ငပွကြီး တက္ကသိုလ် ညိုညိုလေး
(၁၉၄၂-ခု၊ ဧပြီလ(၉) ရက်နေ့တွင် အမေရိကန် စစ်တပ်များ လက်နက်ချသောအခါ ဘရီဂေးဒီးယား ဂျင်နရယ် ဝေလျံ အီး၊ဘရီးဟားသည် ဘာတန်ကျွန်းတွင် ဂျပန်များ၏ဖမ်းဆီးခြင်းကို ခံရသည်။)
ယင်းသို့ဖမ်းဆီးခံရပြီးနောက် သူသည် နိုင်ငံ ၄-နိုင်ငံမှ သုံ့ပန်းစခန်း (၉) ခုတွင် သုံးနှစ်ခွဲတိုင်တိုင် စစ်သုံ့ပန်းအဖြစ် အသီးသီးရွှေ့ပြောင်း နေထိုင်လာခဲ့ရသည်။။
**ငပွကြီး**
*တက္ကသိုလ် ညိုညိုလေး*
(၁၉၄၂-ခု၊ ဧပြီလ(၉) ရက်နေ့တွင် အမေရိကန် စစ်တပ်များ လက်နက်ချသောအခါ ဘရီဂေးဒီးယား ဂျင်နရယ်ဝေလုိ့ အီး၊ဘရီးဟားသည် ဘာတန်ကျွန်းတွင် ဂျပန်များ၏ဖမ်းဆီးခြင်းကို ခံရသည်။)
ယင်းသို့ဖမ်းဆီးခံရပြီးနောက် သူသည် နိုင်ငံ ၄-နိုင်ငံမှ သုံ့ပန်းစခန်း (၉) ခုတွင် သုံးနှစ်ခွဲတိုင်တိုင် စစ်သုံ့ပန်းအဖြစ် အသီးသီးရွှေ့ပြောင်း နေထိုင်လာခဲ့ရသည်။။
ယခုဖော်ပြမည့် အကြောင်းရပ်မှာ တောင်ပိုင်း ဗော်နီယိုကျွန်းပေါ်ရှိ ရှိရားကားဝါး သုံ့ပန်းစခန်းတွင် ကြုံခဲ့ရသည့် ကိုယ်တွေ့အဖြစ်ရပ်ပင် ဖြစ်သည်။ သူ၏တပ်မကြီးမှ သူနှင့်အတူ ဖမ်းဆီးခံရသော အမေရိကန်သုံ့ပန်း (၇၀) အနက် လွတ်မြောက် လာချိန်တွင် (ဂ) ဦးသာလျှင် မသေမပျောက်ဘဲ ကျန်ရှိသည်ဟု သိရပေသည်။)
၁၉၄၄-ခု၊ ဇွန်လ၏တခုသော နံနက်ခင်း။
နှစ်ချက်တီး သံချောင်း ခေါက်သံနှင့်အတူ ကျွန်တော်တို့၏ သုံ့ပန်းတန်းလျားတခုလုံးမှာ မှောင်နှင့်မဲမဲရှိနေရာမှ မီးရောင်များဖြင့် ရုတ်တရက်လင်းထိန်သွားသည်။ ယင်းသို့လင်းထိန်လာသည့် မီးရောင်နှင့်အတူ ဂျပန်စစ်ဗိုလ်များနှင့် အစောင့် တပ်သားများလည်း သုံ့ပန်းစခန်းအတွင်း နေရာအနှံ့အပြားတွင် ရောက်လျက် ရှိနေကြသည်။ တင်ကြို အသိမပေးဘဲ ကျွန်တော်တို့စခန်းကို ရုတ်တရက်ဝင်ရောက်ပြီး လျှပ်တပြက် စစ်ဆေးမှုများ ပြုလုပ်ရန်ပင်ဖြစ်သည်။
တားမြစ် ပိတ်ပင်ထားသော ရေဒီယိုတခုနှင့် မကင်းဟူယူဆနိုင်သော ပစ္စည်းပစ္စည်းများ အသေးအဖွဲမှ အစ အကယ်၍ ကျွန်တော်တို့၏ လက်ဝယ် သိမ်းဆည်းထားရှိမိပါက ဖျောက်ဖျက်ချိန်မရအောင်ပင် လျှပ်တပြက်ရှာဖွေစစ်ဆေးမှုပြုလုပ်သည်မှာ အံ့ဩလောက်အောင်ပင် မြန်ဆန်လွန်းလှပေသည်။
အိပ်မုန်စုံမွှားနှင့် သတိအနေအထား ရပ်လျက် သူတို့မွှေနှောက်ရှာဖွေမှုပြုသမျှကို ရင်တမမနှင့် ကြည့်ရှုနေကြရစဉ်မှာပင် ဂျပန်စစ်ဗိုလ်များနှင့် အစောင့်တပ်သားများသည် တွေ့သမျှ စာရွက်စာတမ်းများနှင့် စာအုပ်များကို သိမ်းဆည်းသွားတော့သည်။
ကျွန်တော့်အဖို့ အထိတ်တလန့်အဖြစ်ရဆုံးသော အချိန်ပင်။ ကျွန်တော်အဖမ်းခံရပြီး သုံ့ပန်းဘဝနှင့် ၂-နှစ်တာ နေနေရသည့်ကာလအတွင်း ကျွန်တော်ကိတွေ့ရသည့်ဖြစ်ရပ်များ၊ ကျွန်တော့်ဦးနှောက်တွင်းဝယ် ပေါ်ပေါက်လာသော အတွေးအခေါ်များနှင့် ခံစားချက်များကို မှတ်စုစာအုပ်များတွင် အသေအချာ မာ ရေးခြစ်မှတ်သားခဲ့သည်။
