ပို့အာသာ တိုက်ပွဲ


 ပို့အာသာ တိုက်ပွဲ


ရုရှား-ဂျပန်စစ်ပွဲ (၁၉၀၄-၁၉၀၅) အတွင်း ဂျပန် တပ်များသည် ကွမ်တောင်ကျွန်းဆွယ် ပေါ်ရှိ ရုရှားနိုင်ငံ၏ အရှေ့ဖျားဒေသ ရေတပ်အခြေစိုက်စခန်း မြို့တမြို့ဖြစ်သော ပို့အာသာ မြို့ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြသည်။


သမိုင်းနောက်ခံ


တရုတ်-ဂျပန် စစ်ပွဲ (၁၈၉၄-၁၈၉၅) ဖြစ်ပွားပြီးနောက် ၁၈၉၆ ခုနှစ်တွင် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် မဟာမိတ်ဖွဲ့စည်းခဲ့သည်။ ၁၈၉၇ ခုနှစ်တွင် ရုရှားနိုင်ငံသည် တရုတ်ပိုင် ကွမ်တောင်ကျွန်းဆွယ်ကို ငှားရမ်းခဲ့ပြီး ပို့အာသာမြို့အထိ မီးရထားလမ်းဖောက်လုပ်ခဲ့သည်။


ထိုစဉ်က ရုရှားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့သည် အရှေ့ဖျားဒေသကို လွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းလျက် ရှိနေခဲ့ကြသည်။ ထိုသို့အရှေ့ဖျား ဒေသတွင် သြဇာ လွှမ်းမိုးရေး၌ ရုရှားနိုင်ငံသည် ဂျပန်နိုင်ငံထက် ပိုမို အလားအလာ ကောင်းလျက်ရှိရာ ဂျပန်နိုင်ငံသည် ရုရှားနိုင်ငံကို ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သည်။


ထိုသို့ရှိစဉ် ရုရှားတို့သည် ကိုရီးယားအစိုးရထံမှ ယာလူးမြစ် နှင့် တာမင် မြစ်ဝှမ်းရှိ သစ်တောများမှ သစ်ထုတ်လုပ်ရန် ခွင့်ပြုချက်ရရှိရာ ထိုလုပ်ငန်းအား ကာကွယ်ရေးအတွက် မန်ချူးရီးယားရှိ တပ်များနှင့် အရှေ့ဖျား ရေတပ်ကို အင်အားဖြည့်တင်းရန်နှင့် ယာလူး မြစ်ဝှမ်းသို့ ရုရှားတပ်များ စေလွှတ်ရန် စီစဉ်ခဲ့သည်။ ရုရှားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်သည် ၁၉၀၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ စိန့်ပီတာစဘတ် မြို့တွင် ထိုကိစ္စကို ရုရှားအာဏာပိုင်များနှင့် ဆွေးနွေး ညှိနှိုင်းခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့သဖြင့် နောက်တနေ့တွင် နှစ်နိုင်ငံ သံတမန် ဖြတ်တောက်ခဲ့ကြသည်။


ထို့နောက် ဂျပန်နိုင်ငံသည် စစ်ကြေညာခြင်းမပြုဘဲ အက်ဒမီရယ်တိုဂို ဦးစီးသော ရေတပ်ဖြင့် ဖေဖော်ဝါရီလ ၈ ရက်နေ့ညတွင် ပို့အာသာမြို့ အခြေစိုက်စခန်းရှိ ရုရှားရေတပ်ကို ရုတ်တရက် စတင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ သို့ဖြင့် ရုရှား-ဂျပန်စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။


---------

ပို့အာသာသို့


ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပို့အာသာအခြေစိုက်စခန်းမှ ထွက်၍ တိုက်သော ရုရှားရေတပ်နှင့် ဂျပန်ရေတပ်တို့ ထပ်မံ တိုက်ပွဲ ဖြစ်ပွားရာ ဂျပန်ရေတပ်က အရေးသာခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှစ၍ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားခဲ့ပြီး ဧပြီလ ၁၂ ရက်နေ့ တိုက်ပွဲတွင် ရုရှား အက်ဒမီရယ်မကာရော့ဗ် လိုက်ပါလာသော အလံဆောင်သင်္ဘော သည် မိုင်းထိ နစ်မြုပ်သွားခဲ့သည်။ ဂျပန် ရေတပ်သည် ပို့အာသာမြို့ ဆိပ်ကမ်းကို မိုင်းဗုံးများချကာ ဆက်လက် ပိတ်ဆို့ထားခဲ့သည်။


ထိုသို့ ရေကြောင်းတိုက်ပွဲဖြစ်ပွားနေစဉ် ချင်မြူပိုတွင် ကမ်းတက်ခဲ့ပြီး ချီတက်လာသော ဂျင်နရယ် ကုရိုကီ ဦးစီးသည့် ဂျပန် တို့၏ ပထမတပ်မတော်သည် မေလ ၁ ရက်နေ့၌ ယာလူးမြစ်တွင် ဂျင်နရယ် ဇာဆူလစ်ချ် ၏ ရုရှားတပ်များနှင့် တွေ့ဆုံတိုက်ပွဲဖြစ်ပွားပြီး ရုရှားတပ်များ ဆုတ်ခွာခဲ့ရသည်။


