လူသေအသုံးပြုနည်း

ပခန်း–ကိုကိုကျော် ရေးသည်

(သောကြာ စာစောင် ၁၉၆၂ ဖေဖော်ဝါရီ)


လူသေ အသုံးပြုနည်းဆိုတော့ တရုတ်ပြည်မှာလို လူသေတွေကို မြေဩဇာလုပ်တာလား? သို့မဟုတ်၊ ဆေးသိပ္ပံများမှာလို ခွဲစိတ်အသုံးပြုတာလား? သို့မဟုတ်၊ အောက်လမ်း ဆရာကြီးများလိုဘဲ၊ အစိမ်းသရဲ၊ မွေးဘို့လား? စသည်ဖြင့်၊ စာရှုသူများ သို့လော သို့လောမဖြစ်ကြရအောင် စနစ်တကျ အောက်မှာ ဆက်လက်ပြီး (ပခန်း) ကျွန်တော် ကိုကိုကျော်က ရေးသား၍သွားပါတော့မည်ခင်ဗျား။


အလုပ်ရှာထွက်ရာမှ ဖျားနာခြင်း

အခါ တပါး၌၊ ချီပါသား တယောက်ဟာ အောက်ပြည် အောက်ရွာကို အလုပ်ရှာထွက်ခဲ့သတဲ့။ အောက်ပြည် အောက်ရွာကို ရောက်တော့ ချီပါသားဟာ ကံကောင်းထောက်မသဖြင့် အဆင်သင့်အလုပ်အကိုင်ရရောဆိုကိုး၊ သူရတဲ့အလုပ်ကတော့ လယ်ပိုင်ရှင်ကြီးရဲ့ အိမ်မှာ လယ်ကူလီစာရင်းငှားအလုပ်တဲ့ခင်ဗျ။


အောက်ပြည် အောက်ရွာမှာ မိုးက အင်မတန် များတော့ ၄ လ၊ ၅ လ၊ ၆ လလောက် အရောက်မှာ၊ အနှီချီပါသားဟာ သွက်သွက်ခါအောင် မကျန်းမမာ ဖျားနာခြင်းဖြစ်ရောဆိုဘဲ။ သည်လို မကျန်းမမာဖြစ်တယ် ဆိုရင်ဘဲ ချီပါသားဟာ အိမ်ကချစ်ဇနီးထံ လူသေကိုအသုံးပြုနည်း စာရေးဘို့ရန် အကြံပေါ်တယ်ဆိုကိုး။


သူပေါ်တဲ့ အကြံက —


"အကယ်၍ ဖွဟဲ့ လွဲပါစေ၊ ငါဟာ ဒီဝေဒနာနဲ့ မတော်တဆ သေခဲ့ရင်၊ ငါ့ကို အကြောင်းပြပြီး ငါ့မိန်းမ အကျိုးခံစားခွင့်ရရှိအောင်လုပ်ခဲ့အုန်းမှဘဲ” တဲ့။


ချစ်ဇနီးထံ မှာတမ်းစာ

သူလုပ်ပုံကတော့၊ “ချစ်ဇနီး မောင်ဟာ အခုအချိန်မှာ အလွန်အလွန် မကျန်းမမာဖြစ်ပြီးနေတယ်၊ သို့အတွက် မောင်သေတယ် ဆိုတဲ့ သတင်းကို ကြားလျှင် ကြားခြင်း လိုက်ခဲ့ပါ။ မောင်ဟာချစ်ဇနီးအတွက် အမွေပေးထားခဲ့မယ်၊ သည်အမွေကတော့ အခြားဟုတ်ပါ ရိုးလား။ ငါသေလျှင် သေခြင်း ဖင်ကိုသတ်ရိုက်ဘို့ ထုံးတန်းစဉ်လာရှိတဲ့ အကြောင်း။ သည်လိုဖင်ကို သတ်မရိုက်ရင် လယ်ပိုင်ရှင်ကြီးအိမ်မှစပြီး အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ ခုနစ်အိမ်စဉ်ဟာ တနေ့တခြားမွဲပြီး ခွက်လက်ဆွဲတောင်း၍ စားရမဲ့ အကြောင်းမှာကြားထားခဲ့တယ်၊ ခင်လိုက်ခဲ့ ပြီးနောက်၊ မောင့်အလောင်းရဲ့ဖင်ကို လှန်ပြီး ကြည့်ပါ။ အကယ်၍ ဖင်မှာ သတ်ချောင်း တွေ့ရင် လယ်ပိုင်ရှင်ကြီးကို လူသတ်မှုနဲ့ အကြပ်ကိုင်ပြီး ငွေတောင်းပါ၊ ငွေတောင်း၍မရရင် ရုံးတင် တရားစွဲပါ။” ဆိုတဲ့စာကို ချစ်ဇနီးထံ ရေးပေးလိုက်သတဲ့။