ရံဖန်ရံခါ ကဗျာလင်္ကာ အတိုအစကလေးများကိုပင် ရေးစပ်ခဲ့မိသည်။ ထိုကဗျာလင်္ကာအတိုကလေးများမှာ အပေါ်ယံ ဖတ်ရှုသောအခါ အန္တရာယ်ဖြစ်နိုင်သည်ဟု မတွေးမိနိုင်သော်လည်း အမှန်စင်စစ် သုံ့ပန်းဘဝ၏ကြမ်းကြုတ်ရက်စက်မှုဒဏ် ခံစားရပုံကို ပေါ်လွင်အောင် ရောင်ပြန်ဟပ်ပေးသည့် ကဗျာစုကလေးများပင် ဖြစ်သည်။
ကျွန်တော့်အဖို့ စာမရေးဘဲ မနေနိုင်လောက်အောင်ပင် စာရေးခြင်း၊ ကဗျာစပ်ခြင်း ဝါသနာမှာ ပြင်းပြင်းထန်ထန်ပင် စွဲလမ်းမှီငြိခဲ့ပေသည်။ ထိုသို့အစွဲအလမ်း ကြီးလာရသည်မှာလည်း ကျွန်တော့်ဦးနှောက်နှင့် လက်များကို အချိန်ပြည့် တာဝန်ပေးထားခြင်းဖြင့် ကျွန်တော်ရင်ဆိုင်နေရသည့်ဘဝဆိုးကို မေ့မေ့ပျောက်ပျောက် ရှိနေရန်ပင်ဖြစ်သည်။
တနည်းအားဖြင့်လည်း ယခုကဲ့သို့ ဂျပန်တို့၏ စစ်သုံ့ပန်းဘဝတွင် ရက်သိက္ခာ ကျဆင်းညှိုးနွမ်းလောက်အောင်ပင် ညှဉ်းပန်း နှိပ်စက်ခံရသည့် အတွင်းမှ စိတ်ဓာတ် ကျဆင်းခြင်းမရှိစေရန် မောင်းတင်ထားခြင်းလည်း ဖြစ်ပေသည်။
ကျွန်တော်အဖို့ သုံ့ပန်းဘဝဖြင့် ရင်ဆိုင်နေရသော ၂-နှစ်တာ ကာလမှ ဆိုးသွမ်းပြီး စက်ဆုပ်ရွံရှာဖွယ်ကောင်းလှသော အခါသမယပင် ဖြစ်သည်။ ကျွန်တော်တို့နှင့်အတူ သုံ့ပန်းအဖြစ် ဖမ်းဆီးခံနေရသူ ဗိုလ်ချုပ် ဂျော်ဂျ်ဆန် အပ်ဒ်ဝိန်းရိုက်ဆိုလျှင် ထိုသို့မှတ်စုကလေး များ ရေးသား သိမ်းဆည်းထားခြင်းမှာ အန္တရာယ်ကြီးလှကြောင်းဖြင့် ကျွန်တော့်အား မကြာခဏ သတိပေးခဲ့သည်။
သတိပေးမည်ဆိုလျှင်လည်း ပေးထိုက်သည်။ ဂျပန်များသည် ကျွန်တော်တို့၏ လှုပ်ရှားမှုမှန်သမျှကို ချက်ချင်းသိနိုင်သည့် အရည်အခြင်းနှင့် ပြည့်ဝသူများဖြစ်သည်။သူတို့အားထိတ်ကဲစေမည့် အပြောအဆို အပြုအမူများကို ပြောဆိုပြုလုပ်မိလျှင် ပို၍ပင် လျင်လျင်မြန်မြန် အကဲခတ်နိုင်သူများဖြစ်သည်။
အထူးသဖြင့် ကျွန်တော်၏မှတ်စုစာအုပ်ကလေးများတွင် စစ်သုံ့ပန်းဘဝကို ကရုဏာ ရသမြောက်အောင် နှလုံးသားတွင်းမှ အလိုလို ပေါ်ထွက်လာသော စကားလုံးကလေးများဖြင့် သီကုံးနှန်းဖွဲ့ကာ မှတ်တမ်းတင် ထားမိ သည်ဖြစ်ရာ ဂျပန်များအနေဖြင့် စိုးစဉ်းမျှပင် လက်ခံကျေနပ်နိုင်လိမ့်မည် မဟုတ်ပေ။
ကျွန်တော်၏မှတ်စုစာအုပ်များ သိမ်းဆည်းသွားသည်ကို တွေ့လိုက်ရသောအခါ ကျွန်တော့်အဖို့ ဆိုးရွားလာမည့် အခြေအနေကို မြော်လင့်စောင့်စားနေရန်မှတပါး အခြားဘာမျှမရှိပေ။ ထိုအချိန်မှစ၍လည်း ကျွန်တော်တို့သုံ့ပန်းများအဖို့ စခန်းမှူး ဂျပန်စစ်ဗိုလ်၊ သို့မဟုတ် ‘ငပွကြီး’ဟု အမည်ပေးထားသော ဂျပန်စစ်ဗိုလ်ကလေးကို တွေ့တိုင်း တွေ့တိုင်း ရင်တမမနှင့် ရှိနေပေသည်။
သုံ့ပန်းစခန်းတွင် ကျွန်တော်တို့ စက်ဆုပ်ရွံရှာမှုဟူသမျှကို ‘ငပွကြီး’ဟု ကင်ပွန်းတပ်ပြီး ပြောဆိုရှုတ်ချလေ့ရှိရာ သံဆူးကြိုးအတွင်း ကျဉ်းကျဉ်းကျပ်ကျပ်နေရသည့်ဘဝ၊ မကောင်းသည့် အစားအစာ၊ ညစ်ပတ်ပေရေသည့် အဝတ်အစားနှင့် နေရာထိုင်ခင်း၊ပြစ်ဒဏ်ပေးမှုအစုစု၊ ယုတ်စွအဆုံး သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့်အဖြစ်၊ ထိုမကောင်းမှုအစုစုနှင့် အနိဋ္ဌာရုံဟူသမျှကို ‘ငပွကြီး’နှင့် နှိုင်းနှိုင်းပြောဆိုပြီး ရှုတ်ချနေသည်သာဖြစ်သည်။
