ကောက်ညှင်းပေါင်း ကယ်ပေလို့ စာရေးသူ - ကေတု-မောင်ညိုလင်း မြန်မာရိုးရာဟာသ ငွေတာရီမဂ္ဂဇင်း ၁၉၇၀ မေလ
ကောက်ညှင်းပေါင်း ကယ်ပေလို့
တခါက တောရွာလေးတရွာတွင် ကာရန်နံဘေနှင့် စကားပြောတတ်သော ဘုန်းကြီးတပါး ရှိလေသည်။ ထိုရွာလေးတွင်ပင် အလွန်ခေတ်ဆန်သော ဈေးသည် မိန်းမပျို တဦးလည်းရှိသည်။ တနေ့သ၌ ကာရန်နံဘေးဘုန်းကြီးနှင့် ခေတ်ဆန်သော မိန်းမပျိုတို့ လမ်းတွင် ဆုံမိကြသည်။ ဘုန်းကြီးသည် အမြင်ကတ်ကတ်နှင့် စာသံပေသံပါပါနှင့် ဤသို့ဆိုလိုက်၏။
“ဖုဖုရယ်- ဖေါင်းဖေါင်း” ဘုန်းကြီးက တပိုင်းတစနှင့်ရပ်ထားပြီး မိန်းမပျိုလေးကိုကြည့်လိုက်သည်။ မိန်းမပျိုလေးမှာ မျက်နှာတပြင်လုံး နီရဲသွားပြီး မိမိကိုယ်ကို မလုံမလဲပြန်ကြည့်မိသည်။ ဤတွင်မှဘုန်းကြီးက “မုန့်စိမ်းပေါင်းရောင်းသလားဟယ်” ဟု ဆိုလိုက်လေသည်။
ခေတ်ဆန် မိန်းမပျိုလေးကလည်း အားကျမခံ… “ပြောင်ပြောင်ရယ်- တင်းတင်း” ဟုဆိုပြီး ရပ်ထားကာ ဘုန်းကြီးအားကြည့်လိုက်ပြန်၏။ ဘုန်းကြီးလည်း မနေတတ်၊မထိုင်တတ်၊ ကိုယ့်အတတ်နှင့် ကိုယ်စူးပြီး ရယ်ကျဲကျဲလုပ်ကာ ဦးခေါင်းကို အကြိမ်ကြိမ် ပွတ်မိလေသည်။ ထိုအခါမှ တကာမလေးက “ကောက်ညှင်းပေါင်း ရောင်းပါတယ်ဘုရား” ဟု လျှောက်လိုက်သဖြင့် ဘုန်းကြီးမှာ နေသာ ထိုင်သာ ရှိသွားသောဟူ၏။
ကေတု-မောင်ညိုလင်း
မြန်မာရိုးရာဟာသ
ငွေတာရီမဂ္ဂဇင်း ၁၉၇၀ မေလ
Comments
Post a Comment