အော်စတားလစ်တိုက်ပွဲ

 



အော်စတားလစ်တိုက်ပွဲ

ကမ္ဘာ့သမိုင်းတလျှောက်တွင် စစ်ပွဲပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး ထိုစစ်ပွဲများအတွင်း တိုက်ပွဲကြီးပေါင်းအမြောက်အမြားကို တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲကြီးများအနက် အချို့မှာ စစ်ရေးမဟာဗျူဟာနှင့် နည်းဗျူဟာအရ အလွန်ပြောင်မြောက်သော တိုက်ပွဲကြီးများဖြစ်သည်နှင့်အညီ ယနေ့တိုင်သုံးသပ်လေ့လာကြရဆဲ ဖြစ်သည်။ ထိုကဲ့သို့သောတိုက်ပွဲကြီးများကို သမိုင်းပညာရှင်များက ကမ္ဘာ့သမိုင်းဝင် တိုက်ပွဲကြီးများဟူ၍ မှတ်တမ်းတင်ခဲ့ကြသည်။

သက္ကရာဇ် ၁၈၀၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အော်စတာလစ်တိုက်ပွဲသည် စစ်ဘုရင်နပိုလီယံ၏ အပြောင်မြောက်ဆုံး တိုက်ပွဲအဖြစ် သတ်မှတ်ခံရသည့် ကမ္ဘာ့သမိုင်းဝင်တိုက်ပွဲကြီးတပွဲဖြစ်သည်။ ထို့ပြင် ထိုတိုက်ပွဲသည် နပိုလီယံကိုယ်တိုင်က မိမိတိုက်ခိုက်ခဲ့သည့် စစ်ပွဲပေါင်းများစွာအနက် ဂုဏ်အယူဆုံးတိုက်ပွဲလည်း ဖြစ်သည်။

သမိုင်းနောက်ခံ

နပိုလီယံသည် ၁၈၀၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် ပြင်သစ်အင်ပါယာ၏ ဧကရာဇ်အဖြစ် ဘိသိက်ခံခဲ့သည်။ ထိုအချိန်တွင် ဗြိတိန်နိုင်ငံသည် ပြင်သစ်နိုင်ငံနှင့် စစ်ကြေညာထားပြီး ဖြစ်သည်။ ၁၈၀၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် ရုရှားနိုင်ငံသည် ဗြိတိန်နိုင်ငံနှင့် မဟာမိတ်ဖွဲ့စည်းခဲ့ပြီး၊ သြဂုတ်လ ၉ ရက်နေ့တွင် ဩစတြီးယားနိုင်ငံကလည်း ထိုမဟာမိတ်အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ ဤသို့ဖြင့် ပြင်သစ်နိုင်ငံကို တိုက်ခိုက်ရန် တတိယမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းခဲ့ကြသည်။

၁၈၀၅ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် နပိုလီယံသည် အဓိက ရန်သူဖြစ်သော ဗြိတိန်နိုင်ငံကို တက်ရောက်တိုက်ခိုက်ရန် အင်အား ၁၅၆,၀၀၀ ရှိသော တပ်တော်ကြီးကို ဘိုလုံမြို့၌ စုရုံးခဲ့သည်။ သို့သော် ပြင်သစ်ရေတပ်သည် နပိုလီယံ၏ လိုအပ်ချက်အတိုင်း မဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် တတိယမဟာမိတ်အဖွဲ့ဝင်နိုင်ငံများကလည်း ပြင်သစ်နိုင်ငံအား တိုက်ခိုက်ရန် စစ်ပြင်မှုများကြောင့် ဩဂုတ်လ ၂၄ ရက်နေ့တွင် နပိုလီယံသည် သူ၏ တပ်တော်ကြီးကို ရန်သူမဟာမိတ်တပ်များနှင့် ရင်ဆိုင်ရန် စစ်ကြောင်းများခွဲကာ အရှေ့ဘက်သို့ ချီတက်စေခဲ့သည်။ မဟာမိတ်တပ်ပေါင်းစုတွင် ဩစတြီးယား မင်းသားကြီး ချားလ်စ်၏ အင်အား ၈၄,၀၀၀ တပ်၊ ဩစတြီးယားမင်းသားကြီး ဖာဒီနန်နှင့် ဂျင်နရယ်မက်တို့၏ အင်အား ၃၄,၀၀၀ တပ်နှင့် အင်အား ၅၈,၀၀၀ တပ်၊ ရုရှားစစ်ဦးစီးချုပ် ကူတူဆော့ဗ်၏ အင်အား ၅၅,၀၀၀ တပ်၊ ရုရှားမှ ဂျင်နရယ်ဘက်ခ်ဟိုဗ်ဒင်နှင့် ဂျင်နရယ်ဘက်ဟိုဖ်ဒင်တို့၏ အင်အား ၅၀,၀၀၀ တပ်များ ပါဝင်သည်။ သို့သော် အဆိုပါ မဟာမိတ်တပ်များမှာ မစုစည်းမိသေးပဲ ချီတက်ဆဲ လမ်းခရီးတွင်ပင် ရှိနေသေးသည်။

ပြင်သစ်တပ်တော်ကြီးသည် ရိုင်းမြစ်ဆီသို့ ရှေးရှုချီတက်ခဲ့သည်။ ထိုသို့ချီတက်ခြင်းသည် မူလစခန်းချရာ ဘိုလုံမှ ၃၃၅ မိုင်မျှ ကွာဝေးသော ခရီးကို ချီတက်ရခြင်းဖြစ်ရာ သမိုင်းတွင်ရစ်သော မဟာဗျူဟာအရ ချီတက်မှုကြီးများအနက် တခုအပါအဝင် ဖြစ်သည်။ မူလစခန်းချရာ ဘိုလုံအရပ်တွင်မူ ရေယာဉ်များကိုစုစည်းထားရှိစေပြီး အင်္ဂလိပ်တပ်များ ကမ်းတက်တိုက်ခိုက်ခြင်းကို ဟန့်တားရန်နှင့် ရန်သူများအား လှည့်စားရန် မာရှယ်နေးနှင့် တပ်အချို့ကို ဆက်လက်တပ်စွဲနေစေခဲ့သည်။ ပြင်သစ်တပ်တော်ကြီးသည် ရိုင်းမြစ်သို့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရောက်ရှိသည်။