လူကောင်းကောင်ကြီးကြီး ဘောင်းဘီ ဝတ် ထားပုံကလည်း အမျိုးအစားမကျနှင့် ဖောင်းပွပြီး ဖိနပ်ပေါ်ထိအောင် အိတ်များကဲ့သို့ ပွခတ်ကျ၍ နေလိုက်သေးသည်။ ရပ်နေရင်းလည်း ဂဏာမငြိမ်သကဲ့သို့ ဟိုရွေ့ဒီရွေ့။ သည်ပြောင်းလိုက်နှင့် အမြဲလှုပ်ရှားနေသည်။ အင်္ဂလိပ်စကားကိုလည်း ရေရေလည်လည် ပြောဆိုနိုင်သူဖြစ်သည်။သူ့ အား ‘ငပုကြီး’ဟူ၍ ကျွန်တော်တို့ ပြောငြာလုပ်ခေါ်သည်ကိုလည်း ရိပ်မိဟန်တူသည်။
ရက်များ မကြာလိုက်တော့ပါ။ မှတ်စုစာအုပ်များနှင့် စာရွက်များသိမ်းဆည်းခြင်းခံရသော ကျွန်တော်တို့ သုံ့ပန်းများအား ဂျပန်အရာရှိများက တဦးချင်း ခေါ်တွေ့သည်။ ဂျပန်လူမျိုးများသည် အရာရာကို ဆောင်ရွက်ရာတွင် စံနစ်တကျ ဆောင်ရွက်တတ်သူများဖြစ်ပေရာ ကျွန်တော်တို့အား ခေါ်ယူစစ်ဆေးရာတွင်လည်း အမည်များကို အက္ခရာစဉ်အလိုက် ခေါ်ယူသည်ကို တွေ့ရသည်။
ဗြိတိသျှ စစ်တပ်မှ ဗိုလ်မှူးချုပ်တဦးအား သိမ်းဆည်းရမိသော စာရွက် စာတမ်းများတွင် မိမိသိမနှစ်မြိုသော အကြောင်းအချက်အလက်များ တွေ့ရှိသဖြင့် ပေါင်မုန့်နှင့် ရေသာတိုက်ပြီး သုံးရက်ကြာမျှ တိုက်ပိတ်ထားလိုက်သည်။ အမေရိကန် ကြည်းတပ်မှ ဗိုလ်မှူးကြီးတဦးကိုမူ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညှဉ်းပန်းနှိပ်စက်ရုံဖြင့် အားမရနိုင်ဘဲ ထို့ထက် ပိုမို၍ အညှဉ်းပန်းအနှိပ်စက်ခံရန် သူတို့ထံသို့ နေ့စဉ် သတင်းအပို့ခိုင်းသည်။ ကျွန်တော့် အလှည့်ရောက်ရန်မှာလည်း ဝေးလှတော့မည် မ ဟုတ် ပေ။ အလှည့်ကို စောင့်စားရင်း ရင်တမမဖြင့်သာ နေရတော့သည်။
ကျွန်တော့်အဖို့ စိုးရိမ်ကြောင့်ကြမှု ပြေပျောက်လို ပြေပျောက်ငြား တံဆိပ်ခေါင်းပုံဆံ ဥယျာဉ်ငယ်ကလေးနှင့် အချိန်ဖြုန်းနေမိသည်။ သုံ့ပန်းစခန်းအတွင်း စိုက်ပျိုးရေးပြုလုပ်လိုပါက ပြုလုပ်နိုင်ပါရန် ဂျပန်အာဏာပိုင်များက ကျွန်တော့်အား အလျားပေ ၂၀၊ အနံ ၁၀-ပေရှိ မြေလွတ်ကလေးတခု ပေးထားသည်။ ကျွန်တော်သည် ထိုဥယျာဉ်ငယ်ကလေးတွင် ခရမ်းချဉ်သီး၊ မုံလာဥ၊ကော်ဖီထုပ် စသည့် သီးနှံပင်များကို စိုက်ပျိုးရင်း အချိန်ကို ကုန်စေရသည်။
ကျွန်တော်ပြုစုပျိုးထောင်လာခဲ့သော သီးနှံပင်ကလေးများမှာလည်း ပြိုင်ပွဲတွင် တင်နိုင်လောက်အောင် အောင်အောင်မြင်မြင် ဖြစ်ထွန်းလာသည်ဖြစ်ရာ ထိုသီးနှံများပေါ်တွင် စိတ်ဝင်စားရင်း ကျွန်တော် ရင်ဆိုင်ရမည့် အန္တရာယ်ကိုပင် မေ့ပျောက် ထားလိုက်ရသည်။
တနေ့ နေ့လယ်ခင်းတွင် ကျွန်တော်သည် ခရမ်းချဉ်ပင် ကလေးများကို ပေါင်းလိုက်နေရာ နောက်ကြောဘက်မှ ကြွတ်ဆတ်သော အသံဖြင့် “ခဗျား နာမည် ဘလိုးဟား မဟုတ်လား” ဟု ရုတ်တရက် မေးလိုက်သံကို ကြားရသည်။
