ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏ အာဟာရနှင့် ကျန်းမာရေး ရွှေဥဒေါင်း ရေးသည်



 ကာကွယ်ခြင်းသည် ကုသခြင်းထက်ကောင်း၏

အာဟာရနှင့် ကျန်းမာရေး

ရွှေဥဒေါင်း ရေးသည်



အမေရိကန်ပြည် အထက်လွှတ်တော်အမတ်ကြီးတဦးဖြစ်သော ဆီနိတ်တာတိလ်မင်ဆိုသူသည် လွှတ်တော်အစည်းအဝေးများတွင် အလွန်တရာ စိတ်တိုလွယ်သည်ဖြစ်၍ စကားတခွန်းတိမ်းမခံဘဲ မည်သူနှင့်မဆို လက်ဝှေ့ထိုးရန် အသင့်ရှိ၏။


တနေ့သ၌ ထိုသူသည် လွှတ်တော်လှေကားရင်းတွင် မူးလဲ၍ ဆရာဝန်ကြီးများနှင့်ကုသသောအခါ လက်ဝဲဘက်ကိုယ်တပိုင်းသည် လက်မှစ၍ ခြေထောက်တိုင်အောင် လုံးလုံးသေသွား၍ မလှုပ်မရှားနိုင်ဘဲရှိ၏။ ဆရာဝန်များသည် ကိုယ်တခြမ်းသေသော ရောဂါကို မကုသနိုင်ဘဲ လုံးလုံးလက်လျှော့ကြသောအခါ တိလ်မင်သည် အာဟာရနှင့် ကိုယ်လက်လှုပ်ရှားမှုဆိုင်ရာ စာအုပ်စာတမ်းအမျိုးမျိုးတို့ကို မှာယူဖတ်ရှုပြီးလျှင် ၎င်းတို့တွင် ဖော်ပြပါရှိသည့်အတိုင်း ကိုယ်တွင်း၌ ရှိပြီးသော အညစ်အကြေးများကို ထုတ်ပစ်သောနည်းနှင့် နောက်ထပ်အညစ်အကြေးများ မဖြစ်စေရအောင် ပြုကျင့်ရသောနည်းတို့ကို တိတိကျကျ ကြိုးကြိုးပမ်းပမ်းလိုက်နာ ဆောင်ရွက်ခဲ့၏။




နောက်ဆုံး၌ ယခင်က မလှုပ်မရှားနိုင်ဘဲ သေလျက်ရှိသော ကိုယ်တခြမ်းသည် တဖြည်းဖြည်း လှုပ်ရှားနိုင်သော အဖြစ်သို့ ရောက်လာ၍ ဆက်လက်လေ့ကျင့်ပြန်သောအခါတွင် ရှေးယခင်ကထက်ပင် ကျန်းမာသော လူတယောက်အဖြစ်နှင့် အထက်လွှတ်တော် အစည်းအဝေးများသို့ တက်ရောက်နိုင်လေ၏။




ပထမတက်ရောက်သော လွှတ်တော် အစည်းအဝေးတွင် တီလ်မင်သည် ဥက္ကဌ၏အခွင့်ကို တောင်းပြီးနောက် ယခင်ကမိမိစိတ်တိုခဲ့မိသောအခွင့်အတွက် လွှတ်တော်တခုလုံးကို ဗွေမယူဘဲ ချမ်းသာပေးကြပါရန် အကြောင်းကို မျက်ရည်စက်လက်နှင့် တောင်းပန်ပြောဆိုလေ၏။