ထိုအချိန်တွင် ဩစတြီးယားတပ်တော်ကြီးသည် ဘာဗေးရီးယားကို ဝင်ရောက်တိုက်ခိုက်သောကြောင့် ပြင်သစ်၏ မဟာမိတ်ဖြစ်သော မင်းသားကြီး မက်ဆီမီလီယန်ဂျိုးဇက်သည် မြူးနစ်မှ ဆုတ်ခွာခဲ့ရသည်။ တပတ်ခန့်အကြာတွင် ဩစတြီးယား တပ်တော်ကြီးသည် အုမ်းမြို့အနီးသို့ ချဉ်းကပ်မိပြီ ဖြစ်သည်။

နပိုလီယံသည် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပါရီမြို့မှ သူ၏ ရှေ့တန်းစစ်ဌာနချုပ်ရှိရာ စထရက်စ်ဘတ်မြို့သို့ ရောက်ရှိလာပြီး အရှေ့ဘက်သို့ အပြင်းအထန် ဆက်လက်ချီတက်ခဲ့ရာ အောက်တိုဘာလ ၈ ရက်နေ့တွင် ဒန်းနုမြစ်ကို ဖြတ်ကူးနိုင်ခဲ့သည်။ ပြင်သစ်စစ်ကြောင်းများသည် အုမ်းရှိ ဩစတြီးယား ဂျင်နရယ်မက်၏ တပ်များအား ပိတ်ဆို့ ဖြတ်တောက်ထားနိုင်ခဲ့ပြီး အောက်တိုဘာလ ၁၄ ရက်နေ့တွင် တိုက်ပွဲများစတင်ခဲ့သည်။ အောက်တိုဘာလ ၁၆ ရက်နေ့တွင် နပိုလီယံသည် ဂျင်နရယ်မက်အား လက်နက်ချရန် ရာဇသံပေးခဲ့ရာ အင်အား ၃၃,၀၀၀ ရှိသော ဂျင်နရယ်မက်၏ တပ်များသည် အမြောက်အလက် ၆၀ နှင့်အတူ အောက်တိုဘာလ ၂၀ ရက်နေ့တွင် နပိုလီယံထံ လက်နက်ချခဲ့ကြသည်။ အုမ်းတွင် ထိုသို့ အောင်ပွဲရသည်အထိ ပြင်သစ်တပ်တော်ကြီးတွင် သေကြေဒဏ်ရာရသူ ၁,၅၀၀ ခန့်သာ ရှိခဲ့သည်။



အုမ်းမှ အော်စတားလစ်သို့

အုမ်း တိုက်ပွဲတွင် အောင်ပွဲရပြီးနောက် နပိုလီယံ၏ တပ်များသည် ဗီယင်နာမြို့တော်ကို သိမ်းပိုက်ရန် အောက်တိုဘာလ ၂၆ ရက်နေ့တွင် အရှေ့ဘက်သို့ ဆက်လက်ချီတက်ခဲ့ကြသည်။ လမ်းခရီးတွင် ပထမဆုံးရင်ဆိုင်ရမည့်တပ်မှာ ဂျင်နရယ်ကင်းမိုင်ယာ၏ အင်အား ၂၀,၀၀၀ ရှိသော ဩစတြီးယားတပ်ဖြစ်ပြီး ထိုတပ်သည် ကူတူဆော့ဗ်၏ တပ်မှ ရုရှားစစ်သည် ၃၀,၀၀၀ ဖြင့် အားဖြည့်ထားသေးသည်။ ထို့ပြင် ထိုတပ်များသည် အင်းမြစ်နှင့် ထိုမြစ်လက်တက်၏ အောက်ပိုင်းအရပ်များကို အခိုင်အမာတပ်စွဲထားပြီး ခံစစ်အတွက် အလွန်ကောင်းမွန်သော အနေအထားတွင် ရှိနေသည်။ အုမ်းတိုက်ပွဲမှ လွတ်မြောက်သွားသော ဂျင်နရယ် ဂျယ်လာချ်၏ အင်အား ၆၀၀၀ ရှိသော တပ်သည်လည်း တိုင်ရိုရှိ ဩစတြီးယားတပ်များနှင့် ပြန်လည်ပူးပေါင်းမိပြီ ဖြစ်သည်။

ပြင်သစ်တပ်များအဖို့ အရှေ့ဘက်သို့ ချီတက်လေလေ ယင်း၏ ထောက်ပို့ဆက်သွယ်ရေးလမ်းကြောင်းသည် ရှည်လျားလေလေဖြစ်ပြီး ရန်သူမဟာမိတ်တပ်များအနေနှင့် တောင်ဘက်မှ တိုက်ခိုက်ရန် အခွင့်အရေးရလျက် ရှိသည်။

ထိုအချိန်တွင် ဩစတြီးယား မင်းသားကြီး ချားလ်စ်၏ အင်အားကြီးမားသော တပ်များသည် ဗီရိုနာမြို့ အရှေ့ဘက်တွင် မာရှယ် မက်ဆီနာ၏ အီတလီတပ်များနှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားရာ နှစ်ဘက်စလုံးမှ စစ်သည် ၆၀၀၀ ခန့်စီ သေကြေဒဏ်ရာရခဲ့ကြသည်။ ချားလ်စ်သည် အုမ်းမြို့တွင် ဂျင်နရယ်မက် အရေးနိမ့်ကြောင်း သတင်းကို ကြားသိရသောအခါ ဗီယင်နာမြို့တော်ရှိရာသို့ ရှေးရှုဆုတ်ခွာခဲ့သည်။ သို့သော် နပိုလီယံ၏ တပ်များကို အချိန်မီ မဟန့်တားနိုင်ခဲ့ချေ။

ဂျင်နရယ် ဘက်ဟိုဗ်ဒင်၏ ရုရှား ဒုတိယ တပ်တော်ကြီးသည်လည်း ဗီယင်နာမြို့တော်သို့ ရှေးရှုကာ မော်ရေးဗီးယားကို ဖြတ်သန်း ချီတက်လာလျက်ရှိသည်။ နပိုလီယံသည် အခြားတပ်များမရောက်မီ ထိုတပ်ကြီးသာ ရောက်ရှိလာပါက အမြန်ဆုံးချေမှုန်းပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။