ငပွကြီးမှ ငပွကြီး အစစ်၊ အခြား ဂျပန်လူမျိုးအမြောက်အမြားနည်းတူ ငပွကြီးလည်း အင်္ဂလိပ်စကားပြောရာတွင် (အာရ်) သံကို (အယ်လ်) အသံနှင့် အစားထိုး ပြောလေ့ရှိသည်ဖြစ်ရာ ကျွန်တော်လာခေါ်ကြောင်း အတတ်သိပြီးဖြစ်သည်။ အပြစ်ဒဏ်ခံရန် ကျွန်တော့်အလှည့်ကား ကျရောက်လာပေပြီ။
ကျွန်တော်သည် လက်ထဲမှ တူရွင်းပြား လေးကို အသာချလိုက်ပြီးမတ်တပ်ရပ်လိုက်သည်။ထို့နောက် သတိအနေအထားဖြင့် သူ့ အား ဦးခေါင်းညွတ်ကာ အရိုအသေပေးလိုက်သည်။ ငပွကြီး၏ လက်ထဲတွင် စာအိတ်ကြီးတလုံး ကိုင်လျက် သူ့မျက်နှာမှာလည်း ရင့်ကျက်သော ဣန္ဒြေနှင့် ကျွန်တော့်အား မျက်တောင်မခတ်ကြည့်နေသည်။ ကျွန်တော်စကားတခွန်းမျှ မဟရမှီ သူကပင်ထပ်မံ “ခင်များနာမည် ဘလိုးဟား မဟုတ်လား”ဟု မေးပြန်သည်။
“ဟုတ်ပါတယ်၊ ကျနော် ဘရိုးဟားပါ”ဟု ကျွန်တော်က အသံထွက် အမှန်အတိုင်းပင် ပြန်ဖြေလိုက်သည်။
“ဒီမှာ ခင်များ စာအုပ်တွေ၊ ကျုပ်ဖတ်ပြမယ်” ငပုကြီးသည် ပြောပြော ဆိုဆိုပင် စာအိတ်ကြီးထဲမှ ကျွန်တော်၏မှတ်စုစာအုပ် တအုပ်ကို ထုတ်လိုက်သည်။ ယခုအချိန်ထိ သူ၏ မျက်နှာမှာ တင်းမာလျက်။
“ခင်များ ကဗျာစပ်သလား”
“ဟုတ်ပါတယ်၊ ကဗျာလင်္ကာ တိုကလေးတွေ ရေးစမ်းကြည့်နေတာပါ”
သူ့စကားစလာပုံက ပဟေဠိ ဆန်းလှသည်။ ထို့ကြောင့်ပင် ကျွန်တော်က သတိထားပြီး အဖြေပေးလိုက်ရသည်။
“ခင်ဗျားကဗျာစပ်တာ ဘယ်လောက်ကြာပြီလဲ” ငပုကြီးက မေးပြန်သည်။
ငပွကြီးသည် ကျွန်တော့်အား ပြစ်မှုအတွက်အရေးယူရန် အကွက်ဆင်လာပုံမှာ ကျွန်တော့်အဖို့ အသစ်အဆန်းဖြစ်၍ အံ့ဩနေမိသည်။ ကျွန်တော်၏ အားနည်းချက်ကို အကွက်ကောင်းယူရန် ကြိုးစားနေသော ငပွကြီး၏ အပြုအမူများကို အကဲခတ်နေမိသည်။
သို့သော် ယခုအချိန်တွင် ကျွန်တော့်အဖို့ ငပုကြီးနှင့် အပြန်အလှန် ပြောဆိုနေရသည်မှာ လွတ်လွတ်လပ်လပ်ရှိသည်။ သာမန် မိတ်ဆွေတဦးနှင့် ပြောဆိုနေရသကဲ့သို့ပင် ပေါ့ပေါ့ပါးပါးနှင့်သွက်သွက်လက် လက် ရှိလာသဖြင့် သူ့အား ကျွန်တော်ဘဝ တလျောက်လုံး လူမှန်းသိအရွယ်ကစပြီး ကဗျာလင်္ကာကို ဝါသနာထုံသည့်နှင့်အမျှ ရေးဖွဲ့ လာခဲ့ကြောင်းဖြင့် ပြောပြလိုက်သည်။
ထိုအခါ ငပုကြီးလည်း လက်ထဲမှ စာအုပ်ကလေးကို အသာဖွင့်လိုက်ပြီး ကျွန်တော့် အနားသို့ တိုးလာသည်။
“ခင်ဗျားစပ်ထားတဲ့ အချို့ ကဗျာလေးတွေဟာ သိပ်ကောင်းတာပဲ၊ အမေလိကမှာ ခင်ဗျား နာမည်ကြီး ကဗျာဆရာလား”
သူ့အသံကို နားထောင်ကြည့်သည်။ သူ့မျက်နှာကိုလည်း အကဲခတ်ကြည့်သည်။ ငေါ့သံ မပါသလို မျက်နှာသွင်ပြင်တွင်လည်း တည်တည်ကြည်ကြည်နှင့် ရိုးရိုးသားသား လေးလေးနက်နက် ပြောဆိုနေသည်ကို တွေ့ရသည်။
“အို-မဟုတ်ပါဘူး၊ ကျွန်တော်ဟာ စာဆို မဟုတ်ပါဘူး၊ စစ်သားပါ၊ ခုလိုအားတဲ့ အချိန်ကလေးတွေမှာ ပျင်းပျင်းရှိတာနဲ့ တောင်ခြစ် မြောက်ခြစ် ခြစ်နေတာပါ၊ ဒါနဲ့ နေပါဦး၊ ခင်ဗျား ကျွန်တော့် ကဗျာတွေကို တကယ်ဖတ်လို့လား”
“ဖတ်ပါတယ်၊ အစအဆုံး အခေါက်ပေါင်းမရေတွက်နိုင်အောင်ကို ဖတ်ပါတယ်”
