တွင် တပ်စွဲစေပြီး ဒါဗူး၏ တပ်ကို လည်းကောင်း၊ ပင်မတပ်ကိုလည်း ကောင်း အကူအညီပေးစေသည်။

ထိုအချိန်တွင် ပရပ်ရှားတပ်များသည် မိမိ၏ ကံကြမ္မာကို သိမြင်လာပြီး မြောက်ဘက်သို့ ချီတက်ရန် ဆုံးဖြတ်သည်။ ဘရန့် စဝစ်သည် ဝိုင်းမားမြို့ကို ရှောင်ကွင်းပြီး အောင်စတတ်သို့ ချီတက် သည်။ ဟိုဟင်လိုဟဲက နောက်ထောက်တပ်အဖြစ် ယေနာမြို့နှင့် မျက်နှာချင်းဆိုင် လက်ဝဲကမ်းပေါ်တွင် နေရစ်သည်။ ဟိုဟင်လိုဟဲ ကို ဘုရင့်တပ်တော် အန်စတာရ်ဘတ် ကို ဖြတ်ကျော်မပြီးမချင်း ပြင်းထန်သော တိုက်ပွဲများ မတိုက်ခိုက်ရန် အမိန့်ပေးထားသည်။ အောက်တိုဘာလ ၁၃ ရက်နေ့တွင် နပိုလီယံ ယေနာမြို့သို့ ရောက် လာသည်။ နပိုလီယံသည် ပရပ်ရှားတပ် အလုံးအရင်းကို တိုက်ရ တော့မည်ဟု ယူဆထားသည်။ ဟိုဟင်လိုဟဲကမူ နပိုလီယံသည် နောင်ဘတ်မြို့တွင် ရှိမည်ဟုယူဆပြီး ယေနာသို့ ရောက်ရှိလာသော ပြင်သစ်တပ်ကို တပ်မကြီးတခုတည်းဟု ထင်နေခဲ့သည်။

ယေနာတိုက်ပွဲ

ယေနာမြို့နှင့် မျက်နှာချင်းဆိုင်ရှိ ဆားလေမြစ်၏ လက်ဝဲ ကမ်းပါးသည် မတ်စောက်ပြီး ကုန်းပြင်မြင့်တခု အဖြစ် တည်ရှိ သည်။ ထိုကုန်းပြင်မြင့်တွင် ကျေးရွာများနှင့် သစ်တောများ ပြန့်နှံ့ ကြဲနေသည်။ ကုန်းပြင်မြင့်၏ မြောက်ဘက်နှင့် တောင်ဘက်တွင် တောင်ကြားများကံဆီးနေသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဟိုဟင်လိုဟဲ၏ တပ်များ သည် ဝိုင်းမား-ယေနာလမ်းတလျှောက် တောင်ဘက်သို့ မျက်နှာမူ လျက် ရှိသည်။ ထိုအချိန်တွင် မာရှယ်လန်းသည် ကုန်းပြင်မြင့်အဆွယ်တွင် တည်ရှိသော လင်ဂရာဗင်အတ် ကျေးရွာကို အခုအခံအနည်းငယ်ဖြင့် သိမ်းပိုက်ထားပြီ ဖြစ်သည်။

အောက်တိုဘာလ ၁၃ ရက်နေ့တွင် မိမိကိုယ်တိုင် လေ့လာချက်အရ နပိုလီယံသည် ကုန်းပြင်မြင့်တွင် တပ်ကြီးများဖြန့်ရန် နေရာရရှိရေးကို ဦးစွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိမြင်ခဲ့သည်။ ထို့ကြောင့် ထိုညတွင် မာရှယ်လန်း၏ တပ်ကျန်များကို အမြန်ဆက်လက် ချီတက်ရန် ညွှန်ကြားခဲ့သည်။ ၁၄ ရက်နေ့ နေမထွက်မီ ဆီးနှင်းထူထပ်စွာ ကျနေစဉ် တိုက်ပွဲစတင်ရန် အမိန့်ပေးသည်။

