သာလိကာပိုင်လိုက်ပုံက နောင်အုန်း (ဖြူး) ငွေတာရီမဂ္ဂဇင်း (၁၉၇၁ နိုဝင်ဘာလ)
သာလိကာပိုင်လိုက်ပုံက
နောင်အုန်း (ဖြူး)
ငွေတာရီမဂ္ဂဇင်း (၁၉၇၁ နိုဝင်ဘာလ)
တခါက အောက်ပြည်အောက်ရွာ ကျေးလက်မှ လူတစုသည် အထက်မြန်ပြည်သို့ ဘုရားဖူးသွားရင်း မန္တလေးတောင်ပေါ်သို့ တက်ကြလေ၏။ တောင်၏ စောင်းတန်းတခုသော ရပ်နားစခန်းတွင် ထိုလူစုသည် အမောဖြေရင်း ခေတ္တရပ်နားကြလေသည်။ ထိုနေရာတွင် စားသောက်ဆိုင်တဆိုင်ရှိရာ ၎င်းဆိုင်မှာ မွေးထားသော ကြက်တူရွေးနှင့် သာလိကာနှစ်ကောင် ရှိသည့်အနက် ကြက်တူရွေးက “လာပါလာပါ၊ ဒီဆိုင်မှာ အပန်းဖြေရင်း အအေးများလဲသုံးဆောင်ကြပါ။ ပါလာတဲ့ ထီး၊ ဘိနပ်များလဲ ဒီမှာဘဲထားခဲ့ပြီး အပြန်ကျမှ ယူသွားနိုင်ပါတယ်။” ဟု တီတီတာတာပျူငှာစွာဖြင့် ပြောဆိုဖိတ်ခေါ်သမှုပြုလိုက်၏။ သာလိကာမှာမူ ဘာမျှမပြောဘဲ ငူငူကြီးနှင့် လှမ်းကြည့်နေ၏။
ဤအဖြစ်ကိုမြင်ရသော ဘုရားဖူးလူစုထဲမှ တဦးက မနေနိုင်ဘဲ “ဟာ... ကြက်တူရွေးလေးက စကားတတ်လိုက်တာချစ်စရာ၊ သာလိကာကြီးကတော့ အ-အကြီးကျနေတာဘဲ” ဟု ပြောမိလိုက်၏။ ထိုအခါ သာလိကာက ပီပီ သသ တလုံးချင်း ပြန်ပြောလိုက်သည့် စကား ကြားရသောအခါ ကြက်တူရွေးကို ချီးမွမ်းမိသူမှာ မျက်နှာတခုလုံးမဲ့၍ ကျန်လူတစုလုံး ပြုံးမိကြလေ၏။ သာလိကာက ပြန်ပြော လိုက်သည်မှာ “အောင်မာ.... မင်းအဘကြီးက သာပြီးတတ်သေး” ဟုသတည်း။
နောင်အုန်း (ဖြူး)
Comments
Post a Comment