ပြင်သစ် တပ်တော်ကြီးမှ မာရှယ် မူရတ် ၏ မြင်းတပ်မကြီးသည် အခုအခံအနည်းငယ်မျှသာ တွေ့ရပြီး အင်းမြစ်ကို ဖြတ်ကူးခဲ့ကာ ဘရောင်းနော ခံတပ်ကြီးကိုစားရေရိက္ခာ၊ ခဲယမ်းမီးကျောက် အမြောက်အမြားနှင့်အတူ သိမ်းပိုက်နိုင်ခဲ့သည်။ မြင်းတပ်မကြီး၏ နောက်မှ မာရှယ် ဒဗု ၏အမှတ် ၃ တပ်မကြီး၊ မာရှယ်ဆော့လ် ၏ အမှတ် ၄ တပ်မကြီးနှင့်မာရှယ် လန်း ၏ အမှတ် ၅ တပ်မကြီးတို့ လိုက်ပါ ချီတက်ခဲ့ကြသည်။ ထို့ပြင် ညာဘက်စစ်နံမှ မာရှယ် နေအီး ၏ အမှတ် ၁ တပ်မကြီးသည်လည်း အောက်တိုဘာလ ၃၀ ရက်နေ့တွင် ဆာဘတ် မြို့သို့ ဝင်ရောက်နိုင်ခဲ့သည်။

ရုရှားတပ်များသည် နိုဝင်ဘာလ ၂ ရက်နေ့တွင် ပြင်းပြင်းထန်ထန် ရင်ဆိုင် တိုက်ခိုက်ကြသေးသော်လည်း နောက်တနေ့တွင် ဆက်လက်ဆုတ်ခွာသွားခဲ့သည်။ နပိုလီယံသည် နိုဝင်ဘာလ ၆ ရက်နေ့တွင် မာရှယ် မော်တီးယေ ၏ လက်အောက်တွင် မြင်းတပ်မတခုနှင့် ခြေလျင်တပ်မနှစ်ခု ပါဝင်သော အမှတ် ၈ တပ်မကြီးကို ထပ်မံဖွဲ့စည်းစေပြီး ထိုတပ်မကြီးကို လင့်ဇ်မြို့တွင် ဒန်းနုမြစ်ကိုဖြတ်ကူးစေကာ ဗယ်ဘက်စစ်နံ၏ အစောင့်တပ်အဖြစ် တပ်စွဲထားစေသည်။ မာရှယ် နေ ၏ အမှတ် ၆ တပ်မကြီးနှင့် မာရှယ် လာန်း ၏ အမှတ် ၂ တပ်မကြီးတို့ကိုလည်း ညာဘက်စစ်နံ၏ အစောင့်တပ်အဖြစ် အင်းစ် တရပ် နှင့် လီယိုဗင် မြို့များတွင် တပ်စွဲထားစေသည်။ မာရှယ် ဩဂရိုး ၏ အမှတ် ၇ တပ်မကြီးကိုမူ ထောက်ပံ့ဆက်သွယ်ရေးလမ်းကြောင်းကို ကာကွယ်ရန် နောက်ထောက်တပ်အဖြစ် ထားရှိသည်။

ဗီယင်နာမြို့တော်ကို ကယ်တင်ရန် မဖြစ်နိုင်တော့သည်ကို မြင်သော ကူတူဆော့ဗ်သည် နိုဝင်ဘာလ ၉ ရက်နေ့တွင် ကရမ်စ် အရပ်တွင် ဒန်းနုမြစ်ကိုဖြတ်ကူးပြီးအိုလိုမုန့် သို့ ရောက်ရှိနေပြီဖြစ်သော ဒုတိယ ရုရှားတပ်တော်ကြီးနှင့် ပူးပေါင်းရန် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

ပြင်သစ်တပ်များသည် အခုအခံ အနည်းငယ်မျှသာ တွေ့ရပြီး ဆက်လက်ချီတက်နိုင်ခဲ့ရာ မာရှယ်မူရတ်၏ တပ်ဦးသည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ဗီယင်နာမြို့ ဆင်ခြေဖုံးသို့ ဝင်ရောက်နိုင်ခဲ့သည်။ သို့သော် နပိုလီယံသည် မူရတ်အား ဒန်းနုမြစ်ကို ဖြတ်ကူးပြီး ကူတူဆော့ဗ်၏ တပ်များနောက်သို့ လိုက်လံတိုက်ခိုက်ရန် အမိန့်ပေးထားခဲ့သည်ဖြစ်ရာ ထိုသို့ ဗီယင်နာသို့ ဝင်ရောက်ကြောင်း ကြားသိသောအခါ နပိုလီယံသည် သူ၏ ယောက်ဖတော်လည်းဖြစ်သော မာရှယ်မူရတ်ထံ ပြင်းထန်သည့် အပြစ်တင်စာတစောင် ရေးသားပေးပို့ခဲ့သည်။

ဩစတြီးယားဘုရင်နှင့် အစိုးရအဖွဲ့သည် မော်ရေးဗီးယား မြို့တော် ဘရူနို သို့ ဆုတ်ခွာသွားခဲ့ပြီး တပတ်ခန့်အကြာတွင် ရုရှားဘုရင် ဇာအလက်ဇန်းဒါးက ယင်းတွင် လာရောက်ပူးပေါင်းခဲ့သည်။ နပိုလီယံ၏ ဌာနချုပ်သည် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဗီယင်နာမြို့တော်သို့ ဝင်ရောက်အခြေစိုက်ခဲ့သည်။ အပူတပြင်း ချီတက်ခဲ့ကြရသော ပြင်သစ်တပ်များသည် ဗီယင်နာတွင် စားရေရိက္ခာ အလွယ်တကူ ဖြည့်တင်းနိုင်ခဲ့ရုံမျှမက ဩစတြီးယား လက်နက်တိုက်များထံမှ လက်နက် ခဲယမ်းမီးကျောက် အလုံအလောက် ရရှိလိုက်သောကြောင့် ပြင်သစ်နိုင်ငံမှ ခဲယမ်းမီးကျောက်များ ထပ်မံပေးပို့ရန် မလိုတော့ချေ။

