စည်းကမ်းဆို-ဒီလိုမှ တပ်ကြပ်ကြီး မောင်ကို ရေးသည် (သောကြာ စာစောင်၊ ၁၉၆၂ ဇန်နဝါရီလ)
စည်းကမ်းဆို-ဒီလိုမှ
တပ်ကြပ်ကြီး မောင်ကို ရေးသည်
(သောကြာ စာစောင်၊ ၁၉၆၂ ဇန်နဝါရီလ)
ဤတွင် အထက်ပါပုံစံချထားသော စာသားတစ်ခုလုံးကို "တစ်" အစား "တ" သို့ ပြောင်းလဲပြင်ဆင်ပေးထားပါသည် -
စည်းကမ်းဆို-ဒီလိုမှ
ဒုတိယ ကမ္ဘာစစ်အတွင်းကဖြစ်လေသည်။
ထို့အချိန်က မြန်မာတိုင်းရင်းသားများအား ဖွဲ့စည်းထားသော စစ်တပ်တတပ်သည် အိန္ဒိယပြည် 'ရန်းချီး' မြို့တွင် စခန်းချထားပါသည်။
အဆိုပါမြန်မာတိုင်းရင်းသားများတွင် တပ်ကြပ်ကြီး (၀ါ) ဆာဂျင်လမုန်တန် ဆိုသူ ကချင် အမျိုးသားတဦးမှာ စည်းကမ်း အလွန် ကြီးသူအဖြစ် တပ်တွင်း၌သတင်းမွှေးနေလေသည်။ ထို့ကြောင့်ပင် ဆာဂျင်ရာထူးကိုရထားခြင်းလည်း ဖြစ်၏။
၎င်းတပ်အား အုပ်ချုပ်သူတပ်မှူးမှာ အိုင်းရစ်ရှ် လူမျိုး မေဂျာကလပ် ဆိုသူဖြစ်သည်။ မေဂျာကလပ်မှာလည်း အနောက် တိုင်းသား ပီပီ စည်းကမ်းအလွန်ကြီးသူဖြစ်သည်။
တနေ့သော်ဆာဂျင်လမုန်တန်သည် သူ့တပ်စုမှ ရဲဘော်များအား တပ်ရင်းရုံးတွင် လစာငွေ ထုတ်စေပြီးနောက် တန်းစီကာ ၎င်းတို့တပ်စုရှိရာဘက်သို့ စည်းကမ်း တကျ ခေါ်ဆောင်လာခဲ့သည်။ တပ်ရင်းရုံးနှင့်ဆာဂျင်လမုန်တန်တို့၏တပ်စုရှိရာကြားတွင်အရာရှိရိပ်သာအဖြစ် မိုးကာ တဲကြီးတလုံးကို ယာယီ ဆောက်လုပ်ထားလေသည်။
ဆာဂျင် လမုန်တန် သူ၏ရဲဘော်များအား စည်းကမ်းသေသပ်စွာခေါ်ဆောင်လာချိန်တွင် အရာရှိရိပ်သာ၊ မျက်နှာစာဝယ်၊ တပ်မှူးဖြစ်သူ အိုင်းရစ်ရှ်လူမျိုး မေဂျာကလပ်မှာ ရေချိုးလျက်ရှိ၏။
တဲကြီးမှာယာယီအဖြစ်သာဆောက်လုပ်ထားသည် ဖြစ်သဖြင့် ရေချိုးခန်းတွေ ဘာတွေကို တဆောင်တယောင်လုပ်မထား နိုင်ရကား၊ လူမြင်ကွင်းတွင် မေဂျာကလပ်သည် အဝတ်အစားမပါ ဗလာကိုယ်ထည်း ထင်တိုင်းကြဲနေချိန်ဖြစ်၏။ သို့သော်မတ်တတ်ရပ်၍ကား မဟုတ်ရှာပါ။ ထိုင်လျက်သာရှိပါသည်။
“အိုက်စ်-ရိုက်”
ဆာဂျင်လမုန်တန်သည် စည်းကမ်းကြီးသူပီပီ အထူးသဖြင့်အရာရှိရိပ်သာနားမှ ဖြတ်သန်းသွားရမည့် အချိန်ကို ပို၍ဂရုစိုက်နေခဲ့သည့်အတိုင်းရဲဘော်များအား “လက်ဖရိုက်-လက်ဖရိုက်” (ဘယ်ညာဘယ်ညာ) နှင့်အော်ဟစ်လာရင်းပင် အရာရှိရိပ်သာရှိရာဆီသို့ တချက် မျက်လုံးကစား၍ ကြည့်လိုက်ရာ၊ သူ၏ တပ်မှူး ရေချိုးနေသည်ကို တွေ့လိုက်ရလေသည်။
ထို့ကြောင့် လည်း၊ လမုန်တန်သည် သူ၏ရဲဘော်များအားခြေလှမ်းများညီစေကာ “လက်ဖရိုက် လက်ဖရိုက်”နှင့် အော်ရင်း အရာရှိရိပ်သာ၏ မျက်နှာစာသို့ ရောက်လာသောအခါ ရဲဘော် အားလုံး အား တပ်မှူးကို အလေးပြုရန်အတွက် အသံ ကုန်ပင်—
“အိုက်စ်-ရိုက်” (ညာ....ကြည့်)
ဟု အမိန့် ပေးလိုက်သဖြင့် ရဲဘော်အားလုံးသည် တပ်မှူး ရှိရာသို့ ဦးခေါင်းများကို တပြိုင်တည်း လှည့်လိုက်ကြပါသည်။
မေဂျာကလပ်မှာ မိမိအားရဲဘော်များက တရိုတသေ အလေးပြုလာကြသောကြောင့် မနေသာတော့ဘဲ ထိုင်၍ရေချိုးနေရာမှ ရပ်လိုက်ပြီး ရဲဘော်များရှိရာဘက်သို့အဝတ်အစားမပါ ဗလာကိုယ်ထည်းနှင့်ပင် ပြုံးပြုံးကြီး သတိအနေအထားဖြင့် ရပ်နေလိုက်သည်ကို တွေ့ရသော ရဲဘော်များမှာ တအားကြီး၍ ဝါးလုံးကွဲမရယ်ရဲကြသည့်တိုင်အောင်တပ်မှူးနည်းတူ ပြုံးစိစိဖြစ်ကုန်ကြသတည်း။
“ဪ....စည်းကမ်းကြီးသူကြီးများရယ်....”
မောင်ကို
Comments
Post a Comment