အကြံပိုင်လှသော ချီပါသားမယား

ချီပါသားဟာ များမကြာမီမှာဘဲ သည်ဝေဒနာနဲ့ သေရှာကို မြန်းရရှာရော့ဆိုကိုး၊ လယ်ပိုင်ရှင်ကြီး ခမျာမှာဖြင့် ရိုးသားစွာနဲ့ သူ့မယားထံ စာရေး အကြောင်းကြား ပြီးနောက် သူမှာတဲ့အတိုင်း သေလျှင် သေခြင်း ဖင်ကို သတ်ရိုက်သွင်းပြီး ထားရှာတာပေါ့။ ချီပါသားရဲ့ မယားကလဲ လင်သေတဲ့အကြောင်း အကြောင်းကြားစာရတော့ ရှိုက်ကြီးငင်ကြီးနဲ့ ငိုပြီး လိုက်လာတာပေါ့လေ။ လိုက်လာပြီး သူ့ယောက်ျား မှာခဲ့တဲ့အတိုင်း အလောင်းဖင်ကို လှန်ကြည့်တော့ သတ်ကြီးကိုတွေ့တာပေါ့။


အဲဒီတော့ - အဲဒီတော့ ချီပါသားရဲ့ မယားက —


“အမယ်လေး-- ဟေး ဟေး.... ကျမ ယောက်ျားဟာ ရိုးရိုးတန်းတန်းသေတာမဟုတ်ပါဘူးတော် ၊ ဖင်ထဲမှာ သတ်ကြီးတန်းလန်းနဲ့ လူသတ်လို့ သေတာပါ”


လို့ဆိုပြီး တဟီးဟီးနဲ့ အော်အော်ငိုလိုက်တော့၊ လယ်ပိုင်ရှင်ကြီးခမျာမှာ ထိတ်ထိတ်ပြာပြာဖြစ်ခါ အသက်ရှူတောင် မှားသွားတာပေါ့။


လယ်ပိုင်ရှင်ကြီးက “ငါ့တူမကြီး မငိုပါနဲ့အုံး.... ခဏတိတ် ပါအုံး၊ ဦးလေး အကျိုး အကြောင်း ပြောပါရစေအုံး။ ငါ့တူမရဲ့ ယောက်ျားကို လူသတ်တာမဟုတ်ဘူး။ ငါ့တူမရဲ့ ယောက်ျားက သူသေလျှင် သေခြင်း ဖင်ကိုသတ်ရိုက်ဘို့၊ မရိုက်ရင် ဦးလေးအိမ်မှစပြီး၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် ခုနစ်အိမ်စဉ်ဟာ ခွက်လက်ဆွဲ တောင်းစား ရသည်အထိ၊ မွဲကုန်လိမ့်မယ်ဆိုလို့၊ သေပြီးခါမှသာ သတ်ရိုက်တဲ့” အကျိုးအကြောင်း ပြောပြသတဲ့။ ပြောသော်လည်း မရပါ။ (ဘယ်ရမလဲ မရွှေချောက အိပ်ချင်ယောင်ဆောင်နေတာကိုး)


“အမယ်လေး ကျမယောက်ျားဟာ လူသတ်တာမှ အစစ်ပါတော် ဟင့်....ဟင်း ဖင်ထဲမှာ သက်သေ သတ်ကြီး တန်းလန်းနဲ့၊ ပါရှင့်ဟင့်” ဆိုပြီး အော်ကြီးဟစ်ကျယ်ငိုပါလေရော။ မရွှေချောကို လယ်ပိုင်ရှင် ခမျာမှာနည်းမျိုးစုံနဲ့၊ အဖုံဖုံချော့သော်လဲ၊ မပြေတဲ့ပြင် ပို၍ ပို၍သာ လာချေတော့သည်။


ဓနရှင်၏ နည်းပရိယာယ်

နောက်ဆုံး မရွှေချောက လယ်ပိုင်ရှင်ကြီးကို အကြပ်ကိုင်လိုက်ပုံကတော့ — လူသတ်မှုနဲ့ ရုံးတင် တရားစွဲမယ်တဲ့ဗျ။ သည်ဟာကို လယ်ပိုင်ရှင်ခမျာကြားရတော့ အသဲတွေ အူတွေ မီးတောက်လုမတတ် ဖြစ်ပြီးသွားတာပေါ့။ မရွှေချောကို သည်လို ချော့လို့၊ ချောက်လို့၊ မရတဲ့အဆုံး၊ ဓနရှင်တို့၏ နည်းပရိယာယ်ကိုသုံးလိုက်တော့တာပေါ့။


“ကဲ....ကဲ....ငါ့တူမကြီး တဟီးဟီးနဲ့ မငိုပါနဲ့တော့ အိမ်နီးချင်းတွေ ကြားကုန်ပါလိမ့်မယ်။ ဟောဒီအသပြာ ၃၀၀ နဲ့သာ (ရှေးအသပြာ) သည်ကိစ္စအတွက် ရုံးတင်လဲ တရားမစွဲပါနဲ့၊ ကျေနပ်ပါတော့”


ဆိုမှ မရွှေချောတယောက်သဘော၊ မနော မွေ့၍သွားလေတော့သတည်း။


ကဲ....မိတ်ဆွေ စာရှုသူအပေါင်းတို့ အရင်းရှင်ကို အကြပ်ကိုင်တဲ့နေရာမှာ ချီပါသားက ‘ကွန်မြူနစ်ဝါဒထက်’ မထက်မျက်ပါလားခင်ဗျာ။


(ပခန်း) ကိုကိုကျော်

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်