နပိုလီယံသည် ဆောင်းလယ်မရောက်မီနှင့် ဩစတြီးယား မင်းသားကြီး ချားလ်စ်၏ တပ်များမရောက်လာမီ မော်ရေးဗီးယားရှိ ရန်သူများကို ချေမှုန်းရန် ဆုံးဖြတ်ခဲ့ပြီး မာရှယ်မူရတ်၊ မာရှယ်လန်း နှင့် မာရှယ်ဆော့လ်၏ တပ်မကြီးများကို ရန်သူရှိရာသို့ အပူတပြင်း လိုက်လံတိုက်ခိုက်ရန် အမိန့်ပေးခဲ့သည်။ မာရှယ်ဒဗု၏ တပ်မကြီးကို အရှေ့ဘက်မှ ချီတက်လာမည့် ရန်သူများကို ဟန့်တားနိုင်ရန် ပရက်စ်ဘတ် သို့ စေလွှတ်ခဲ့ပြီး၊ ဘာနာဒုတ်၏ တပ်မကြီးကို အစ်ဂလော သို့ စေလွှတ်ကာ မင်းသားကြီး ဖာဒီနန်၏ တပ်များကို ဟန့်တားရန် နေရာချထားခဲ့သည်။ မော်တီးယေ၏ တပ်မကြီးကိုမူ မြို့စောင့်တပ်အဖြစ် ထားခဲ့သည်။

ကူတူဆော့ဗ်၏ တပ်များသည် ဘရူနိုသို့ ဆုတ်ခွာသွားခဲ့ပြီးနောက် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နပိုလီယံ၏ စစ်ဌာနချုပ်သည် ဇနိုင်းမို တွင် အခြေစိုက်ခဲ့သည်။ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရုရှားတပ်များသည် ဘရူနိုမှ ဆုတ်ခွာသွားခဲ့ရာ နောက်တနေ့တွင် နပိုလီယံသည် သူ၏ ဌာနချုပ်ကို ဘရူနိုသို့ ရွှေ့ပြောင်းဖွင့်လှစ်ခဲ့သည်။ မူရတ်၏ မြင်းတပ်မကြီးကို အင်အား ၄၆၀၀ ရှိ ဩစတြီးယား မြင်းတပ်များက ဘရူနိုမြို့ အရှေ့ဘက် ၁၃ မိုင်ကွာ အော်စတာလစ် ရွာ အနီးတွင် ဟန့်တား ခုခံခဲ့ကြသည်။

ဩစတြီးယားဘုရင်နှင့် အစိုးရ အဖွဲ့သည်လည်း အိုလိုမုန့်သို့ ဆုတ်ခွာခဲ့ရသည်။ မိမိပိုင်နက်နယ်မြေများမှ အလွန်အလှမ်းကွာသော ဒေသအထိ ဆုတ်ခွာခဲ့ရသော ဩစတြီးယားဘုရင်သည် ငြိမ်းချမ်းရေး ဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ကို နပိုလီယံထံ စေလွှတ်ခဲ့သည်။ သို့သော် နပိုလီယံသည် ဩစတြီးယားပိုင် ဗင်းနိစ်မြို့ကို အီတလီပြည်ထဲသို့ ပေါင်းထည့်ပေးရမည်ဟူသော အခြေခံ စည်းကမ်းချက်ကို လက်ခံမှသာ ငြိမ်းချမ်းရေးဆွေးနွေးနိုင်မည်ဟု ဆိုကာ ကိုယ်စားလှယ်အဖွဲ့ကို ပြန်လွှတ်ခဲ့သည်။ ဤသို့ ပြန်လွှတ်လိုက်ခြင်းမှာ အချိန်ဆွဲလိုသောကြောင့်ဖြစ်ပြီး၊ ဤသို့ အချိန်ဆွဲရခြင်းမှာလည်း ဩစတြီးယားနှင့် ငြိမ်းချမ်းရေး မလုပ်မီ ရုရှားတပ်တော်ကြီးအား ချေမှုန်းလိုသောကြောင့် ဖြစ်သည်။




နှစ်ဘက်တပ်များ အနေအထား

နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နပိုလီယံသည် ဂျင်နရယ် ဆဗာရီ ဦးဆောင်သောအဖွဲ့ကို ခေတ္တစစ်ရပ်စဲရေးအလံ ကိုင်ဆောင်စေပြီး အိုလိုမုန့်ရှိ ဇာဘုရင်ထံသို့ ချစ်ကြည်ရေး သဝဏ်လွှာတစောင်ကို ပေးပို့စေသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ ပရိယာယ်မျှသာဖြစ်ပြီး၊ ထိုအဖွဲ့၏ အဓိကရည်ရွယ်ချက်မှာ ရန်သူတပ်များ၏ အနေအထားကို လေ့လာရန်ဖြစ်သည်။ ဤသို့ဖြင့် နပိုလီယံသည် ဩစတြီးယားနှင့် ရုရှားတပ်များ၏ အနေအထားကို သိရှိခဲ့ပြီး ယင်းတို့၏ နည်းဗျူဟာကို ခန့်မှန်းနိုင်ခဲ့သည်။