ယင်းနှင့် တပြေးညီစွာပင် မြောက်ဘက်မှ မာရှယ်ဆောက်၏ တပ်များကလည်းကောင်း၊ တောင်ဘက်မှ အော်ဂရူး၏ တပ်များကလည်းကောင်း ကုန်းပြင်မြင့်၏ မြောက်ဘက်နှင့် တောင်ဘက်ရှိ တောင်ကြားများကို ထိုးဖောက်တိုက်ခိုက်ကြသည်။ နံနက် ၉ နာရီတွင် ကျေးရွာအချို့ကို သိမ်းပိုက်မိပြီး မြစ်ကို ဖြတ်ကူးနေပြီဖြစ်သော တပ်ရင်းကြီးများ တပ်ဖြန့်ရန် နေရာရရှိခဲ့သည်။ ပြင်သစ်တပ်များသည် နောက်ထပ်နေရာ ရရှိရေးအတွက် ဆက်လက် တိုက်ခိုက်ကြသည်။

ဟိုဟင်လိုဟဲသည် မိမိရင်ဆိုင်နေရသည်မှာ မီးကန်ယမ်းကန် တိုက်ပွဲဖြစ်ကြောင်း အချိန်နှောင်းမှသိရှိခဲ့သည်။ နံနက် ၈ နာရီတွင် အခြေအနေ ပြင်းထန်လာသဖြင့် ဝိုင်းမားရှိ ရူးရှဲလ် အား မိမိထံသို့ အလျင်အမြန်ချီတက်လာရန် သတင်းပို့သည်။ မိမိကိုယ်တိုင်ကမူ ကျေးရွာလုတိုက်ပွဲတွင် ပါဝင် ဦးစီးနေခဲ့သည်။ နှစ်ဖက်တပ်များ သိမ်းပိုက်နိုင်ရန် တိုက်ခိုက်နေသော ကျေးရွာကို ထိုအချိန်တွင် ပြင်သစ် အမှတ် ၅ တပ်မကြီးမှ တပ်များနှင့် မာရှယ်နေး၏ ရှေ့ပြေးတပ်များက သိမ်းပိုက်မိပြီ ဖြစ်သည်။

နံနက် ၁၀ နာရီတွင် ဆီးနှင်းများကွဲသွားသည်။ တိုက်ပွဲမှာဆက်လက်ဖြစ်ပွားနေသည်။ ပရပ်ရှားတပ်များသည် ရူးရှဲလ်၏ တပ်များလာရောက်ချိန် ရစေရန် ပြင်သစ်တပ်များကို ဟန့်တားတိုက်ခိုက်ကြ သည်။ စစ်ကြောင်းအသီးသီးမှ ပြင်သစ်တပ်များ ရောက်ရှိလာ သဖြင့် မွန်းတည့်ချိန်တွင် နပိုလီယံ၏လက်၌ တပ်သားအင်အား ဂ၀,၀၀၀ ရှိလာခဲ့သည်။ ဟိုဟင်လိုဟဲ၏ လက်တွင် ၃၀,၀၀၀ သာ ရှိသည်။ ထိုအချိန်တိုင် ရူးရှဲလ်စစ်ကူတပ်များ ရောက်ရှိမလာသေးပေ။

မာရှယ်ဆောက်သည် ပရပ်ရှားတပ်များကို မြောက်ဘက်မှ ဝိုင်းသည်။ ဒက်ဗ်ျဒေင် ၏တပ်များက ပရပ်ရှားတပ်နှင့် ဆက်ဆွန် တပ်များအကြားကို တောင်ဘက်မှထိုးဖောက်သည်။