ပို့အာသာမြို့သို့ ချီတက်တိုက်ခိုက်မည့် ဂျင်နရယ်အိုကူ ဦးစီးသည့် တပ်မ ငါးခုပါဝင်သော ဂျပန် ဒုတိယတပ်မတော်သည် မေလ ၅ ရက်နေ့တွင် ပို့အာသာမြို့၏ အရှေ့မြောက် မိုင် ၄၀ အကွာရှိ ပီဇီဝို မြို့တွင် ကမ်းတက်ခဲ့ပြီး ကျွန်းဆွယ်ကို ဖြတ်သန်းကာ ပို့အာမံ တောင်ကြားမြို့သို့ ချီတက်ခဲ့ကြသည်။ ထိုမြို့တွင် အမှတ် ၅ တပ်မကို အစောင့်အရှောက်အဖြစ် ချထားခဲ့ပြီးနောက် အင်အား ၃၈,၅၀၀ ရှိ ကျန်တပ်မလေးခုဖြင့် ကင်ချူ မြို့သို့ ချီတက်ခဲ့သည်။ ထိုမြို့မှတဆင့် နန်ရှန် မြို့သို့ ဆက်လက်ချီတက်ခဲ့ပြီး မေလ ၂၄ ရက်နေ့တွင် အင်အား ၁၈,၀၀၀ ခန့်ရှိ ရုရှားမြို့စောင့်တပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဂျပန်ရေတပ်မှ သင်္ဘောများက အမြောက်များဖြင့် ကူညီ ပပစ်ခတ်ပေးခဲ့သည်။ ထိုတိုက်ပွဲတွင် ဂျပန်စစ်သည် ၄,၈၈၅ ဦး သေကြေ ဒဏ်ရာရရှိခဲ့ပြီး ရုရှားစစ်သည် ၁,၄၁၆ ဦး သေကြေဒဏ်ရာရရှိခဲ့သည်။ ဂျပန်တပ်များသည် နန်ရှန်မြို့ကိုသာမက အနီးရှိ ဆိပ်ကမ်းမြို့ တမြို့ဖြစ်သော ဒဲလ်နီ မြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့သည်။


ထိုသို့ သိမ်းပိုက်ပြီးနောက် ဒဲလ်နီဆိပ်ကမ်းသို့ အမှတ် ၁၁ ဂျပန်တပ်မ ရေကြောင်းဖြင့် ရောက်ရှိလာရာ ထိုတပ်မကို အမှတ် ၁ တပ်မနှင့် ပူးပေါင်းပြီး ဂျင်နရယ်နိုဂီ၏ လက်အောက်တွင် တတိယတပ်မတော်ကို ဖွဲ့စည်းခဲ့သည်။ ထိုတပ်မတော်သည် တောင်ဘက်ရှိ ပို့အာသာမြို့ကို တိုက်ခိုက်ရမည်ဖြစ်ပြီး ဂျင်နရယ်အိုကူ၏ ဒုတိယတပ်မတော်သည် စစ်ကူရောက်ရှိလာမည့် ဂျင်နရယ် စတက်ကယ်ဘတ်ဂ် ၏ ရုရှားတပ်များနှင့် ရင်ဆိုင်ရန် မြောက်ဘက်သို့ ချီတက်ရမည် ဖြစ်သည်။ ဂျပန် ဒုတိယတပ်မတော်သည် ဇွန်လ ၁၄ ရက်နေ့၌ ဂျင်နရယ် စတက်ကယ်ဘတ်ဂ်၏ ရုရှားတပ်များနှင့် တယ်လစ်ဆူ မြို့တွင် ရင်ဆိုင်မိပြီး ရုရှားတပ်များကို တိုက်ထုတ်ပစ်နိုင်ခဲ့သည်။


ပို့အာသာမြို့ကို တိုက်ခိုက်မည့် ဂျင်နရယ်နိုဂီ၏ တတိယတပ်မတော်သည် နောက်ထပ် ရောက်ရှိလာဦးမည့် အမှတ် ၉ တပ်မနှင့် အခြားတပ်များကို စောင့်ဆိုင်းရင်း ခံစစ်အနေအထားဖြင့် ဒဲလ်နီတွင် ဆက်လက် တပ်စွဲထားခဲ့သည်။ ဇူလိုင်လ ၇ ရက်နေ့တွင် အမှတ် ၉ တပ်မ စတင်ရောက်ရှိလာခဲ့ပြီးနောက် ဇူလိုင်လ ၂၆ ရက်နေ့တွင် ပို့အာသာမြို့သို့ စတင် ချီတက်တိုက်ခိုက်ရာ ဇူလိုင်လ ၃၀ ရက်နေ့တွင် ခံတပ်အနီးတိုင် ချဉ်းကပ်နိုင်ခဲ့သည်။


