မိန်းမဟူသည် အောင်စွာ ရေးသည် (သောကြာ စာစောင်၊ ၁၉၆၂ ဇန်နဝါရီလ)



 မိန်းမဟူသည်

အောင်စွာ ရေးသည် 

(သောကြာ စာစောင်၊ ၁၉၆၂ ဇန်နဝါရီလ)


“အသန်းရေ.... လာပါဦးကွ ခဏ”


ပန်းချီဆရာကလေး ကိုဘသိုက်သည် စာရေးစားပွဲတွင်ထိုင်ကာ မိန်းမရုပ်ပုံတပုံကို ဆွဲနေရင်းမှ နောက်ဖေးဘက် မီးဖိုဆောင်တွင် စားသောက်ရန်အတွက် စီမံချက်ပြုတ် အလုပ်ရှုပ်နေသော ဇနီးသည် အသန်းအား လှမ်း၍ ခေါ်လိုက်ခြင်း ဖြစ်လေသည်။


“မောင်.... လာပြီ”


အေးမြကြည်သာသော အသံကလေး ပေါ်ထွက်လာပြီးနောက်၊ အစိမ်းရင့်ရောင် ခန်းဆီးသည် လှုပ်ရှားသွားကာ အသန်း၏ စိုပြေဖြူဝင်းသော ရုပ်ဆင်းသဏ္ဌာန်သည် ပေါ်ထွက်လာလေ၏။


“နေ-နေ- အဲဒီနားမှာပဲနေ။ အခန်းဆီးကို လက်တဖက်ကကိုင်ပြီး ခဏကလေး နေစမ်းပါ”


ဟု ပြောပြောဆိုဆို ကိုဘသိုက်သည် စာရေးစားပွဲမှထကာ ဆွဲလက်စ ပုံဆွဲစက္ကူနှင့်အတူ ခဲတံကိုယူပြီး အသန်း၏ ရှေ့တည့်တည့်မှ ရပ်ကာ၊ အသန်း၏ ညာဘက်လက်ကလေး သွယ်ဆင်းလာပြီး အခန်းဆီးကို တိမ်းဖယ်နေပုံ၊ အခန်းဆီး၏ အလိပ်လိပ် တွန့်လိမ်နေပုံတို့ကို သေချာစွာ ကြည့်၍ ရေးဆွဲနေလေ၏။


“ကဲ.... ဆရာကြီး၊ မြန်မြန်လည်းဆွဲ။ မီးဖိုပေါ်မှာ ထမင်းအိုးက ဆူနေပြီ”


ဟု အသန်းက ပြောသည်ကိုပင် ကိုဘသိုက်မှာ ပြန်၍ အဖြေမပေးနိုင်ဘဲ သူ၏ပုံကိုသာ စိတ်ပါလက်ပါ ရေးဆွဲနေလေ၏။


အောင်မြင်ထင်ရှား လူသိများပြီးသော ပန်းချီဆရာကြီးများမှာ ဆေးစက်ကျရာ အချောထင်ဟူသည့်အတိုင်း ရုပ်ပုံတပုံ ဖြစ်မြောက်ရေးအတွက် လေးဖင့်ကြန့်ကြာခြင်းမရှိဘဲ၊ တခဏချင်းအတွင်း၌ပင် စိတ်ထဲပေါ်လာသည့်အတိုင်း ရေးဆွဲချလိုက်ခြင်းဖြင့် ထိုပုံကို စာနယ်ဇင်းတိုက်များက နှစ်သက်၍ တိုင်းပြည်က လက်ခံသည်သာ ဖြစ်လေသည်။


သို့သော်လည်း ယခုမှ နာမည်ထွက်စ အရှိန်ကလေးရနေသော ကိုဘသိုက်မှာမူ ပုံတပုံဖြစ်ရေးအတွက် ဝတ္ထုအစအဆုံးတခုကို ကြည့်ရှု၍ ရေးဆွဲရစမြဲပင် ဖြစ်လေ၏။ အကယ်၍ ကိုဘသိုက် ရေးဆွဲရမည့်ဝတ္ထုသည် ရန်ကုန်ဆိပ်ကမ်းကို အခြေခံထားသော ဝတ္ထုဖြစ်ပါက ကိုဘသိုက်သည် ပန်းဆိုးတန်းဆိပ်ကမ်းသို့သွားကာ အကောင်းဆုံး ရှုမျှော်ခင်းရအောင် ရှာဖွေကြည့်ရှု၍ ရေးဆွဲလေ့ရှိသည့်အတိုင်း၊ ကန်တော်ကြီး၏ ရှုမျှော်ခင်း ရေးရမည့် ဝတ္ထုမျိုးဖြစ်ပါကလည်း ကိုဘသိုက်သည် ပန်းချီမျက်စိဖြင့် အကောင်းဆုံးအကွက်အကွင်း ရသည့်တိုင်အောင် ကန်တော်ကြီးသို့ သွားပြီး ရှာဖွေကြည့်ရှုကာ ရေးဆွဲလေ့ရှိသည်သာ ဖြစ်၏။