ငပွကြီး၏စကားကိုကြားရပြီး အတော်ပင် အံ့ဩသွားသည်။ ကျွန်တော်တို့နှစ်ဦး ယခုအခြေအနေတွင်ဘယ်စခန်းသို့ ဆိုက်နေပါလိမ့်ဟူ၍လည်း တွေးနေမိသည်။ ကဗျာရေးသူ တဦးအနေဖြင့်လည်း မိမိ၏ ကဗျာ ကောင်းမကောင်း ထင်မြင်ချက် ရယူလိုသည့် ဆန္ဒ ပြင်းပြ လာသည်။ ထို့ကြောင့်ပင် သူ့စကားအဆုံး၌ ကျွန်တော် သိလိုသည့်အချက်ကို မေးလိုက်မိသည်။
“ကျနော့်ကဗျာတွေထဲမှာ ခင်ဗျားကြိုက်တဲ့ကဗျာများပါသလား”
“ပါတာပေါ့၊ တချို့ ကဗျာတွေဆိုရင် ကျနော် သိပ်ကြိုက်တာပဲ၊ ကဗျာကောင်း မကောင်း အဆုံးအဖြတ် မပေးနိုင်ပေမယ့် ကဗျာတွေကိုတော့ ကျနော် ကြိုက်တာ အမှန်ဘဲ”
ယခုအချိန်တွင် ကျွန်တော်သည် သူ့ပခုံးပေါ် မိုး၍ ကျွန်တော့်မှတ်စုစာအုပ်ကလေးကို လှမ်းကြည့်နေမိရာ ဂျပန်အရာရှိတဦးရှေ့တွင် စစ်သုံ့ပန်း အနေဖြင့် သတိအနေအထားဖြင့် နေရမည်ကိုပင် မေ့လျော့ သွားသည်။
“ခင်ဗျားကြိုက်တာ ဘယ်အပုဒ်လဲ”
ကျွန်တော့် မေးခွန်းကြောင့် တင်းမာ နေသော ငပွကြီး၏ မျက်နှာမှာ သိသိသာသာပင် ပြုံးရွှင်လာသည်။
“ခင်ဗျား ဇနီးအကြောင်း ဖွဲ့တဲ့ကဗျာ ကျုပ်အကြိုက်ဆုံးဘဲ၊ ဒီကဗျာ ခင်ဗျားမိသားစုဘွဲ့ဘဲ၊ ကျုပ်မှာလဲ ဒါမျိုးစပ်ထားတာရှိတယ်၊ အောက်မေ့တသခြင်းလို့ဘဲခေါ်မလား၊ အမှတ်တရ ကဗျာလို့ဘဲဆိုမလား၊ ဘယ်လိုခေါ်မလဲဟင်....”
ငပွကြီးသည် ကျွန်တော်၏ မှတ်စုစာအုပ်ထဲမှ စာမျက်နှာတနေရာကို ဖွင့်လိုက်ပြီး အတိုဆုံးကဗျာတပုဒ်ကို အလွတ်ရွတ်ဆိုနေတော့သည်။ ပီပီပြင်ပြင် မရွတ်ဆိုတတ်သဖြင့် ကဗျာ၏လေးနက်မှုမှာ အနည်းငယ်လျော့ပါးနေသည်။ ထိုအခြင်းအရာကို ငပုကြီးလည်း သတိပြုမိပုံရသည်။ ထို့ကြောင့် လေးငါးကြောင်းမျှ ရွတ်အပြီးတွင် မှတ်စုစာအုပ်ကလေးကို ကျွန်တော့်အား လှမ်းပေးလိုက်သည်။
“ကဗျာကို ဌာန်ကရိုဏ်းကျအောင် ကျုပ်မဖတ်တတ်ပါဘူးဗျာ၊ ကျေးဇူးပြုပြီး ခင်ဗျား ကျုပ်ကိုဖတ်ပြပါလား”
အချက်အချယ်အကန့်အထားဟူသမျှ ကျွန်တော် ထံပါးမှ ကင်းလွတ်သွားလေပြီ။
ကျွန်တော်က ကဗျာစာဆို၊ ကျွန်တော့်ရှေ့မှာ ကတော့ ကျွန်တော့်စာပေကို အမြတ်တနိုးထားပြီး ကျွန်တော်ရွတ်ဆိုပြမည့် ကဗျာတပုဒ်ကို စိတ်ဝင်စားမှု အပြည့်အဝဖြင့် နားသောတဆင်မည့် ပရိသတ်တဦး။
ကျွန်တော့်အဖို့ စိတ်လှုပ်ရှားမှုအဖြစ်ရဆုံးသော ကာလပင်။ ဘဝတသက်တာတွင် ကျွန်တော် ဤမျှလောက် စိတ်လှုပ်ရှားမှုဖြစ်ရသည့် အချိန်အခါကား တကြိမ်တခါမျှပင် မရှိခဲ့ချေ။ ကော်ဖီထုပ်နှံ၊ ခရမ်းချဉ်သီးနှံ၊ တသင်းသင်းနှင့်ခုတ်ဖြတ်ပေးရနေသည့်သုံ့ပန်းအဝတ်အစားများဖြင့် ကျွန်တော် ရေးစပ်ထားခဲ့သော ကဗျာတပုဒ်ကို စိတ်လှုပ်ရှားမှု အပြည့်ဖြင့် ငပုကြီးအား ရွတ်ဆိုပြလိုက်ရသည်။
နေဝန်းဗိမာန်၊ စက်ယာဉ်ပျံလျှင်
မိုးယံတိမ်ဝ၊ ရောင်မျိုးပလျက်
မျိုးဖျဝင်းဝါ၊ ရှုတိုင်းသာသည်
ဆည်းဆာ အလှတည်ငြိမ်စွ။
တည်ငြိမ်လှပ၊ ထိုကာလဝယ်
အလှအိမ်သူ၊ ချောနွဲ့မူနှင့်
ပျူငှာတွတ်တွတ်၊ ချစ်ခွန်းရွတ်လျက်