နှစ်ဘက်တပ်များ၏ အင်အားနှင့် အနေအထား


ဂျပန် ဂျင်နရယ်နိုဂီ၏ တတိယတပ်မတော်တွင် အမြောက် ၄၇၄ လက်နှင့် အင်အား ၈၀,၀၀၀ ကျော်ရှိပြီး ပို့အာသာမြို့တွင်းရှိ ရုရှား ဂျင်နရယ်စတော့ဆဲလ် ၏ လက်အောက်တွင် အမြောက် ၅၀၆ လက်နှင့် အင်အား ၄၂,၀၀၀ ခန့်ရှိသည်။


ရုရှားတပ်များသည် အဓိက ခံစစ်ကြောင်း နှစ်ကြောင်းကို ဆောက်လုပ်ထားကြသည်။ အပြင်ဘက်အကျဆုံး ခံစစ်ကြောင်းမှာ ပို့အာသာမြို့ဟောင်း၏အလယ်ဗဟိုမှ ကိုက် ၄၀၀၀ ခန့် အကွာရှိ အုတ်တံတိုင်းတလျှောက်တွင် တည်ဆောက်ထားသော ခံစစ်ကြောင်းဖြစ်ပြီး ထိုခံစစ်ကြောင်းတလျှောက်တွင် ကွန်ကရစ်ခံတပ်များကို အခိုင်အမာ ဆောက်လုပ်ထားသည်။ လန်ဟိုမြစ် အနောက်ဘက်ကမ်းရှိ ပို့အာသာမြို့သစ်နှင့် ဆိပ်ကမ်းတို့ကိုပါ အကာအကွယ် ပေးနိုင်ရန် ထိုခံစစ်ကြောင်းကို မြို့ပတ်ပတ်လည်တွင် တဆက်တည်း ဆောက်လုပ်ထားသည်။ အတွင်းဘက်ရှိ ခံစစ်ကြောင်းမှာ မြို့ဟောင်းပတ်ပတ်လည်တွင် တတည်ဆောက်ထားသော ခံစစ်ကြောင်းဖြစ်သည်။


ထိုအဓိက ခံစစ်ကြောင်းနှစ်ခုအပြင် မြို့ပြင်ရှိ တောင်ကုန်းများပေါ်တွင် တည်ဆောက်ထားသော ခံကတုတ်များလည်း ရှိသေးသည်။ ထိုတောင်ကုန်း ခံကတုတ်များအနက် မြို့၏ အရှေ့ဘက်တွင် တာကူရှန်တောင်ကုန်းနှင့် စီယိုကူရှန် တောင်ကုန်း၊ မြို့၏အနောက်ဘက်တွင် ၁၇၄ မီတာထောင်ကုန်း၊ နာဗာကိုယာဗာတောင်ကုန်း၊ အကာဆာကာယာဗာတောင်ကုန်း၊ ၂၀၃ မီတာတောင်ကုန်းနှင့် ဖောလ်စ တောင်ကုန်းတို့သည် အဓိကအကျဆုံး ဖြစ်သည်။


ဂျင်နရယ်နိုဂီ၏ တပ်များသည် ၁၇၄ မီတာ တောင်ကုန်း၏ မြောက်ဘက်မှစ၍ တာဟိုမြစ်ဝအထိ မြို့ကို ဝိုင်းဝန်း တပ်စွဲထားသည်။


ပဏာမတိုက်ပွဲ


တာကူရှန်တောင်ကုန်းနှင့်စီယိုကူရှန်တောင်ကုန်းများကို သိမ်းပိုက်ထားနိုင်ပါက မြို့တွင်းမှ ထွက်တိုက်မည့် ရုရှားတပ်များကို ကောင်းစွာ ဟန့်တားနိုင်မည်ဖြစ်ကြောင်း တွက်ဆမိသော ဂျင်နရယ်နိုဂီသည် ထိုတောင်ကုန်းရှိ ခံကတုတ်နှစ်ခုကို ဦးစွာ တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။


သြဂုတ်လ ၇ ရက်နေ့ နံနက် ၄ နာရီခွဲအချိန်မှ ၇ နာရီခွဲအချိန်အထိ ဂျပန်တပ်များသည် ထိုတောင်ကုန်းနှစ်ခုကို အမြောက်များဖြင့် ဦးစွာပစ်ခတ်ပြီးနောက် ထိုးစစ်ကို စတင်ခဲ့သည်။ သို့သော် မိုးကြီး သည်းထန်စွာ ရွာသွန်းမှုကြောင့် ခြေလျင်တပ်များသည် မတ်စောက်လှသော တောင်ကုန်းများ၏ ဆင်ခြေလျှောအထိသာ တက်ရောက်နိုင်ခဲ့ကြသည်။ နောက်တနေ့ ညနေ ၃ နာရီခွဲ အချိန်တွင် မိုးစဲသွားသောအခါ ဂျပန် အမြောက်တပ်များသည် တောင်ကုန်းများပေါ်သို့ ထပ်မံ၍ အပြင်းအထန် ပစ်ခတ်ကြပြန်သည်။ ထိုသို့ အမြောက်များနှင့် ပစ်ခတ်မှုမှာ အလွန် ထိရောက်လှသည် ဖြစ်ရာ ဂျပန် ခြေလျင်တပ်များသည် ည ၈ နာရီ အချိန်ခန့်တွင် တတာကူရှန်တောင်ကုန်းကို တက်ရောက် သိမ်းပိုက်နိုင်ခဲ့ပြီး ဆီယိုကူရှန် တောင်ကုန်းကိုလည်း နောက်တနေ့ နံနက် ၄ နာရီခွဲခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြသည်။