၎င်း၏ ထုချေချက်မှာ မိမိသည် ရှေးယခင်အခါများက မကျန်းမမာရှိနေပါလျက် မိမိအဖြစ်ကို မိမိမသိဘဲ ကျန်းမာသည်ဟူ၍ပင် ထင်မှတ်လာခဲ့ကြောင်း။ အမှန်စင်စစ်မှာ ယခင်က စိတ်တိုမိခဲ့ခြင်းများသည် ကောင်းစွာမကျန်းမာခဲ့သည့်အတွက်ကြောင့်မျှသာ ဖြစ်ကြောင်း။ ယခုမှာမူ ကောင်းစွာကျန်းမာခဲ့ပြီဖြစ်၍ ရှေးကလို စိတ်တိုတော့မည်မဟုတ်ကြောင်း။ ယခင်မကျန်းမာခဲ့ခြင်းမှာလည်း အစားကြူးသည့်အတွက်ကြောင့် ဖြစ်ရ၍ အမတ်မင်းများအားလည်း အစားမကြူးကြစေရန် သတိပေး နှိုးဆော်လိုက်ပါကြောင်းနှင့် ပြောဆိုလေ၏။


(ထိုကဲ့သို့ သတိပေးရခြင်းမှာ လွှတ်တော်အမတ်များသည် အစည်းအဝေးပြီးသည့်အခါ ကောင်းမွန်လှသော စားသောက်ဖွယ်တို့ကို နင့်လှအောင် ဝိုင်းဖွဲ့ကာ စားသောက်ကြခြင်းအားဖြင့် ရသာရုံခံစားကြသော အလေ့အကျင့်ရှိသောကြောင့် ဖြစ်လေသည်။)




တီလ်မင်သည် ရှေးယခင်က မိမိမကျန်းမာသည့် အဖြစ်ကို မိမိမသိခဲ့သည့်နည်းတူ များစွာသော သူတို့သည်လည်း မိမိတို့ မကျန်းမာသည့်အဖြစ်ကို မိမိတို့မသိကြချေ။ ထို့ကြောင့် စိတ်တိုခြင်း၊ ငြူစူခြင်း၊ ဝန်တိုခြင်း၊ သူတပါး၏ အပြစ်ကို ရှာတတ်ခြင်း၊ ညည်းတွားခြင်း၊ ပူပန်သောကဖြစ်ခြင်းတို့ ဖြစ်ကြရ၏။ အညစ်အကြေးကိုထုတ်၍ နောက်ထပ်မဖြစ်ရအောင် စောင့်ကြပ်နေထိုင်နိုင်သောအခါ၌ အလွန်ရွှင်ပျ၍ ‘သဘောကောင်းလှသည်’ ဟု သမုတ်ခံကြရသော လူများအဖြစ်သို့ ရောက်ကြပေလိမ့်မည်။


ထိုကဲ့သို့ စောင့်ကြပ်နေထိုင်တတ်သော လူများသည် အစားစားသောက်သောအခါ၌ ငယ်စဉ်ကကဲ့သို့ ရသာရုံထက်သန်စွာ ရှိကြကြောင်း၊ အလုပ်အကိုင်မှာလည်း မပင်မပန်းဘဲလျက်နှင့် တွင်ကျယ်စွာ ဆောင်ရွက်လုပ်ကိုင်နိုင်ကြောင်းနှင့် ပြောဆိုကြလေသည်။




ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် အစာဟောင်းများကို ကိုယ်မှ ထုတ်ပစ်ရန် ဆောင်ကြဉ်းရသောအခါ၌ ကိုယ်ခန္ဓာအဖို့ အလွန်အသုံးဝင်သော ဓာတ်မှုန့်နုများလည်း ကျင်ကြီးကျင်ငယ် စသည်တို့နှင့်အတူ ရောနှောပါသွားလေရာ ၎င်းဓာတ်မှုန့်တို့ကို တနည်းနည်းအားဖြင့် ဖြည့်စွက်ထည့်သွင်းခြင်းမပြုခဲ့ပါလျှင် ကောင်းစွာ အလုပ်မလုပ်နိုင်သော အခြေအနေသို့တိုင် ရောက်တတ်လေသည်။ ထိုအခါ၌ ဓာတ်ချုပ်ခြင်းဟု ဆိုအပ်သော ရောဂါပေါင်းတို့၏ “ရှေ့တော်ပြေး” ရောဂါတခု ဖြစ်ပေါ်လာ၏။