ဝတ္ထုသည် အချစ်ဝတ္ထုဖြစ်၍ မိန်းမရုပ်ပုံကိုသာ အသားပေး၍ ရေးဆွဲရမည်ဖြစ်ဘိမူ အသန်းသည် ကိုဘသိုက်၏ ပန်းချီဆွဲခံ စံပြမယ်အဖြစ် အမြဲတမ်း ပါရမီကူညီ၍ ဖြည့်ရသည်သာ ဖြစ်လေ့ရှိ၏။ ထို့ကြောင့် ယခုလည်း “ခေတ်ရှေ့ဆောင်” မဂ္ဂဇင်းတိုက်မှ ကိုဘသိုက်အား ရေးဆွဲရန် ပေးအပ်လိုက်သည့် “ငြင်သည့်ခိုက်ဝယ်” ဟူသော ဝတ္ထုအတွက် အသင့်လျော်ဆုံးပုံမှာ အပေါက်မှ ထွက်လာတော့အံ့ဆဲဆဲ မိန်းမပျို၏ ပုံသည်သာ အသင့်တော်ဆုံးဟု ယူဆပြီး ကိုဘသိုက်က သူ၏ဇနီး အသန်းအား စံပြအဖြစ်ထားကာ ရေးဆွဲနေခြင်း ဖြစ်၏။


ကိုဘသိုက်သည် သူ၏ဇနီးသည် အသန်းကိုကြည့်လိုက်၊ သူရေးဆွဲထားသော ပုံကိုကြည့်လိုက်ဖြင့် ခေတ္တမျှကြာအောင် တိုက်ဆိုင်ကြည့်ရှုပြီးမှ သူ၏စိတ်ထဲတွင် ကျေနပ်သွားဟန်ဖြင့် မျက်နှာတွင် အပြုံးရိပ်ကလေး ပေါ်လာပြီး....


“သိုင်းကြိုး.... အသန်း၊ ကဲ.... တော်ပါပြီ” ဟု ငြီး၍ ပြောလိုက်လေသည်။


သည်တော့မှ ဇနီးသည်အသန်းမှာ တိမ်းဖယ်ထားသော ခန်းဆီးမှ သူ၏လက်ကိုရုတ်ကာ နောက်ဖေးဘက်သို့ ခပ်သုတ်သုတ် လှမ်းသွားလေ၏။ ကိုဘသိုက်သည် ကိုယ်နေဟန်ထား အချိုးအစားကျပြီးသော ပုံကို အချောကိုင်ကာ ပြီးသည့်တိုင်အောင် စိတ်ပါဝင်စားစွာ ရေးဆွဲနေ၏။


“မောင် ထမင်းစားတော့မလား၊ အားလုံး ကျက်ကုန်ပြီ....”


ကိုဘသိုက်၏ နောက်နားမှရပ်ကာ အသန်းက သို့ကလို ပြောလိုက်မှပင် ကိုဘသိုက်သည် တမနက်ခင်းလုံးတွင် ကော်ဖီတခွက်သာ သောက်ရသေးသည့် အဖြစ်ကို သတိထားမိပြီး သူ၏ဝမ်းမှာ ဆာလောင်လာလေရာ—


“အေး.... ကျက်ရင် ခူးတော့ကွာ။ မောင်ဖြင့် ခုမှပဲ ထမင်းဆာရမှန်း သိတော့တယ်”


ဟု ပြောပြီး လက်ထဲမှ စုတ်တံကို ချလေတော့၏။ ထို့နောက် ကိုဘသိုက်သည် လက်နှစ်ဖက်ယှက်ကာ ပတ်တာဆက်ဆက်ပြီး အညောင်းဆန့်နေရင်းမှ—