မွန်းလွဲ ၁ နာရီတွင် နေရာတိုင်း၌ ပြင်သစ်တပ်များ ရှေ့သို့တက်နေသည်။ ရူးရှဲလ်၏တပ်များ ရောက်လာချိန်တွင် ပရပ်ရှားနှင့် ဆက်ဆွန်တပ်များ အနေအထားပျက်နေပြီ ဖြစ်သည်။ ရူးရှဲလ်သည် ဟိုဟင်လိုဟဲ၏တပ်များ ပြန်လည်ဖွဲ့စည်းနိုင်ရန် အကာအကွယ်ပေး တိုက်ခိုက်ရမည့်အစား တပ်ရင်းလိုက် စစ်ဆင်နည်းဖြင့် ပြင်သစ်တပ် များကို တိုက်ခိုက်ရာနာရီဝက်အတွင်းမှာပင် တိုက်ခိုက်မှုပြိုကွဲပြီး ယင်း ကိုယ်တိုင် အကြီးအကျယ် ဒဏ်ရာရသည်။ ယင်း၏ တပ်များသည် ဝိုင်းမားသို့ ဖရိုဖရဲဆုတ်ခွာသွားရသည်။ ညနေ ၄ နာရီတွင် တိုက်ပွဲ ပြီးဆုံးသွားသည်။ ဤသည်မှာ နပိုလီယံသည် အဓိကပရပ်ရှားတပ် တော်ကို အောင်မြင်လိုက်ခြင်းပင် ဖြစ်သည်။

ဟိုဟင်လိုဟဲသည် ရန်သူသတင်း အပြည့်အစုံ မရရှိသဖြင့် တိုက်ပွဲအလားအလာကို မခန့်မှန်းနိုင်ဖြစ်ကာ မိမိ၏ အင်အားကို အလုံးအရင်းဖြင့် မသုံးပဲ အပိုင်းပိုင်းခွဲ၍ သုံးခဲ့သည်။ တိုက်ခိုက်မှုမှာ လည်းတနေရာနှင့်တနေရာ ဆက်စပ်မှုမရှိပေ။ တဘက်ရန်သူမှာ အင် အားကြီးမား သာလွန်ရုံမက တိုက်ခိုက်မှုများကို တခုနှင့်တခု ဆက် စပ်ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ပရပ်ရှားတပ်များသည် ဆုံးရှုံးသင့် သည်ထက် ပို၍ဆုံးရှုံးရခြင်းဖြစ်သည်။ အကယ်၍ ဟိုဟင်လိုဟဲသည် လင်ဂရာဗင်ဘတ်ကျေးရွာကို အလုံးအရင်းနှင့် တက်ရောက် သိမ်းပိုက်ထားခဲ့လျှင် ထိုကျေးရွာသည် ယေနာမြို့ကို စီး၍မြင်ရသော ကုန်းပြင်မြင့်တွင် တည်ရှိသဖြင့် ယေနာတိုက်ပွဲ၏ အခြေအနေမှာ တမျိုး တဖုံပြောင်းလဲသွားနိုင်သည်ဟု သမိုင်းဆရာများက တွက်ဆသည်။

အောစတက်တိုက်ပွဲ

အောက်တိုဘာလ ၁၃ ရက်ညတွင် ပရပ်ရှား ဘုရင့်တပ်တော် သည်ယေနာမြို့မှ မြောက်ဘက် ၁၃မိုင်ကွာရှိ အောစတက်မြို့ အနီး၌ စခန်းချပြီး ၁၄ ရက်နေ့တွင် ဆက်လက်ချီတက်သည်။ ဆီးနှင်းထူ ထပ်စွာ ကျနေစဉ် နံနက် ၇ နာရီတွင် ပြင်သစ်မာရှယ်ဒါဗူး၏တပ် များနှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားသည်။

ပရပ်ရှားတပ်တွင် အင်အား ၇၀,၀၀၀ ခန့်ရှိပြီး ပြင်သစ် တပ်တွင် တပ်မသုံးခုရှိသည်။ မာရှယ်ဒါဗူးနှင့်တပ်မှူးများ ရွပ်ရွပ် ချွံချွံ တိုက်ခိုက်ကြသဖြင့် ပရပ်ရှားတပ်များ မအောင်မြင်နိုင်ပဲရှိသည်။ ထိုတိုက်ပွဲတွင် ပရပ်ရှားဘက်မှ မာရှယ်ဘရန့်စဝစ်သည်မျက်စိနှစ်ဘက် လုံး သေနတ်ထိမှန်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သေဆုံးသွား သည်။ ဘရန့်စဝစ် သေနတ်ထိမှန်ပြီးနောက် ပရပ်ရှားတပ်ကို ဘုရင်က လည်း တတာဝန်ယူသဖြင့် အမိန့်ပေးမည့်သူ မရှိတော့ပဲ ဖြစ်သွား သည်။ မာရှယ်ဒါဗူးသည် တိုက်ပွဲကို ကွပ်ကဲထားနိုင်ခဲ့သည်။