ထိုသို့ တောင်ကုန်းနှစ်ခု ရန်သူ့လက်ကျသွားကြောင်း သတင်းကို ဒုတိယမြောက်ဇာနီကိုလပ်စ် ကြားသိသောအခါ ပို့အာသာမြို့ရှိ အက်ဒမီရယ်ဗစ်ဂျက်ဖ် အား ပိတ်ဆို့ထားသော ဂျပန်ရေတပ်ကို ဖောက်ထွင်းပြီး ဗလာဒီဗော့စတော့မြို့ရှိ ရေတပ်နှင့် သွားရောက်ပူးပေါင်းရန် အမိန့်ပေးခဲ့သည်။ သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ရုရှားရေတပ်သည် ပို့အာသာမြို့ဆိပ်ကမ်းမှ ထွက်ခွာလာခဲ့ရာ ထိုနေ့ နာလယ် ၁၂ နာရီ ကျော်ကျော်ခန့်တွင် ဂျပန်ရေတပ်နှင့် စတင်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ညနေ ၄ နာရီကျော်ခန့်တွင် အက်ဒမီရယ်ဗစ်ဂျက်ဖ် ကျဆုံးသွားရာ ရုရှားရေတပ်ကစဉ့်ကလျားဖြစ်သွားခဲ့ပြီး ပို့အာသာမြို့ဆိပ်ကမ်းသို့ ပြန်လည်ဆုတ်ခွာခဲ့ကြရသည်။


ပထမအကြိမ် အထွေထွေထိုးစစ်


သြဂုတ်လ ၁၆ ရက်နေ့တွင် ဂျင်နရယ်နိုဂီသည် စစ်ထုံးစံအတိုင်း ခေတ္တစစ်ရပ်စဲရေး ပြုလုပ်ကာ ရုရှားတပ်များအား လက်နက်ချရန် တောင်းဆိုခဲ့သည်။ ရုရှားတို့က လက်နက်ချရန် ငြင်းပယ်လိုက်သောအခါ သြဂုတ်လ ၁၉ ရက်နေ့တွင် အထွေထွေထိုးစစ်ကြီး ဆင်နွှဲရန် စီစဉ်ခဲ့သည်။ ထိုထိုးစစ်၏ စစ်မျက်နှာအဖြစ် ဆန်ရှူ ခံတပ်မှ ချီကွန်ခံတပ်အထိ သတ်မှတ်ထားခဲ့ပြီး တချိန်တည်းမှာပင် ၁၇၄ မီတာတောင်ကုန်းကိုလည်း သီးခြား ထိုးစစ်ဆင်စေခဲ့သည်။


ဂျပန်တပ်များသည် သြဂုတ်လ ၂၂ ရက်နေ့ညမှ စ၍ သုံးကြိမ်တိုင်တိုင် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ကြသည်။ ထိုးစစ်ကို ညအချိန်တွင် ပြုလုပ်သည်ဖြစ်ရာ မီးမောင်းကြီးများ၊ မီးကျည်များ ပစ်ဖောက်၍ တိုက်ခိုက်ကြရသည်။ ရုရှားတပ်များကလည်း ရွပ်ရွပ်ချွံချွံပစ် ခုခံတိုက်ခိုက်ကြပြီး ဂျပန်တပ်များ၏ ထိုးစစ်ကို ဘွန်းလှန် ပစ်နိုင်ခဲ့သည်။ ပထမအကြိမ် ထိုအထွေထွေထိုးစစ်သည် သြဂုတ်လ ၂၄ ရက်နေ့ အရုဏ်တက် အချိန်တွင် ပြီးဆုံးသွားပြီး ဂျပန်တပ်များက ထိုထိုးစစ်ဆင်ခဲ့သော စစ်မျက်နှာရှိ အရှေ့နှင့် အနောက် ပန်လောင် ခံတပ်များနှင့် ၁၇၄ မီတာ တောင်ကုန်းတို့ကိုသာ သိမ်းပိုက်နိုင် ခဲ့သည်။


ထိုထိုးစစ်တွင် ဂျပန်တပ်များဘက်မှ ၁၅,၀၀၀ ခန့် သေကြေဒဏ်ရာရရှိခဲ့ကြပြီး ရုရှားတပ်များဘက်မှ သေကြေဒဏ်ရာရသူ ၃၀၀၀ ကျော်ခန့်သာရှိသည်။