ထို့နောက် နပိုလီယံသည် အဆုံးအဖြတ်ပေးတော့မည့် တိုက်ပွဲအတွက် သူ၏တပ်များ၏ အနေအထားကို ပြင်ဆင် စီစဉ်ခဲ့သည်။ မင်းသားကြီး ဖာဒီနန်၏ အင်အား ၁၈,၀၀၀ ရှိ တပ်များနှင့် ရင်ဆိုင်လျက်ရှိသော မာရှယ်ဘာနာဒုတ်၏ အမှတ် ၁ တပ်မကြီးကို ရှေ့တန်းသို့ ခေါ်ယူလိုက်ပြီး ယင်း၏ နေရာတွင် ဘာဗေးရီးယားတပ်မကြီးဖြင့် အစားထိုးစေခဲ့သည်။ ပရက်စ်ဘတ်ရှိ မာရှယ်ဒဗု၏ အမှတ် ၃ တပ်မကြီးကိုလည်း ရှေ့တန်းသို့ ခေါ်ယူလိုက်ပြီး မာရှယ်မော်တီးယေ၏ အမှတ် ၈ တပ်မကြီးကို နောက်တန်းရှိ ဗီယင်နာတွင် တပ်စွဲထားစေသည်။ သို့ဖြင့် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အင်အား ၆၅,၀၀၀ ရှိ ပြင်သစ်တပ်များနှင့် စုစုပေါင်း အင်အား ၈၂,၀၀၀ ရှိ ဩစတြီးယားနှင့် ရုရှား မဟာမိတ်တပ်ကြီးတို့သည် ဘရူနိုမြို့အနီးတွင် ရင်ဆိုင်မိကြသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် နပိုလီယံသည် သူ၏ တပ်များကို ဘရူနိုမြို့နှင့် အော်စတာလစ်ရွာအကြားတွင်ရှိသော ရွှံ့ညွန်ထူထပ်သည့် ဂိုးလ်ဒ်ဘက်ခ် ချောင်းငယ်တလျှောက်တွင် မြောက်ဘက်မှတောင်ဘက်သို့ ရှည်လျားသော ရှေ့တန်းခံစစ်ကြောင်းအဖြစ် တပ်ဖြန့်ထားစေသည်။ ညာဘက်စစ်နံသည် ဘရူနိုမှ အော်စတာလစ်သို့ သွားသော လမ်းမကြီး၏ မြောက်ဘက်အနီးတွင်ရှိသော စန်တွန် တောင်ကုန်းပေါ်တွင်ရှိနေပြီး၊ ဗယ်ဘက်စစ်နံသည် တဲလ်နစ် ရွာအနီးတွင်ရှိကာ ထိုစစ်နံကို ရေခဲနေသော ရေကန်များနှင့် ရွှံ့ညွန်များက ကာကွယ်ထားသည်။ ခံစစ်ကြောင်း၏ အလယ်ပိုင်းသည် မဟာမိတ်များ တပ်စွဲထားသော ပလာဇန် ကျေးရွာနှင့် မျက်နှာချင်းဆိုင်လျက် ရှိသည်။

ဆင်ကန်တောင်ကုန်းနှင့် ပန်တိုဝစ် ရွာ အကြားရှိ ပြင်သစ် ဗဟိုတောင်ပံတွင် မာရှယ်လန်း၏ အမှတ် ၅ တပ်မကြီး၊ ဘာနာဒုတ်၏ အမှတ် ၁ တပ်မကြီး၊ မူရတ်၏ မြင်းတပ်မကြီးနှင့် ဂရန်းဒေဒီယာ တပ်မ ၄ တို့ တပ်စွဲထားပြီး၊ ယင်း၏ နောက်ပိုင်းတွင် မာရှယ် ဘက်ဆီးယေး၏ ကိုယ်ရံတော်တပ်ကို အရန်တပ်အဖြစ် ထားရှိသည်။ ပန်တိုဝစ်မှ ဆိုကိုးနစ် နှင့် တဲလ်နစ်ရွာများအကြားရှိ သုံးမိုင်ရှည်လျားသော ညာတောင်ပံတွင် မာရှယ်ဆော့လ်၏ အမှတ် ၄ တပ်မကြီးက တပ်စွဲထားရာ ထိုညာတောင်ပံဘက်တွင် အင်အားနည်းလျက် ရှိသည်။ ညာတောင်ပံ၏ အနောက်ဘက်လေးမိုင်အကွာ ရန်သူများ မမြင်သာသော အရပ်တွင် မာရှယ်ဒဗု၏ အမှတ် ၃ တပ်မကြီးကို အရန်တပ်အဖြစ် ထားရှိသည်။ နပိုလီယံ၏ စစ်ဌာနချုပ်သည် ဗဟိုတောင်ပံတွင်ရှိပြီး၊ ရှေ့တန်းနှင့် တမိုင်ကွာအရပ်ရှိ ကုန်းမြင့်ပေါ်တွင် စခန်းချထားသောကြောင့်၊ ရှေ့တန်း စစ်ကြောင်းရှိရာ ဂိုးလ်ဒ်ဘက်ခ် မြစ်ဝှမ်းနှင့် ပလာဇန်ကုန်းပြင်မြင့်တို့ကို လှမ်းမြင်နိုင်သော အနေအထားတွင် ရှိနေသည်။

ပြင်သစ် ဗဟိုတောင်ပံ၏ မျက်နှာချင်းဆိုင်တွင် ဘာဂရေးရှင်း မင်းသားနှင့် လီချက်စတိုင်း မင်းသားတို့၏ တပ်မကြီးများရှိပြီး အရန်တပ်အဖြစ် မြို့စားကြီး ကွန်စတင်တိုင် ဦးစီးသော ရုရှားကိုယ်ရံတော်တပ်ရှိသည်။ ပြင်သစ် ခံစစ်ကြောင်းအလယ်တည့်တည့်၏ မျက်နှာချင်းဆိုင်အရပ်တွင် ကိုလိုရော့တ် ၏ ဩစတြီးယာတပ်မကြီးရှိပြီး ပြင်သစ် ညာတောင်ပံ၏ မျက်နှာချင်းဆိုင်တွင် ရုရှား ဂျင်နရယ်ဘက်ဟိုဗ်ဒင်၏ တပ်မကြီးရှိသည်။