ပရပ်ရှားဘုရင်သည် တန်ပြန်တိုက်ခိုက်မှုမပြုတော့ပဲ ဟိုဟင် လိုဟဲနှင့် ပူးပေါင်းရန် အနောက် တောင်ဘက်ဆီသို့ ဆုတ်ခွာသည်။ သို့ရာတွင် ထိုနေ့ညမှာပင် ဟိုဟင်လိုဟဲ၏ အရှုံးသတင်းကို ကြားသိ ပြီး ဆုတ်ခွာမှုလမ်းကြောင်းကို ဆွန်ဒါဟာဆင် သို့ ပြောင်းလဲလိုက် သည်။ ဤသို့ဖြင့် တရက်အတွင်းမှာ တိုက်ပွဲဝင် ပရပ်ရှားတပ်တော် သုံးခု ပြိုကွဲသွားခဲ့သည်။ ပြင်သစ်တပ်များက အကျဉ်းသား ၂၅,၀၀၀ နှင့် အမြောက်အလက် ၂၀၀ ဖမ်းဆီးရမိသည်။

ယေနာတိုက်ပွဲ၏ ဝိသေသလက္ခဏာ

ယေနာတိုက်ပွဲတွင် နပိုလီယံ၏ စစ်ရေးစစ်ရာ ဝိသေသ လက္ခဏာမှာ ရှုံးနိမ့်ထွက်ပြေးသွားသော ရန်သူကို လိုက်လံချေမှုန်းခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်တွင် သမိုင်းတွင်ကျော် ကြားသော လိုက်လံချေမှုန်းမှုစတင်သည်။ မာရှယ်မူရား၊ မာရှယ် ဆောက်၊ မာရှယ်နေးနှင့် မာရှယ်ဘာနားဒိုးတို့သည် ပရပ်ရှားတပ် များဆုတ်ခွာရာသို့ လိုက်လံတိုက်ခိုက်သည်။ နပိုလီယံသည် ဒါဗူး၊ အော်ဂရူး၊ လန်းတို့နှင့်အတူ ဘာလင်မြို့သို့ ချီတက်ရာ ၂၇ ရက်နေ့ တွင် ဘာလင်မြို့သို့ အောင်မြင်စွာ ရောက်ရှိပြီး ပရပ်ရှားဘုရင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးသည်။

နိုင်ငံအနှံ့ ရန်သူတပ်များအားလိုက်လံချေမှုန်းမှုမှာ နိုဝင်ဘာ လ ၇ ရက်နေ့တွင် ပြီးဆုံးသည်။ ဤသို့ဖြင့် ၂၄ ရက်အတွင်း ပရပ်ရှား နှင့် ဆက်ဆွန်နီတို့၏ စစ်အင်အားမှာ နှစ်အတန်ကြာ နာလန်မထူနိုင် အောင် ပြိုကွဲသွားခဲ့သည်။ ပရပ်ရှားဘက်မှ သေကြေဒဏ်ရာရသူ ၂၅,၀၀၀ နှင့် ဖမ်းဆီးခံရသူ တသိန်း ရှိသည်။ ပြင်သစ်တပ် များသည် လက်နက်ပစ္စည်း အမြောက်အမြားကို သိမ်းဆည်းရမိရာ ဘာလင်မြို့တည်းမှပင် အမြောက်အလက် ၄၀၀၀၊ မြင်း ၂၀,၀၀၀ နှင့် သေနတ် တစ်သိန်း သိမ်းဆည်းရမိသည်။