ဒုတိယအကြိမ်နှင့် တတိယအကြိမ် အထွေထွေထိုးစစ်


ပထမအကြိမ် အထွေထွေထိုးစစ်တွင် ရရှိခဲ့သော သင်ခန်းစာအရ ပို့အာသာမြို့ကို သမားရိုးကျ မြို့သိမ်းတိုက်ပွဲ ပုံစံမျိုးဖြင့်သာ ကာလရှည်ကြာစွာ တိုက်ခိုက်ယူရမည် ဖြစ်ကြောင်း ဂျင်နရယ်နိုဂီ သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် အခိုင်အမာ တည်ဆောက်ထားသော ခံတပ်များကို ဖြိုဖျက်နိုင်ရန် အကြီးစား ဟောင်ဝစ်ဇာ အမြောက်များကို ဂျပန်နိုင်ငံမှ မှာယူခဲ့သည်။


ဂျင်နရယ်နိုဂီသည် ဒုတိယအကြိမ် အထွေထွေထိုးစစ် မဆင်နွှဲမီ မြို့၏အရှေ့ပိုင်းရှိ ဝါးတားဝပ်ခံကတုတ်နှင့် တင်ပယ်ခံကတုတ်၊ မြို့၏ အနောက်ပိုင်းရှိ နာမာကိုယာမာ တောင်ကုန်းနှင့် ၂၀၃ မီတာ တောင်ကုန်းတို့ကို သိမ်းပိုက်ရန် ကြိုးစားခဲ့သေးသည်။ ယင်းတို့ကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ၂၀ ရက်နေ့အထိ တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ပဲ ဂျပန်တပ်များသည် အကျအဆုံးများစွာဖြင့် ပြန်လည် ဆုတ်ခွာခဲ့ကြရသည်။


စက်တင်ဘာလကုန်တွင် ၂၈ စင်တီမီတာ ဟောင်ဝစ်ဇာ အမြောက်ကြီး ၁၈ လက် အပါအဝင် ဂျပန်နိုင်ငံမှ အမြောက်ကြီးများ ထပ်မံရောက်ရှိလာခဲ့သည်။ ထို ၂၈ စင်တီမီတာ ဟောင်ဝစ်ဇာအမြောက်ကြီးများသည် အလေးချိန် ၅၅၀ ပေါင် လေးသော အမြောက်ဆန်ကို ကိုက် ၁၀,၀၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သည်ဖြစ်ရာ ခံတပ်များကို ဖြိုဖျက်ရာတွင် အလွန် အစွမ်းထက်သော လက်နက်ကြီးများပင်ဖြစ်သည်။ ပို့အာသာမြို့တွင်းသို့ ဂျပန်တပ်များ ဘက်မှ အမြောက်ဆန် စုစုပေါင်း ၁,၅၀၀,၀၀၀ ပစ်သွင်းခဲ့သည့် အနက် ၂၈ စင်တီမီတာ အမြောက်ဆန် ၃၆,၀၀၀ ပါဝင်ခဲ့သည်။


ဂျပန်မှရောက်ရှိလာသော ထိုအမြောက်ကြီးများဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍ ပို့အာသာမြို့ ခံတပ်ကို ပစ်ခတ်ခဲ့ပြီးနောက် ဒုတိယအကြိမ် အထွေထွေထိုးစစ်ကို အောက်တိုဘာလ ၃၀ ရက်နေ့တွင် စတင်ခဲ့သည်။ ထိုထိုးစစ်ကို ပထမအကြိမ် အထွေထွေထိုးစစ် ဆင်နွှဲစဉ်ကအတိုင်းပင် ဆန်ရှူမှ ချီကွန်အထိ စစ်မျက်နှာဖွင့်လှစ်ကာ ဂျပန်တပ်များသည် အပြင်းအထန် တိုက်ခိုက်ခဲ့သော်လည်း အကျအဆုံးများစွာဖြင့် ပြန်လည်တိုက်ထုတ်ခြင်း ခံခဲ့ရသည်။ နောက်တနေ့ (၃၁ ရက်နေ့) တွင် ထပ်မံ၍ ထိုးစစ်ဆင်သေးသော်လည်း မအောင်မြင်ပဲ ထိုးစစ်ကို ရပ်ဆိုင်းလိုက်ရသည်။


ဒုတိယအကြိမ် ထိုးစစ်ကို ရပ်ဆိုင်းလိုက်ပြီးနောက် တတိယအကြိမ် ထပ်မံထိုးစစ်ဆင်ရန် ကြိုတင်ပြင်ဆင်မှုများကို တလနီးပါးခန့် ပြုလုပ်ကာ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဂျပန်တပ်များ၏ တတိယအကြိမ် အထွေထွေထိုးစစ်ကို စတင်ပြန်သည်။ သို့သော် ထိုထိုးစစ်သည်လည်း ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးစစ်များနည်းတူ အကျအဆုံးများစွာဖြင့် ရပ်ဆိုင်းပစ်ခဲ့ရပြန်သည်။