“ဘာဟင်းချက်လဲကွ” ဟု မေးလိုက်လေသည်။


အသန်းသည် မီးဖိုဘက်သို့ သွားရန် ခြေလှမ်းလိုက်ပြီးမှ ကိုဘသိုက်က ယင်းသို့ မေးလိုက်သဖြင့် တုံ့ခနဲရပ်ကာ—


“မောင် မနေ့က ပုဇွန်ဟင်း စားချင်တယ်ပြောလို့ ပုဇွန်ဟင်း ချက်ထားတယ်လေ....” ဟု ပြောလိုက်ရပြန်လေ၏။


“အေး- ကောင်းတယ် ကောင်းတယ် ခူးကွာ....” ဟု ပြောဆိုရင်း၊ ကိုဘသိုက်ပါ မီးဖိုဘက်သို့ လိုက်ပါသွားလေ၏။


အသန်းသည် အဆင်သင့် ဆေးကြောပြင်ဆင်ထားသော ပန်းကန်များတွင် ထမင်းကိုခူး၊ ဟင်းကိုခပ်၍ ထည့်ကာမျှဖြင့် ထမင်းပွဲမှာ တခဏအတွင်း၌ ပြင်ဆင်ပြီး ဖြစ်သွားလေ၏။


“ဟာ.... ဟင်းတွေကလည်း စုံလှချည်လားကွ”


ကိုဘသိုက်သည် အသန်းချက်ပြုတ် ပြင်ဆင်ထားသော အညာပုန်းရည်ကြီးသုတ်၊ ပုဇွန်ဆီပြန်ဟင်း၊ ဒန့်သလွန်ဟင်းချိုနှင့် ငံပြာရည်ဖျော်တို့ကို ကြည့်ကာ ဝမ်းသာအားရ ချီးကျူးလိုက်လေသည်။ အသန်းသည် ကိုဘသိုက်၏ ချီးကျူးစကားကို ခွန်းတုံ့မပြန်ဘဲ ပြုံးနေပြီးမှ—


“ဒါထက်.... မောင်ရယ်....” ဟု စကားစလိုက်ပြီး ရှေ့သို့ မဆက်သေးဘဲ၊ ထမင်းတလုပ်ကို ပါးစပ်ထဲသို့ ထည့်ကာ ဝါးနေလေသည်။


ကိုဘသိုက်သည် ပုဇွန်ထုပ်တုံးကို ဆယ်၍ သူ၏ပန်းကန်ထဲသို့ ထည့်လိုက်ပြီး—


“ဘာလဲ အသန်း- ပြောလေ.... ပြောပါ” ဟု မေးလေသည်။


အသန်းသည် ကိုဘသိုက်အား မရဲတရဲနှင့် ကြည့်ကာ—


“အချောဘက်အိမ်က မမြတင်တို့ မနေ့က ဝယ်လာတာ ရွှေနိုင်လွန်တဲ့ မောင်ရယ်- လှလိုက်တာ၊ တဝတ်စာ ၂၀ ကျပ်တဲ့။ အဲဒါမျိုး အသန်းလည်း ဝတ်ချင်လို့ တထည်လောက် ချုပ်ဦးမယ်နော် မောင်”


ဟု စိတ်ထက်သန်စွာဖြင့် ပြောလိုက်လေသည်။ ကိုဘသိုက်၏ ချိုပြုံးကြည်သာနေသော မျက်နှာသည် ရုတ်ချည်း အသွင်ပြောင်းကာ ခပ်တည်တည်ကြီး ဖြစ်သွားပြီး—


“မင့်မှာ အင်္ကျီတွေ အများကြီး ရှိတယ်မှတ်လားကွ”


“ရှိတော့ ရှိတာပေါ့.... ဒါပေမဲ့ ကျမရှိတဲ့ အင်္ကျီတွေက ခေတ်မမီတော့ဘူး၊ ရှေးရိုးပုံကြီးတွေ”


အသန်း စကားမဆုံးမီ ကိုဘသိုက်က ကြားဖြတ်၍—


“ရှိသေးရင်လည်း ကွာ၊ အဲဒါတွေကိုပဲ ကုန်အောင် ဝတ်စမ်းပါဦး....”