စစ်ဆင်ရေး အစီအစဉ်

ဩစတြီးယားနှင့် ရုရှားတပ်များ၏ ဦးစီးချုပ်မှာ ကူတူဆော့ဗ် ဖြစ်သော်လည်း၊ လက်တွေ့တွင်မူ ဩစတြီးယားနှင့် ရုရှားဘုရင်တို့၏ အမိန့်များကို လိုက်နာရသူသာ ဖြစ်သည်။ မဟာမိတ်တပ်များ၏ စစ်ဆင်ရေးအစီအစဉ်မှာ ဒုတိယ စစ်ဦးစီးချုပ် ဩစတြီးယား ဂျင်နရယ် ဝေရိုသာ တင်ပြသော အစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ်သည် ပြင်သစ်တပ်များ အနေနှင့် ယင်း၏ ထောက်ပံ့ရေး လမ်းကြောင်းမှာ အလွန်ရှည်လျားနေပြီ ဖြစ်သောကြောင့် ယခု တပ်စွဲထားသော နေရာမှ ရှေ့သို့ တိုးနိုင်စွမ်းမရှိတော့ဟူသော ယူဆချက်နှင့် နပိုလီယံသည် ဗီယင်နာသို့ ပြန်လည်ဆုတ်ခွာရလိမ့်မည်ဟူသော ယူဆချက်နှစ်ရပ်အပေါ် အခြေခံထားခြင်းဖြစ်သည်။ စစ်ဆင်ရေး အစီအစဉ်မှာ မိမိတို့၏ ညာတောင်ပံရှိ တပ်များက ပြင်သစ်ဗဟိုတောင်ပံကို မလှုပ်နိုင်စေရန် ဖိထားရမည်ဖြစ်သည်။ ထိုသို့ဗဟိုတောင်ပံကို ထိန်းဟန့်ထားစဉ် ပင်မတပ်တော်ကြီးက လစ်တာဗာ မြစ်ဝှမ်းအတိုင်း အနောက်တောင်ဘက်သို့ ချီတက်သွားကာ ပြင်သစ် ညာတောင်ပံကို ကျိုးပေါက်အောင်တိုက်ပြီး ဗီယင်နာမှ ထောက်ပံ့ရေးလမ်းကြောင်းများကို ဖြတ်တောက်ပစ်ရန် ဖြစ်သည်။ စစ်ဦးစီးချုပ် ကူတူဆော့ဗ်နှင့် ရုရှားဂျင်နရယ်များသည် ထိုအစီအစဉ်ကို သဘောမတူကြသောကြောင့် ပြင်းထန်စွာကန့်ကွက်ခဲ့ကြသည်။ သူတို့အနေနှင့် နောက်ထပ် စစ်ကူများ ရောက်လာသည်အထိ စောင့်ဆိုင်းလိုကြသည်။ သို့သော် နောက်ဆုံးတွင် ဂျင်နရယ် ဝေရိုသာ၏ စစ်ဆင်ရေးအစီအစဉ်သာ အတည်ဖြစ်ပွားခဲ့သည်။

နပိုလီယံ၏ စစ်ရေးအစီအစဉ်မှာ သူ၏ တပ်များကို ထောင့်တင်းသော ခံစစ်အနေအထားတွင် ရှိစေပြီး၊ ရန်သူအား ထိုးစစ်ဆင်စေရန် စစ်များ၍ ထိုးစစ်ဆင်လာသော ရန်သူ၏ အားနည်းချက်နှင့် အမှားကို အခွင့်အရေးယူကာ တန်ပြန်ထိုးစစ်ဆင်ရန် ဖြစ်သည်။ ထို့ပြင် နပိုလီယံသည် သူ၏ တပ်များအနေနှင့် ဩစတြီးယားတပ်များနှင့် ကောင်းစွာ ရင်ဆိုင်နိုင်သော တိုက်ရည်ခိုက်ရည်ရှိသော်လည်း၊ ပစ်အားထက် လှံစွပ်ထိုး လက်တကမ်းတိုက်ပွဲအပေါ် အားထားကာ ရုတ်တရက် အလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်သည့် နည်းဗျူဟာကို ကျင့်သုံးတတ်သော ရုရှားတပ်များနှင့် ရင်ဆိုင်ရာတွင်မူ လက်တကမ်းတိုက်ပွဲအဆင့်သို့မရောက်မီ သူ၏ ခြေလျင်တပ်များသည် ပစ်အား၏ စွမ်းရည်ကို မြှင့်တင်အသုံးပြုရန် လိုအပ်သည်ဟု ယူဆသည်။ ထို့ကြောင့် နပိုလီယံသည် နိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက သူ၏ တပ်မကြီးမှူးများသို့ ထိုနည်းဗျူဟာကို ကျင့်သုံးရန် အသေးစိတ် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာလ ၁ ရက်နေ့ညတွင် နပိုလီယံသည် တပ်ဖြန့်ထားရာ ရှေ့တန်း တပ်စခန်းအားလုံးသို့ မြင်းစီး၍ လှည့်လည် စစ်ဆေးခဲ့ရာ ပြင်သစ်စစ်သည်များက သူတို့၏ အိပ်ရာခင်း မြက်များကို မီးတုတ်များ ပြုလုပ်ပြီး ဧကရာဇ်ကြီး သက်တော်ရာကျော်ရှည်ပါစေဟု ကြွေးကြော်ကာ နပိုလီယံကို သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ ပြင်သစ်တပ်များဘက်၌ ထိုသို့ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်ကိုမြင်သော ဩစတြီးယားနှင့် ရုရှားတပ်များက ပြင်သစ်တပ်များသည် ဆုတ်ခွာလျက်ရှိကြပြီး၊ ထိုသို့ ဆုတ်ခွာသည်ကို ဟန်ဆောင်ဖုံးကွယ်ရန် ပြုလုပ်နေခြင်း ဖြစ်သည်ဟု ယူဆခဲ့ကြသည်။ နပိုလီယံသည် တပ်များကို လှည့်လည်စစ်ဆေးယင်း ပလာဇန်ကုန်းပြင်မြင့်၏ အနောက်ဘက်နှင့် လစ်တာဗာမြစ်ဝှမ်းရှိ ရန်သူစခန်းများမှ မီးရောင်များကို လေ့လာကြည့်ရှုပြီး၊ ရန်သူများ ထိုးစစ်ဆင်လျှင် ညာဘက်တောင်ပံကို ထိုးဖောက်တိုက်လိမ့်မည်ဟူသောသူ၏ ယူဆချက်ကို ပိုမိုခိုင်မာစေခဲ့သည်။