၂၀၃ မီတာ တောင်ကုန်းတိုက်ပွဲ


ထိုသို့ ပို့အာသာမြို့ ခံတပ်ကို သုံးကြိမ်တိုင်တိုင် အထွေထွေထိုးစစ်ကြီးများ ဆင်နွှဲတိုက်ခိုက်ခဲ့သော်လည်း မသိမ်းပိုက်နိုင်ပဲ ရှိနေစဉ်တွင် အက်ဒမီရယ် ရိုဇက်ဗင်စကီး ဦးစီးသော ရုရှားနိုင်ငံ ဘောလ်တစ်ရေတပ်သည် ပို့အာသာမြို့သို့ ရှေးရှု ချီတက်လာလျက်ရှိသည်။ ထိုဘောလ်တစ်ရေတပ်သာ ပို့အာသာမြို့ဆိပ်ကမ်းရှိ ရေတပ်နှင့် ပူးပေါင်းမိပါက ပို့အာသာမြို့အား ပိတ်ဆို့ထားသော အက်ဒမီရယ်တိုဂို၏ ဂျပန်ရေတပ်ကို ချေမှုန်းကောင်း ချေမှုန်းပစ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဂျင်နရယ်နိုဂီသည် ဘောလ်တစ်ရေတပ်မရောက်မီ ပို့အာသာမြို့ ဆိပ်ကမ်းရှိ ရေတပ်ကို ချေမှုန်းထားရမည်ဖြစ်သည်။ ထိုရေတပ်ကို ချေမှုန်းနိုင်ရန်မှာလည်း ပို့အာသာမြို့သင်္ဘောဆိပ်ကို အပေါ်မှ စီး၍မြင်နိုင်သည့် ၂၀၃ မီတာ တောင်ကုန်းကို လက်ရသိမ်းပိုက်ရမည် ဖြစ်သည်။ ထိုတောင်ကုန်းထိပ်မှသာ သင်္ဘောဆိပ်ရှိ ရေတပ်ကို အမြောက်ကြီးများဖြင့် ပစ်ခတ် ချေမှုန်းနိုင်မည်ဖြစ်သည်။


တတိယအကြိမ် အထွေထွေထိုးစစ်ကို အကျအဆုံးများစွာဖြင့် ရပ်ဆိုင်းလိုက်ရပြီးနောက် ဂျင်နရယ်နိုဂီသည် ၂၀၃ မီတာ တောင်ကုန်းကို အမြန်ဆုံး မရမနေ တိုက်ခိုက်သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုတောင်ကုန်းသည် ခံစစ်အတွက် အလွန်ကောင်းမွန်သော အနေအထားတွင်ရှိပြီး ထိုတောင်ကုန်းထိပ်ရှိ ခံကတုတ်မှာလည်း အလွန်ကြီးမားခိုင်ခံ့လှသည်။


ထို့ပြင် ထိုတောင်ကုန်းသည် အကာဆာကာ တောင်ကုန်းနှင့် ဖောလ်စ် တောင်ကုန်းတို့၏ အကြားတွင် ရှိသည်။ ထိုတောင်ကုန်းသုံးခုတွင် ကာနယ် ထရက်ယာကော့ဗ် ဦးဆောင်သော ရုရှားအင်အား ၂,၂၀၀ နီးပါးခန့် တပ်စွဲထားသည်။


ဂျပန်တပ်များသည် နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာရီအချိန်မှစ၍ ထိုတောင်ကုန်းများကို အမြောက်များဖြင့် ပစ်ခတ်ပြီးနောက် အမှောင်ထုကို အကာအကွယ်ပြုကာ ၂၀၃ မီတာ တောင်ကုန်းနှင့် အကာဆာကာ တောင်ကုန်းအနီးသို့ ချဉ်းကပ်ကြသည်။ ဂျပန်တပ်များသည် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ကြသော်လည်း မသိမ်းပိုက်နိုင်ခဲ့ချေ။ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ထပ်မံ ထိုးစစ်ဆင်ပြန်ရာ ကာနယ် ထရက်ယာကော့ဗ်၏ တန်ပြန်ထိုးစစ်ဆင်မှုကြောင့် ဂျပန်တပ်များ တပ်လန်သွားခဲ့ရသည်။ ဂျပန်တို့သည် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ထပ်မံ ထိုးစစ်ဆင်ပြန်သည်။ ထိုသို့ ဂျပန်တပ်များသည် ဆက်လက်၍ အပြင်းအထန် အသေခံ ထိုးစစ် ဆင်သော်လည်း ဒီဇင်ဘာလ ၄ ရက်နေ့ အထိ တောင်ကုန်းကို မသိမ်းပိုက်နိုင်သေးချေ။


ဒီဇင်ဘာလ ၅ ရက်နေ့နံနက် ၁၀ နာရီကျော်ကျော်ခန့်တွင် ဂျင်နရယ် နိုဂီသည် ထိုတောင်ကုန်းများကို ထပ်မံ၍ ထိုးစစ်ဆင်စေရာ လက်တကမ်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီးနောက် ညနေ ၅ နာရီအချိန်တွင် ၂၀၃ မီတာ တောင်ကုန်းကို ဂျပန်တပ်များက သိမ်းပိုက်နိုင်ခဲ့သည်။


ထို ၂၀၃ မီတာ တောင်ကုန်း တိုက်ပွဲတွင် ရုရှား စစ်သည် ၄၀၀ ခန့်ကျဆုံးပြီး ဂျပန်စစ်သည် ၁၀,၀၀၀ ကျော်ခန့် သေကြေ ဒဏ်ရာရရှိခဲ့ကြသည်။