ထွတ်မြတ်မင်္ဂလာ၊ ကျောင်းတော်ရာဝယ်
မေတ္တာမွှန်းတင်၊ မြတ်ရေစင်ကို
တူယှဉ်သောက်သုံး၊ ရှင်ရွှင်ပြုံးလျက်။
ဓမ္မတေးသံ၊ အေးရိပ်ပုံကို
နာခံအတု၊ ပန်ဆုယူလျက်။
ကြည်မြူနှစ်သက်၊ လက်ချင်းယှက်၍
ချစ်သက်သက်လျာ၊ ဆင်းသူဇာက
ညင်သာနှုတ်ခမ်း၊ ယုယနွမ်းသော်
ချမ်းမြေ့နှလုံး၊ ကြည်ကြည်ပြုံးလျက်။
ရီရီပြုံးပြုံး၊ ပျော်မဆုံးနှင့်
ဟိုတုန်းကာလ၊ ပျော်ခဲ့ရကို
စိတ်ကမှန်းတင်၊ အာရုံဝင်ခိုက်
ကြည်လင်အေးမြ၊ ချမ်းသာရသည်
ဘဝအတွက် ငါ့အတွက်။
“အားကြီးကောင်းပါတယ်၊ သိပ် ကောင်းတဲ့ ကဗျာဘဲဗျာ၊ ကျုပ်တို့လဲ ခင်ဗျားလိုဘဲ ခံစားရပါတယ်၊ အိမ်သူအိမ်သားတွေနဲ့ ခွဲလာခဲ့ရတာကြာလှပါပြီ။ ကျုပ် ခဗျားကဗျာကို သိပ်ကြိုက်တယ်”
ငပွကြီးသည် ကျွန်တော့်ကဗျာကို ချီးမွမ်းခန်း ထုတ်နေသည့်တိုင် ကျွန်တော့်စိတ်တွင် ဝေခွဲမရရှိ နေသေးသည်။ ထို့ကြောင့် ကျွန်တော်က “ခင်ဗျား ကဗျာကြိုက်တယ်နော်”ဟု ငပွကြီးအား သံသယ အပြည့်ဖြင့် မေးကြည့်လိုက်သေးသည်။
“ကြိုက်တာပေါ့ဗျာ ... ကျုပ်တို့ဂျပန်လူမျိုးတွေ ဟာ ကဗျာကိုသိပ်ချစ်ကြတယ်၊ မေဂျာဘုရင်မင်းမြတ်ကြီးကိုယ်တိုင်လဲ ကဗျာစာပေပြုစုတယ်၊ ကုန်ကုန်ပြောရရင်ဗျာ ဂုဏ်သရေရှိဂျပန်လူမျိုးတိုင်း ကဗျာစပ်ကြတယ်လို့ ဆိုရမှာဘဲ”
ငပုကြီးနှင့် ကဗျာလင်္ကာအကြောင်း အပြန်အလှန် ဆွေးနွေး နေရသဖြင့် သူ ရောက်ရှိလာသည့် မူလ အကြောင်းရင်းကိုပင် သတိမရအောင် ဖြစ် သွားသည်။
“ကျွန်တော် သိပ်စိတ်ဝင်စားပါတယ်၊ ခင်ဗျား ကိုယ်တိုင်လဲ ကဗျာလေးလင်္ကာလေး စပ်ဖူးမှာပေါ့”
ကျွန်တော့်မေးခွန်းကြောင့် ငပုကြီးမှာ ကျောင်းသားအရွယ် လူငယ်ကလေးတဦးပမာ ရှက်သွေး ဖြန်းပြီး မျက်နှာတခုလုံး နီမြန်းလာသည်။
“ကျုပ်လဲကြိုးစားပြီး မတောက်တခေါက် ရေးစပ်ခဲ့ပါတယ်၊ မကောင်းပါဘူးဗျာ၊ ခင်ဗျားလိုကဗျာ လှလှလေးတွေ မစပ်တတ်ပါဘူး၊ ကျောင်းတုန်းက ဥပဒေ ဘာသာရပ်ဘဲ ယူ လာတော့ က ဗျာ ဆ ရာ ကောင်းတံဦး မဖြစ်ပါဘူး”
ငပွကြီးသည် ပြောရင်းပင် ခေါင်းကြီးကိုအသာငုံ့ပြီး မြေကိုခြေဖြင့်ကုတ်ရိုက်နေသည်။ ကျွန်တော်တို့ နှစ်ဦးစပ်ကြား သတိနှင့်ပြောဆိုဆက်ဆံသည့်အနေအထားလည်းပျောက်ကွယ်သွားကာ တဦးနှင့်တဦး ပိုမို ရင်းနှီးသလိုရှိလာသည်။ သူရေးစပ်သည့်ကဗျာတပုဒ်ကို ပြသရန် ကျွန်တော်က တောင်းယူသည့်အထိရလာသည်။
“ခင်ဗျား ကျုပ်ကဗျာကိုဖတ်ချင်တယ်ဟုတ်လား၊ မကောင်းပါဘူး၊ ဒါပေမယ့် ကျုပ် အင်္ဂလိပ်လို ပြန်ထားတာကို ပြင်ပေးရအောင်တော့ ဖတ်ကြည့် စေ ချင်ပါတယ်”
ငပွကြီးသည် ပြောပြောဆိုဆိုပင် လက်နှိပ်စက်ဖြင့် ရိုက်ထားသော ကဗျာတို တပုဒ်ကို ကျွန်တော့်အား လှမ်းပေးရာ အသံထွက်၍ ဖတ်လိုက်သည်။
သစ်ရွက်ရော်ရီ၊ ကြွေရာသီ၏
တလီသန္တာ၊ မိုးယံဝါဝယ်
ဝင်းပစန္ဒာ၊ တင့်ထွန်းသာခဲ့။
စန်းရောင်ရွှန်းလဲ၊ ဝန်းခွဲ့သဲလျှင်
ယိမ်းနွဲ့မြက်ခင်း၊ ငွေဆမ်းနှင်းသို့
သန့်ရှင်းဖြူစင်၊ ကြည်လင်လင်တည့်။