တိုက်ပွဲ

ဩစတြီးယားနှင့် ရုရှားတပ်များသည် ပြင်သစ်တပ်များကို နောက်တနေ့ (ဒီဇင်ဘာလ ၂ ရက်) နံနက်အာရုဏ်မတက်မီ အချိန်တွင် စတင်ထိုးစစ်ဆင်ကြသည်။ စုစုပေါင်း စစ်ကြောင်း ခြောက်ကြောင်းခွဲ၍ ထိုးစစ်ဆင်ကြရာ ညာတောင်ပံဘက်မှ စစ်ကြောင်း နှစ်ကြောင်း၊ အလယ်ဗဟိုမှ စစ်ကြောင်းတကြောင်းနှင့် ဗဟိုတောင်ပံမှ စစ်ကြောင်း သုံးကြောင်းတို့ ပါဝင်သည်။ ညာတောင်ပံဘက်မှ ဘာဂရေးရှင်းမင်းသားနှင့် လီချက်စတိုင်း မင်းသားတို့၏ တပ်များသည် ပြင်သစ်ဗဟိုတောင်ပံ မှာရှယ်လန်းနှင့် မာရှယ် ဘာနာဒုတ်တို့၏ တပ်များကို တိုက်ခိုက်ကြပြီး အလယ်စစ်ကြောင်းမှ ကိုလိုရော့တ်၏ တပ်များသည် မာရှယ်ဆော့လ်၏ တပ်များကို တိုက်ခိုက်ကြသည်။

ထိုအချိန်တွင် စုစုပေါင်းအင်အား ၃၃,၀၀၀ ရှိသော ဗဟိုတောင်ပံမှ ရုရှားဂျင်နရယ် ဘက်ဟိုဗ်ဒင်၏ စစ်ကြောင်း သုံးကြောင်းသည်လည်း ပြင်သစ် ညာတောင်ပံရှိ မာရှယ်ဆော့လ်၏ တပ်များကို အလုံးအရင်းနှင့် ထိုးစစ်ဆင်ရာ အင်အားချင်းကွာလှသောကြောင့် ပြင်သစ်တပ်များသည် တဲလ်နစ်နှင့် ဆိုကိုးနစ်ကျေးရွာများကို လက်လွှတ်ပြီး ဒီဗိုကော့ဗ် နှင့် တူရာနီ ကျေးရွာများအထိ ဆုတ်ခွာသွားခဲ့ကြရသည်။ ထို့ကြောင့် နပိုလီယံသည် အရန်တပ်အဖြစ်ထားသော မာရှယ်ဒဗု၏ တပ်မကြီးကို ချက်ချင်းခေါ်ယူလိုက်ပြီး ရုရှားတပ်များ၏ ဗယ်ဘက်စစ်နံကို တန်ပြန်ထိုးစစ်ဆင်စေရာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီး ရုရှားတပ်များသည် အကျအဆုံးများစွာနှင့် နောက်သို့ ပြန်လန်သွားခဲ့ရသည်။

ထိုသို့ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေစဉ် မဟာမိတ်တပ်များ၏ စစ်ဦးစီးချုပ် ကူတူဆော့ဗ်သည် အလွန်ကြီးမားသော အမှားတရပ်ကို ကျူးလွန်ခဲ့သည်။ ယင်းမှာ တိုက်ပွဲတခုလုံးကို ကွပ်ကဲနိုင်သည့် ပလာဇန်ကုန်းပြင်မြင့်ပေါ်တွင် နေရမည့်အစား ကိုလိုရော့တ်၏ အလယ်စစ်ကြောင်းနှင့်အတူ လိုက်ပါသွားခဲ့ခြင်း ဖြစ်သည်။

နံနက် ၇ နာရီခွဲအချိန်တွင် နေထွက်လာပြီး နှင်းကွဲသွားသောအခါ နပိုလီယံသည် ပလာဇန်ကုန်းမြင့်ကို ရန်သူများ အခိုင်အမာ တပ်စွဲမထားကြောင်း လေ့လာမိသောကြောင့် မာရှယ်ဆော့လ် အား အချက်အချာကျသော ထိုကုန်းမြင့်ကို တပ်မနှစ်ခုနှင့်အတူ ဝင်ရောက်သိမ်းပိုက်ရန် အမိန့်ပေးလိုက်သည်။ သို့ဖြင့် ထိုကုန်းမြင့်ကို အခုအခံ အနည်းငယ်မျှနှင့် သိမ်းပိုက်ရမိလိုက်သော နပိုလီယံ၏ တပ်များသည် မဟာမိတ်တပ်များ၏ တောင်ပံနှစ်ခုအကြားသို့ သပ်လျှိုသွင်းလိုက်သကဲ့သို့ဖြစ်သွားပြီး မဟာမိတ်တပ်များကို နှစ်ပိုင်း ဖြတ်တောက်ထားနိုင်ခဲ့သည်။

ကိုလိုရော့တ်၏အလယ်စစ်ကြောင်းမှလည်း ချီတက်နေဆဲမှာပင် ခါးလယ်မှဖြတ်၍ အတိုက်ခံရသောကြောင့် ဖရိုဖရဲဖြစ်သွားပြီး ကရိုဇီဗာ့ဗ် ရွာအထိ ဆုတ်ခွာခဲ့ရသည်။ ထိုစစ်ကြောင်းတွင် စစ်ဦးစီးချုပ် ကူတူဆော့ဗ်နှင့် အဖွဲ့ဝင်များသာမက ရုရှားဘုရင် ဇာအလက်ဇန်းဒါး ပါ လိုက်ပါလာလေရာ မဟာမိတ်တပ်ပေါင်းစုအဖို့ ဗဟို ကွပ်ကဲမှု ကင်းမဲ့သွားခဲ့ရသည်။

မဟာမိတ်တို့၏ လက်ယာစစ်ကြောင်းမှ ဘာဂရေးရှင်း မင်းသား၏ တပ်များသည်လည်း မာရှယ်လန်း၏ တပ်များက ကြံ့ကြံ့ခံနေမှုကြောင့် အရေးပါသော ဆက်တန်တောင်ကုန်းကို မသိမ်းနိုင်သေးချေ။