ဂျပန်တပ်များသည် ထိုတောင်ကုန်းကို ထိုသို့ တန်ဖိုးကြီးမားစွာ ပေး၍ သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာလ ၆ ရက်နေ့တွင် တောင်ကုန်း ထိပ်သို့ အမြောက်ကြီးများ တင်၍ ပို့အာသာမြို့ ဆိပ်ကမ်းရှိ ရုရှား ရေတပ်သင်္ဘောများကို ပစ်ခတ် ချေမှုန်းနိုင်ခဲ့သည်။


နောက်ဆုံးတိုက်ပွဲ


၂၀၃ မီတာ တောင်ကုန်း ဂျပန်တပ်များ၏ လက်တွင်းသို့ ရောက်သွားပြီးနောက် ဆိပ်ကမ်းရှိ ရေတပ်လည်း ပျက်စီးသွားသောအခါ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရုရှားဂျင်နရယ် စတိုဆဲလ်သည် စစ်ကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့သည်။ ထိုအစည်းအဝေးမှ အညံ့မခံပဲ ဆက်လက်၍ ခုခံတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရုရှားတပ်များ၏ ယုံကြည် အားထားဆုံး ဂျင်နရယ် တဦးဖြစ်သူ ဂျင်နရယ် ကွန်ဒရက်တင်ကို ကျဆုံးသွားခဲ့ရာ ရုရှားတပ်များ၏ စိတ်ဓာတ်ကို စတင် ကျဆင်းစေခဲ့သည်။


ဂျပန်တပ်များသည် ချီကွန်၊ ဆန်ရှူနှင့် အာလောင် ခံတပ်များကို အဓိကထား၍ အလုံးအရင်းနှင့် ထိုးစစ်ဆင်ကြသည်။ ထိုခံတပ်များ၏ အောက်ခြေအရောက် ဥမင်လှိုဏ်ခေါင်းများ တူးပြီးလျှင် မိုင်းဗုံးများ ဖောက်ခွဲခြင်းဖြင့် ခံတပ်များကို ဖြိုဖျက်ရန် ကြိုးပမ်းကြသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ ၂ နာရီခွဲ အချိန်တွင် ချီကွန် ခံတပ်ကို မိုင်းဗုံး နှစ်လုံးဖြင့် စတင် ဖောက်ခွဲပစ်နိုင်ခဲ့သည်။ သို့သော် ထိုခံတပ်ရှိ ရုရှားတပ်များသည် အညံ့မခံပဲ ဆက်လက်၍ ရွပ်ရွပ်ချွံချွံ ခုခံကြသောကြောင့် ဒီဇင်ဘာလ ၁၉ ရက်နေ့နံနက်သို့ ရောက်သောအခါမှ ထိုခံတပ်ကို ဂျပန်တပ်များက သိမ်းပိုက်နိုင်ခဲ့သည်။


ဂျပန် တပ်များသည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အာလောင် ခံတပ်ကို လည်းကောင်း၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ဆန်ရှူ ခံတပ်ကို လည်းကောင်း ဥမင် လှိုဏ်ခေါင်းများမှ တဆင့် မိုင်းဗုံးများဖြင့် ဖောက်ခွဲ ဖြိုဖျက် ပစ်နိုင်ခဲ့ကြသည်။ ဇန်နဝါရီလ ၁ ရက်နေ့တွင် ရုရှားတပ်များသည် ဝန်တိုင် ခံတပ်သို့ ဆုတ်ခွာခဲ့ကြရသည်။ သို့သော် ထိုခံတပ်သည်လည်း မကြာမီပင် ဂျပန်များ လက်တွင်းသို့ ကျရောက်သွားရပြန်သည်။


ဝန်တိုင်ခံတပ်ကျဆုံးကြောင်း ကြားသိသောအခါ ဂျင်နရယ် စတိုဆဲလ်သည် အခြား အရာရှိများနှင့် ညှိနှိုင်းတိုင်ပင်ခြင်း မပြုပဲ ဂျပန် ဂျင်နရယ်နိုဂီထံသို့ လက်နက်ချလိုကြောင်း ကမ်းလှမ်းခဲ့သည်။ သို့ဖြင့် ဇန်နဝါရီလ ၂ ရက်နေ့ နေ့လယ်တွင် နှစ်ဘက်တပ်မှ ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးကြပြီး ထိုနေ့ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် လက်နက်ချကြောင်း လက်မှတ်ရေးထိုးခဲ့သည်။ ဇန်နဝါရီလ ၄ ရက်နေ့တွင် ဂျပန်တို့ မသိမ်းပိုက်ရသေးသော အခြား ခံကတုတ်များကို ဂျပန်တပ်များထံ လွှဲပြောင်းပေးပြီးနောက် ရုရှားအရာရှိ ၈၇၈ ဦးနှင့် အခြားအဆင့် ၂၃,၄၈၁ ဦးတို့သည် စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးခြင်း ခံရပြီး အမြောက် ၅၄၆ လက်နှင့် ခဲယမ်း မီးကျောက် အမြောက်အမြား သိမ်းပိုက်ခြင်း ခံခဲ့ရသည်။


