စိတ်ကူးနှင့်လက်တွေ့ စာရေးသူ - ကိုရင်ထွန်းဆွေ ငွေတာရီမဂ္ဂဇင်း ၁၉၇၀ မေလ

 

စိတ်ကူးနှင့်လက်တွေ့

တချိန်တုန်းက ဦးပဉ္ဇင်းတပါးသည် သာသနာ့ဘောင်မှာ မပျော်ပိုက်၍လူထွက်ရန် ကြံစည်လေသည်။ သူနှင့်အတူ ကိုရင်ဝတ်ခဲ့ကြသူများသည် သားမယားကိုယ်စီနှင့်ဖြစ်နေကြ၏။ ထိုစုံတွဲများကိုကြည့်၍ ဦးပဉ္ဇင်းက လူ့လောက၏သာယာကြည်နူးဖွယ်ရာများကို စိတ်ကူးဖြင့်ပျော်မြူးမိလေသည်။
သို့နှင့်ဦးပဉ္ဇင်းသည် လူထွက်၍လာခဲ့၏။ သူရည်မှန်းထားသည့်အမျိုးသမီးနှင့် ပေါင်းဖက်ရသဖြင့် သူစိတ်ကူးခဲ့သည့်အတိုင်း သာယာကြည်နူး ရပါ၏။ သို့သော် ထိုသာယာကြည်နူးခြင်းမှာ ကာလမကြာရှည်ပါ။ သားတယောက်အရတွင် မိန်းမက မီးယပ်ရောဂါဖြင့် အိပ်ရာပေါ်ကမခွာနိုင်တော့။ မိခင်ကနို့မထွက်သဖြင့် ကလေးအတွက် ဆိတ်မကြီးတကောင်ဝယ်ထားရ၏။ အဝတ်အစားများကို ကိုယ်တိုင်ဖွပ်လျှော်ရ၏။ ထမင်းဟင်းချက်ရာ နေရာမကျတိုင်း မိန်းမ၏မြည်တွန်တောက်တီးခြင်းခံရ၏။ ထမင်းအိုးတည်နေရင်းက ကလေး၏ သေးစိုအဝတ်များကိုလဲပေးရသေး၏။ ထမင်းရေငဲ့နေခိုက်တွင်ဆိတ်မကြီးက သူ့နောက်ပါးမှထိတ်လန့်တကြား အော်လိုက်သဖြင့် ကိုလူထွက်၏လက်မှာ ထမင်းရေပူများ လောင်၏။
ထိုအခါတွင်မှ မအောင့်အည်း နိုင်တော့သော ကိုလူထွက်က နှုတ်ဟ၍ ညည်းညူ လိုက် သည် မှာ “တောက်-ငါစိတ်ကူးခဲ့တုန်းက ဒါတွေ မပါဘူးဟဲနော်”
ဟုပါသတည်း။
ကိုရင်ထွန်းဆွေ
မြန်မာရိုးရာဟာသ
ငွေတာရီမဂ္ဂဇင်း ၁၉၇၀ မေလ

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်