နပိုလီယံသည် ပလာဇန်ကုန်းမြင့်ကိုသူ၏တပ်များ ခြေကုပ်ယူမိသည်နှင့် တပြိုင်နက် သူ၏ ဗဟိုတောင်ပံရှိ တပ်အားလုံး (မာရှယ်လန်းနှင့် မာရှယ်ဘာနာဒုတ်၏ တပ်မကြီးများ) ကို ကိုယ်ရံတော်တပ်နှင့် ဂျင်နရယ်မူရတ်၏ မြင်းတပ်မကြီးအကူအညီဖြင့် တန်ပြန်ထိုးစစ်ဆင်ရန် အမိန့်ပေးလိုက်သည်။ ထို့ကြောင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး ဘာဂရေးရှင်းမင်းသားနှင့် လီချက်စတိုင်း မင်းသားတို့၏တပ်များ အရေးနိမ့်သွားခဲ့သည်။

ရုရှား ဂျင်နရယ်ဘက်ဟိုဗ်ဒင်ဦးစီးသော စစ်ကြောင်း သုံးကြောင်းမှလည်း ပလာဇန်မှ အုဂျက်စ် တိုင်အောင် မာရှယ်ဆော့လ်၏ တပ်များက ညှပ်၍တိုက်ခြင်းကိုခံရပြီး အရှေ့ဘက်မှလည်း မာရှယ်ဒဗု၏ တပ်များက ဆီးကြိုတိုက်ခိုက်ကြလေရာ ရှေ့သို့ မတိုးနိုင်တော့ပဲ တဲလ်နစ်နှင့် ဇက်ကန် ရွာများအကြားရှိ ရေခဲပြီး ရွှံ့ညွန်ထူသော ရေအိုင်များကို ဖြတ်ကျော်ဆုတ်ခွာရန် ကြိုးပမ်းကြရသည်။ သို့သော် ပလာဇန်ကုန်းမြင့်ပေါ်သို့ ရောက်နေပြီဖြစ်သော ပြင်သစ်အမြောက်တပ်များ၏ ပစ်ခတ်မှုကြောင့် ရေခဲပြင်ကျိုးပျက်ကာ စစ်သည်အမြောက်အမြားမှာ ရေနစ်သေဆုံးကြရသည်။ ဤသို့ဖြင့် မဟာမိတ်တပ်များ လုံးဝရှုံးနိမ့်သွားခဲ့ပြီး နောက်တနေ့ နံနက် စောစောအချိန်သို့ ရောက်သောအခါ ဩစတြီးယားဘုရင်သည် ရုရှားတပ်များအားလုံးကို ပိုလန်အထိ ဆုတ်ခွာပေးပါမည်ဟူသော လိုက်လျောချက်နှင့်အတူ နပိုလီယံထံ စစ်ရပ်စဲရန် ကမ်းလှမ်းခဲ့ရသည်။

ထိုတိုက်ပွဲတွင် ပြင်သစ်ဘက်မှ အင်အား ၆၅,၀၀၀ ပါဝင်တိုက်ခိုက်သည့်အနက် ၈၀၀၀ ခန့် သေကြေဒဏ်ရာရရှိပြီး ဩစတြီးယားနှင့် ရုရှားတို့ဘက်မှ အင်အား ၈၂,၀၀၀ ပါဝင်တိုက်ခိုက်သည့်အနက် ၁၂,၂၀၀ ကျော် သေကြေဒဏ်ရာရရှိကာ စစ်သုံ့ပန်း ၁၅,၀၀၀ ကျော်နှင့် အမြောက် ၁၃၃ လက်တို့ကို ဖမ်းဆီး သိမ်းပိုက်ခြင်းခံခဲ့ရသည်။

အော်စတာလစ်တိုက်ပွဲမှ သင်ခန်းစာ

အော်စတာလစ်တိုက်ပွဲသည် နပိုလီယံ၏ အပြောင်မြောက်ဆုံး တိုက်ပွဲတပွဲဖြစ်သည်ဟူ၍ သမိုင်း ဆရာများက မှတ်တမ်းတင်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် နပိုလီယံကျင့်သုံးခဲ့သော နည်းဗျူဟာနှင့် မဟာဗျူဟာများသည် အလွန်ကောင်းမွန်ပြီး တန်ပြန်ထိုးစစ်ဆင်ရန် အချိန်ရွေးချယ်မှုမှာလည်း အလွန်မှန်ကန်ခဲ့သည်ဟု ဆိုသည်။

စစ်ပွဲတပွဲကို ဆင်နွှဲတိုက်ခိုက်ရာတွင် အုပ်ချုပ်မှုကောင်းခြင်း၊ ခိုင်ခံ့သော ရည်ရွယ်ချက်ရှိရခြင်း၊ အင်အား စုစည်းထားနိုင်ခြင်း၊

စည်းလုံးဆောင်ရွက်ခြင်း၊ စစ်အင်အားခြိုးခြံခြင်း၊ ပြောင်းလွယ်ပြင်လွယ်မှုရှိခြင်း၊ လျင်မြန်စွာ စစ်ကစားနိုင်ခြင်း၊ စိတ်ဓာတ်ကြံ့ခိုင်ခြင်း၊ ထိုးစစ်ကိုသာ ရွေးချယ်ခြင်း၊ လုံခြုံမှုရှိခြင်း၊ ရှင်းလင်းလွယ်ကူခြင်း နှင့် အငိုက်ဖမ်းနိုင်ခြင်း ဟူသော အချက်များသည် စစ်အောင်နိုင်ရာသော အကြောင်းရင်းများ ဖြစ်သည်။

အော်စတာလစ်တိုက်ပွဲကို အောင်မြင်စွာ တိုက်ခိုက်ခဲ့သော နပိုလီယံ၏ မဟာဗျူဟာနှင့် နည်းဗျူဟာများတွင် အထက်ပါ အချက်များ အကျုံးဝင်လျက်ရှိပြီး ယင်းတို့အနက် အင်အားစုစည်းထားနိုင်ခြင်းနှင့် လျင်မြန်စွာ စစ်ကစားနိုင်ခြင်းဟူသော အချက်နှစ်ချက်သည် အောင်ပွဲဆင်နိုင်ခြင်း၏ အဓိက အကြောင်းရင်းနှစ်ရပ်ပင် ဖြစ်သည်။










Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်