ရှစ်ခွင်ဝန်းကျင်၊ ရှုတိုင်းယဉ်လျက်
မြင်မြင်သမျှ၊ သာပေလှလည်း
ဘဝလောကဓံ၊ မုန်တိုင်းဒဏ်ကို
ရုန်းကန်လာရာ၊ ကျွန်ုပ်ခန္ဓာမှာ
ချမ်းချာနွမ်းနယ်၊ ကုန်ခမ်းနွမ်းလွယ်လည်း
ချစ်ဖွယ်ရံရုံး၊ ကျွန်ုပ်လုံးမှ
ကြည်ပြုံးသာယာ၊ ပန်းနှယ်သာတည့်။
နောက်ဆုံး နှစ်ကြောင်းကို ဖတ်သောအခါ ကျွန်တော့်အသံမှာ တိမ်သွားသည်။ စိတ်လည်း အတော်ပင် ထိခိုက်သွားသည်။ လည် ချောင်းထဲတွင်လည်း ချောင်းဆိုးချင်သလို တဆို့ဆို့ကြီးဖြစ်လာသည်။
“ဟာ-ငပွ”
ကျွန်တော်က သူ့အား ချီးကျူးချင်လွန်း၍နှလုံးသားအ တွင်း မှလှိုက်လှိုက်လှဲလှဲနှင့် အားပါးတရပြောလိုက်ရာ သူ့အား နောက်ပြောင်လုပ်ခေါ်သည့် အမည်မှာ အမှတ်မထင်ထွက်လာရာ ရုတ်တရက် သတိထားပြီး ရပ်လိုက်ရသည်။ သို့သော် ငပွကြီးကမူ ဒေါသမထွက်သည့်အပြင် အားရပါးရပင် ရယ်မောလိုက်သည်။
“ငပုကြီး-ဟုတ်တယ်၊ကျုပ် သိပါတယ်၊ ကိစ္စမရှိပါဘူး၊ ငပုကြီး-ငပုကြီး”
ငပွကြီးလည်း ရယ်ရယ်မောမောဖြင့်ပင် ကိုယ်ကို လှုပ်၍ ဖေါင်းပွနေသော သူ၏ ဘောင်းဘီကြီးကို ငုံ့ကြည့်ပြီး သဘောကျနေတော့သည်။
“ကျုပ် ကဗျာလေး ခင်ဗျားသဘောကျရဲ့လား”
ငပွကြီးက သိချင်ဇောဖြင့် မေးရှာသည်။
“သိပ်လှတဲ့ ကဗျာလေး တပုဒ်ဘဲဗျာ၊ ပြင်စရာ မလိုပါဘူး၊ကျွန်တော် တကယ်ပြောတာပါ”
ကျွန်တော်က သူ့ကဗျာလေးကို လှိုက်လှိုက်လှဲလှဲပင် ချီးကျူးပြောဆိုရင်း အသာခေါက်၍ ပြန်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ ကျေးဇူး တင်ပါတယ်”
ငပုကြီးသည် သူ့ကဗျာ စာရွက်ကလေးကို အသာ ထည့်လိုက်ပြီး ကျွန်တော့်ထံမှသိမ်းဆည်းသွားသော မှတ်စုများနှင့် ကဗျာများ ပါသည့် စာအိတ်ကြီးကို ကျွန်တော့်အား ပြန်ပေးသည်။
“ဗိုလ်ချုပ်-ဒီမှာ ခင်ဗျား စာရွက်စာတမ်းတွေ”
ကျွန်တော် စစ်ရာထူးကို ခေါ်လိုက်ချိန်တွင် ငပုကြီးသည် မရည်ရွယ်ဘဲ ကျွန်တော့်အား အလေးပြုတော့မလို သတိ အနေအထားဖြင့် ရပ်လိုက်သည်။ ထို့နောက် လှည့်၍ ပြန်ထွက်သွားပြီးမှ နှစ်လမ်း သုံးလမ်းခန့် အရောက်တွင် အသာရပ်လိုက်ပြီး ပြန်လှည့်လာသည်။
“ခင်ဗျားဥယျာဉ်က သီးနှံတွေ သိပ်အောင်မြင်တာဘဲ၊ကျုပ်တို့ ဂျပန်လူမျိုးတွေဟာ လှတဲ့ ဥယျာဉ်ခြံမြေကိုမြတ်နိုးလေ့ရှိကြတယ်၊ လှပတဲ့ ခြံမြေဥယျာဉ်နှင့်အတူ ကဗျာ လင်္ကာတွေကိုလဲ ချစ်မြတ်နိုးကြတယ်”
ငပွကြီးက ပြောပြောဆိုဆိုပင်ပြန်လည် ထွက်ခွာခြင်းမပြုမီ ကျွန်တော့်အား“ကျုပ်တို့ နှုတ်ဆက်ကြရအောင်”ဟုဆို၍ လက်ကို လှမ်းပေးရာ ကျွန်တော်ကလည်း ဝမ်းသာအားရစွာပင် လက်ဆွဲနှုတ်ဆက်လိုက်သည်။
တက္ကသိုလ် ညိုညိုလေး
ဝန်ခံချက်။ ။
တက္ကသိုလ် ညိုညိုလေး ဘာသာ ပြန်ဆိုထားတဲ့ ရီးဒါးစ် ဒိုင်ဂျက်စ် မဂ္ဂဇင်း ကိုယ်တွေ့ဝတ္ထုပြိုင်ပွဲမှ ဒေါ်လာ ၂၅၀၀ ပထမဆုရ ဝေလျံ အီး၊ဘရီးဟား (အမေရိကန် စစ်တပ်မှ ဗိုလ်မှူးချုပ် ဟောင်း) ရေးသားသော Baggy Pants အီတွင်ပြီးဆုံးပါပြီ