ပို့အာသာ တိုက်ပွဲအတွင်း နှစ်ဘက်တပ်များ၏ အကျအဆုံး မှာ ရုရှား တပ်များဘက်မှ ကျဆုံး၊ ဒဏ်ရာရသူနှင့် ပျောက်ဆုံးသူ ၃၁,၃၈၆ ဦးရှိပြီး ဂျပန်တပ်များဘက်မှ ၅၇,၇၈၀ ဦး ရှိသည်။


ပို့အာသာတိုက်ပွဲမှ သင်ခန်းစာ


ဂျင်နရယ် နိုဂီ၏ ဂျပန် တတိယ တပ်မတော်သည် ပို့အာသာ မြို့ကို အမြန်ဆုံး သိမ်းပိုက်ပြီးနောက် မြောက်ဘက်သို့ ချီတက်တိုက် ခိုက်လျက်ရှိသော မာရှယ်အိုယာမ ၏ တပ်များနှင့် သွားရောက် ပူးပေါင်းရမည် ဖြစ်ရာ ပို့အာသာ တိုက်ပွဲတွင် အချိန်တိုတိုနှင့် စစ် အောင်နိုင်ရေးအတွက် အထွေထွေ ထိုးစစ်များ ဆင်နွှဲခဲ့ကြသည်။ အခိုင်အမာ တည်ဆောက်ထားသော ပို့အာသာမြို့ကို သမားရိုးကျ မြို့သိမ်းတိုက်ပွဲ ပုံစံဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ ရေရှည် ဖြိုဖျက် တိုက် ခိုက်ရမည့်အစား ထိုသို့ ထိုးစစ်များ ဆင်နွှဲခဲ့မှုကြောင့် ဂျပန်တပ် များသည် အသေအပျောက် အလွန် များပြားခဲ့ရသည်။


ပို့အာသာမြို့ကိုခုခံလျက်ရှိသော ရုရှားတပ်များသည်ဂျပန်တပ် များကို ရွပ်ရွပ်ချွံချွံ ခုခံခဲ့သော်ငြားလည်း ရုရှားနိုင်ငံမှ စားရေ ရိက္ခာနှင့် စစ်ကူများ လုံးဝမရရှိခဲ့သောကြောင့် ကာလရှည်ကြာလာ သည်နှင့်အမျှ စားရေရိက္ခာ ရှားပါးမှုနှင့် ရင်ဆိုင်ကြရသည်။ ယင်း တို့ထံ စားရေရိက္ခာ၊ လက်နက် ခဲယမ်း မီးကျောက်များနှင့် အတူ စစ်ကူရောက်ရှိလာမည့် ဘောလ်တစ် ရေတပ်မှာလည်း အလွန် နှေး ကွေးလှသောကြောင့် အချိန်မီ မရောက်ရှိခဲ့ချေ။ ထို့ပြင် စစ်သည် အမြောက်အမြား နာဖျား ကြသည့်ပြင် ထိပ်တန်း အရာရှိများ အကြားတွင်လည်း သဘောထား ကွဲပြားမှုများ ဖြစ်ပေါ်ခဲ့သည်။


ပို့အာသာတိုက်ပွဲကို အဆုံးအဖြတ်ပေးသည့် အချက်တရပ်မှာ ဂျပန်နိုင်ငံမှ ထပ်မံမှာယူခဲ့သော အမြောက်ကြီးများ ဖြစ်သည်။ ထို အမြောက်ကြီးများသည် ရုရှားတို့၏ အခိုင်အခန့် ဆောက်လုပ်ထား သော ခံတပ်များ၊ ကတုတ်များကို ထိရောက်စွာ ဖြိုဖျက်နိုင်ခဲ့ရုံမျှ မက ပို့အာသာ သင်္ဘောဆိပ်ရှိ ရေတပ်ကိုလည်း ပစ်ခတ် ဖျက်ဆီးပစ်နိုင်ခဲ့သည်။ သို့ဖြင့် ပို့အာသာမြို့ကို ပင်လယ်ဘက်မှ ပိတ်ဆို့ ထားသော ဂျပန်ရေတပ်သည် ဂျပန်နိုင်ငံသို့ ပြန်ကာ အင်အားဖြည့်တင်းနိုင်ခဲ့ပြီး ပို့အာသာမြို့သို့ ရှေးရှု ချီတက်လာလျက်ရှိသော ရုရှားတို့၏ ဘောလ်တစ် ရေတပ်ကို ရင်ဆိုင်ရန် ကြိုတင် ပြင်ဆင်ထားနိုင်ခဲ့ခြင်းဖြင့် ရေပြင်ကို ဆက်လက် စိုးမိုးထားနိုင်ခဲ့သည်။ ထိုသို့ ရေပြင်ကို ဆက်လက် စိုးမိုးထားနိုင်ခဲ့ခြင်းဖြင့် ပို့အာသာမြို့ ခံတပ်ကို လက်နက်ချစေရန် အခြေအနေတရပ်ကို ဖန်တီးပေးနိုင်ခဲ့သည်။


Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်