ဟု ပြောပြီး ကိုဘသိုက်သည် အသန်း စကားမဆက်မိအောင် ထမင်းစားပွဲမှထကာ အိမ်ရှေ့ခန်းသို့ ထွက်သွားလေသည်။


အသန်းသည် ထမင်းစားပြီး၍ ပန်းကန်များ ဆေးကြောသိမ်းဆည်းပြီးနောက် အိမ်ရှေ့ခန်းသို့ ထွက်လာသည့်တွင်၊ အပြင်သို့သွားရန် အဝတ်အစား လဲလှယ်ပြီးဖြစ်နေသော ကိုဘသိုက်ကို မြင်ရသည်နှင့်—


“ဒါက ဘယ်သွားမလို့လဲ အခု” ဟု မေးလိုက်လေသည်။


ကိုဘသိုက်သည် သတင်းစာစက္ကူနှင့် တရိုတသေ လိပ်ထားသော ပုံကို ထောင်၍ပြကာ၊ “ဟောဒီပုံ သွားပေးမလို့” ဟု ပြောကာ ထွက်ခွာသွားလေ၏။


နာမည်ရပြီး ပန်းချီဆရာကြီးများမှာ မဂ္ဂဇင်းတိုက်များသို့ ကိုယ်တိုင်ကိုယ်ကျ မသွားရပါဘဲနှင့် အလုပ်များမှာ လက်မလည်နိုင်အောင် ပေါများနေသည်သာ ဖြစ်သော်လည်း၊ ယခုမှ နာမည်ရစဖြစ်သော ကျွန်ုပ်တို့ ဇာတ်လိုက်ကျော် ပန်းချီဆရာ ကိုဘသိုက်ခမြာမှာမူ မဂ္ဂဇင်းတိုက်ပိုင်ရှင်နှင့် အယ်ဒီတာဆရာကြီးတို့အား မကြာခဏ မျက်နှာကလေး သွားပြနိုင်ပါမှ ပန်းချီဆရာကြီးများ အလုပ်များလွန်း၍ မအားသဖြင့် လက်မခံနိုင်၍သော်လည်းကောင်း၊ လူကို အားနာသဖြင့်သော်လည်းကောင်း အပ်လေ့အပ်ထရှိသဖြင့် သွားရစမြဲ ဖြစ်ရာ.... ကိုဘသိုက်အဖို့ အထွက်ကောင်းပြီး ဇနီးသည်အား အကြောင်းပြ လှည့်နေလေတော့၏။


နေရောင်ခြည် ဖျော့မှိန်သည့် ညနေချိန်သို့ ရောက်သည့်တွင် ကိုဘသိုက်သည် ဝတ္ထုစာမူတထပ်ကြီးကို ကိုင်ကာ နေအိမ်သို့ ပြန်လာလေ၏။


နိုင်လွန်အင်္ကျီ မဝယ်ရသဖြင့် စောစောကပင် စိတ်မကျေမချမ်း ဖြစ်နေသော အသန်းသည် ကိုဘသိုက်လာသည်ကို ခရီးဦးမကြိုဘဲ ကုလားထိုင်တလုံးတွင် ထိုင်နေလေသည်။ ကိုဘသိုက်သည် အဝတ်ကိုပင် မလဲအားသေးဘဲ မိမိအား ပုံဆွဲရန် ပေးအပ်လိုက်သည့် ဝတ္ထုစာမူတထပ်ကြီးကို ဆီလျော်သင့်တော်မည့်ပုံ ဆွဲရန်အတွက် ဖတ်ရှုနေလေ၏။


ဝတ္ထုမှာ လွန်ခဲ့သော ဆယ့်ငါးနှစ်ခန့်က စစ်မဖြစ်မီခေတ်ကို အခြေခံထား၍ ရေးသားထားသော အချစ်ဝတ္ထု ဖြစ်လေရာ၊ ရေးဆွဲရမည့်ပုံမှာ မိန်းမပုံပင် ဖြစ်၍နေလေ၏။ ထို့ကြောင့် ပန်းချီဆရာ ကိုဘသိုက်သည် မိန်းမပုံနှင့် စပ်လျဉ်းပါက သူ၏ဇနီးသည် အသန်းထံမှ အကူအညီ တောင်းမြဲဖြစ်သည့်အတိုင်း—


“အသန်းရေ- လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က.... မိန်းမတွေ အဝတ်အစား ဝတ်တာ ဘယ်လိုလဲကွ” ဟု လှမ်း၍ မေးလိုက်လေသည်။


အသန်းသည် နေရာမှ ထကာ—


“လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လောက်က မိန်းမတွေ ဝတ်တာ.... အခု ကျမ ဝတ်ထားတဲ့ အင်္ကျီမျိုးပဲတော့....”


ဟု ပြောလိုက်လေသတည်း။


အောင်စွာ 

သောကြာ စာစောင် ၁၉၆၂ ဇန်နဝါရီလ 

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်