========================================================================
ငပွကြီး
တက္ကသိုလ် ညိုညိုလေး ဘာသာပြန်ရေးသည်
ဘာကြောင့် မဖတ်မဖြစ် ဖတ်သင့်သလဲ
စစ်ပွဲ၏ ကြမ်းကြုတ်မှုကို အနုပညာဖြင့် အောင်နိုင်ခဲ့သည့် ဤကိုယ်တွေ့ဖြစ်ရပ်မှန်သည် စာဖတ်သူကို ရင်တမမဖြင့် ဆွဲခေါ်သွားပြီး၊ နောက်ဆုံးတွင် မျက်ရည်ဝဲလောက်အောင် ကြည်နူးရွေ့လျားစေမည့် လုံးဝလက်လွတ်မခံသင့်သော ကမ္ဘာကျော် ရတနာတပုဒ် ဖြစ်ပါသည်။
ဤဇာတ်လမ်းသည် စစ်ပွဲ၏ ခါးသီးအမှောင်မိုက်ဆုံးနေရာတွင်မှ ပွင့်လန်းလာသည့် “လူသားဆန်မှု” အလင်းရောင်ခြည်တခုအဖြစ် ရင်ထဲကို တိုးဝင် ခံစားရစေပါသည်။
စိတ်ဝင်စားစရာ အကောင်းဆုံးအချက်မှာ အဆင့်အတန်းချင်း လုံးဝဆန့်ကျင်နေသည့် ရန်သူနှစ်ဦးကို ကဗျာဆိုသည့် “အနုပညာတံတား” တစင်းက ဆက်သွယ်ပေးလိုက်ခြင်းပင် ဖြစ်သည်။ လက်နက်ကိုင် စစ်သားနှစ်ဦးသည် ယူနီဖောင်းနှင့် အမုန်းတရားများကို ခွာချလိုက်သောအခါ မိသားစုကို လွမ်းဆွတ်တသတတ်သည့်၊ အလှအပကို မြတ်နိုးတတ်သည့် သာမန်လူသားနှစ်ဦးအဖြစ် တွေ့ဆုံသွားကြသည်။
ခပ်ပွပွဘောင်းဘီကို ဝတ်ထားပြီး ကြောက်စရာဟု ထင်ရသော ဂျပန်အရာရှိ “ငပွကြီး” ထံမှ ကဗျာတပုဒ် ထွက်လာချိန်တွင် ဇာတ်လမ်းသည် အထွတ်အထိပ် ရောက်ရှိသွားပြီး ဖတ်ရှုသူကို ကြက်သီးမွေးညင်းထစေပါသည်။ ဤသည်မှာ နိုင်ငံရေးနှင့် စစ်ပွဲများက လူသားချင်း အမုန်းတရားများ သွတ်သွင်းပေးထားသော်လည်း နှလုံးသားချင်း ခံစားနိုင်သည့် စိတ်ဝိဉာဉ်ကိုမူ မဖျက်ဆီးနိုင်ကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။
စစ်သုံ့ပန်းစခန်းဆိုသည့် ငရဲခန်းထဲတွင် ဝေလျံ၏ကဗျာများက ရန်သူ့ဒေါသကို ငြိမ်းချမ်းစေခဲ့ပြီး သူ၏အသက်နှင့် လွတ်လပ်မှုကိုပါ ကယ်တင်ပေးနိုင်ခဲ့သည်။ ဤဇာတ်လမ်းသည် စာပေအနုပညာ၏ စွမ်းအားသည် သေနတ်ကျည်ဆန်များထက် ပိုမိုပြင်းထန်ပြီး၊ အမုန်းတရားကို မေတ္တာဖြင့်သာ အောင်နိုင်သည်ဟူသော အမှန်တရားကို မီးမောင်းထိုးပြနေသည့် ရင်ထဲတွင် ရာသက်ပန်စွဲထင်ကျန်ရစ်မည့် ကမ္ဘာကျော် ရတနာတုဒ် ဖြစ်ပါသည်။
နောက်ခံဇာတ်လမ်း
(၁၉၄၂-ခု၊ ဧပြီလ(၉) ရက်နေ့တွင် အမေရိကန် စစ်တပ်များ လက်နက်ချသောအခါ ဘရီဂေးဒီးယား ဂျင်နရယ်ဝေလုိ့ အီး၊ဘရီးဟားသည် ဘာတန်ကျွန်းတွင် ဂျပန်များ၏ဖမ်းဆီးခြင်းကို ခံရသည်။)
ယင်းသို့ဖမ်းဆီးခံရပြီးနောက် သူသည် နိုင်ငံ ၄-နိုင်ငံမှ သုံ့ပန်းစခန်း (၉) ခုတွင် သုံးနှစ်ခွဲတိုင်တိုင် စစ်သုံ့ပန်းအဖြစ် အသီးသီးရွှေ့ပြောင်း နေထိုင်လာခဲ့ရသည်။။
ယခုဖော်ပြသည့်အ ကြောင်းရပ်မှာ တောင်ပိုင်း ဗော်နီယိုကျွန်းပေါ်ရှိ ရှိရားကားဝါး သုံ့ပန်းစခန်းတွင် ကြုံခဲ့ရသည့် ကိုယ်တွေ့အဖြစ်ရပ်ပင် ဖြစ်သည်။ သူ၏တပ်မကြီးမှ သူနှင့်အတူ ဖမ်းဆီးခံရသော အမေရိကန်သုံ့ပန်း (၇၀) အနက် လွတ်မြောက် လာချိန်တွင် (ဂ) ဦးသာလျှင် မသေမပျောက်ဘဲ ကျန်ရှိသည်ဟု သိရပေသည်။)
Comments
Post a Comment