ယေနာတိုက်ပွဲမှသင်ခန်းစာ

ယေနာတိုက်ပွဲသည် အဟောင်းနှင့် အသစ်တို့၏ တိုက်ပွဲဖြစ် သည်။ ဖရက်ဒရစ်သဂရိတ် လက်ထက်တွင် ခုနစ်နှစ်စစ်ပွဲ၌ ရို့စ်ဘတ် တိုက်ပွဲ (၁၇၅၇) ဖြင့် ပြင်သစ်ကိုအောင်နိုင်ခဲ့သော ပရပ်ရှားတပ် တော်သည် ကမ္ဘာတွင် လက်နက်သစ်များ တိုးတက်လာသည်နှင့်အမျှ စစ်နည်းဗျူဟာများ ပြောင်းလဲလာသည်ကို သတိမမူခဲ့ပေ။ ယခင် အောင်ပွဲများတွင် ယစ်မူးကာ ထိုစဉ်ကအတိုင်း တပ်ဖွဲ့စည်းမှုကို ထားရှိခဲ့သည်။ မြေညီတွင် တန်းစီတိုက်သောနည်းကိုသာ သုံးစွဲခဲ့သည်။ ထို့ကြောင့်ပရပ်ရှားတပ်တော်သည် နည်းဗျူဟာအားဖြင့် ရှေး ဟောင်းပြတိုက်ပစ္စည်းတခု အဖြစ်သာ ရှိနေခဲ့သည်ဟု သမိုင်းဆရာ အချို့က ရေးသားသည်။

ပြင်သစ်တပ်တော်မှာမူ ခုနစ်နှစ်စစ်ပွဲအပြီးနှင့် ၁၈ ရာစုအကုန် ကြားကာလတွင် စစ်တပ်ဖွဲ့စည်းပုံ ပြောင်းလဲခြင်းနှင့်အတူ နည်း ဗျူဟာများလည်း ပြောင်းလဲကျင့်သုံးခဲ့သည်။

ထိုသို့ စစ်တပ်ခေတ်မီခြင်းနှင့် နည်းဗျူဟာ သစ်ဆန်းခြင်း တို့၌ ခြားနားခြင်းအပြင် ပြင်သစ်တပ်နှင့် ပရပ်ရှားတပ်တို့သည် ခေါင်းဆောင်မှု၌လည်း ခြားနားသည်။

ပရပ်ရှားတပ်ခေါင်းဆောင်များသည် စစ်တပ်များပြောင်း ရွှေ့၍ စစ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း တိုက်ပွဲအတွက် အစီ အစဉ် ခိုင်ခံ့စွာ မရေးဆွဲနိုင်ခဲ့ပေ။ စစ်တပ်ပြောင်းရွှေ့လည်း လွန် စွာ နှေးကွေးသည်။ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ထိုးစစ်ကို ရွေးချယ်ခြင်း မရှိရုံမက တိုက်ပွဲနှင့်ကြုံသောအခါတွင်လည်း ပြတ်သားစွာမဆုံးဖြတ် နိုင်ခဲ့ပေ။ ဤသို့ဖြင့် လျင်မြန်စွာ စစ်ကစားခြင်း၊ ပြောင်းလွယ်၊ ပြင်လွယ်မှုရှိခြင်း စသော စစ်အောင်နိုင်ရာ အကြောင်းများ ချို့တဲ့ ခဲ့သည်။ စစ်သတင်းထောက်လှမ်းမှု လွဲမှားခြင်းသည်လည်း စစ်ရှုံး ခြင်း၏ အကြောင်းတချက် ဖြစ်သည်။

နပိုလီယံသည် စိတ်ဓာတ်ကြံ့ခိုင်ပြီး ထိုးစစ်ကို ရွေးချယ်တိုက်ခိုက် ခဲ့သည်။ ယေနာတိုက်ပွဲတွင် မိမိ၏တပ်များကို စုစည်းထားနိုင်ပြီး လိုအပ်သလို လျင်မြန်စွာ စစ်ကစားနိုင်ခဲ့သည်။ တိုက်ခိုက်မှုများကို လည်း တခုနှင့်တခု ဆက်စပ်ပေးနိုင်ခဲ့သည်။ အောစတက်တိုက်ပွဲ တွင် မိမိထက် အင်အားသာလွန်သော ပရပ်ရှားတပ်ကို မာရှယ် ဒါဗူးအောင်မြင်ခဲ့ခြင်းမှာ စိတ်ဓာတ်ကြံ့ခိုင်ခြင်း၊ လျင်မြန်စွာ စစ် ကစားနိုင်ခြင်း၊ ထိုးစစ်ကို ရွေးရှုခြင်း စသော အရည်အချင်းများ ကြောင့် ဖြစ်သည်။



Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်