ကျွန်ုပ်တို့ဗမာလူမျိုးသည် ဆန်ကိုစားသော အလေ့ရှိသည့် လူမျိုးဖြစ်လေရာ ဆန်ကို ဖြူအောင်ဖွတ်ပြီးမှ စားသောက်သည့်အလေ့ကို ရှေးဦးစွာ ထွင်ခဲ့သော သူသည် ကျွန်ုပ်တို့ဗမာလူမျိုး၏ ရန်သူကြီးတယောက်ဟူ၍ မှတ်ယူထိုက်၏။ ဆန်ကို ဖြူအောင်ဖွတ်သည့်အခါ အဆင်းလှ၏၊ နူးညံ့၏၊ ကြည့်၍ကောင်း၏၊ သို့သော် ကိုယ်ခန္ဓာအဖို့ အလွန်အသုံးဝင်သော ဓာတ်မှုန့်နုကလေးများသည် ဖွဲနုနှင့်အတူ ရောနှောပါသွားကြလေပြီ။


ဖွတ်ပြီးသောဆန်ဖြူကိုသာ စားသုံးလာခဲ့သည့် အလေ့အကျင့်မှာ ဘိုးစဉ်ဘောင်ဆက်မှ တည်လာခဲ့သည်ဖြစ်၍ ပြင်ဆင်ရန် အလွန်ခဲယဉ်းကြပေလိမ့်မည်။ သို့သော် ကျန်းမာရေးကို အထူးဂရုပြု၍ ကာလကြာရှည်စွာ မအိုမနာဘဲလျက် နေထိုင်လိုသူတို့သည် ဆန်လုံးတီးကိုသာ စားသုံးသော အလေ့အကျင့် ပြုကြရာချေသည်။


ပထမ၌ မျိုမကျနိုင်အောင် ကြမ်းတမ်းပေလိမ့်မည်၊ သို့သော် လုံးတီးဆန်တွင် အရသာဓာတ်တမျိုးပါရှိ၍ အလေ့အကျင့်ရသောအခါ ဖွတ်ပြီးသော ဆန်များကို ‘ပေါ့ရွှတ်ရွှတ်’ ရှိသည်ဟု မှတ်ထင်လာပေလိမ့်မည်။




လူသတ္တဝါတို့ကို အားအင်ကုန်ခန်းစေ၍ အရွယ်မတိုင်မီ ရင့်အိုစေတတ်သော အကြောင်းများသည်ကား၊ အိပ်ပျက်ခံခြင်း၊ သေရည်သောက်စားခြင်း၊ ကာမရာဂလွန်ကြူးခြင်း စသည်တို့လည်း ရှိကြ၏။ သို့ရာတွင် မှားယွင်းသောအစားကို မှားယွင်းသော နည်းဖြင့် စားသုံးခြင်းအတွက်ကြောင့် ခံနေကြရသော လူအရေအတွက်နှင့် နှိုင်းစာလိုက်သော်၊ အထက်ဖော်ပြပါ အကြောင်းများကြောင့် ခံနေကြရသည့် လူဦးရေစုစုပေါင်းသည် တဝက်လောက်မျှပင် ရှိမည်မဟုတ်ချေ။


မှားသောအစားအဟာရအတွက်ကြောင့် ဝေဒနာခံရသူ ၁၀ ဦးရှိလျှင် အခြားသော အကြောင်းမျိုးစုံတို့ကြောင့် ဝေဒနာခံရသူ ၅ ဦးမျှလောက်သာရှိမည်ဟု ဆိုလိုခြင်းဖြစ်လေသည်။ စင်စစ်မှာ မှန်ကန်သောအဟာရကို မှန်ကန်သောနည်းဖြင့် စားသုံးသူတဦးသည် လျှပ်ပေါ်လော်လီခြင်း မကောင်းသည့်အခြားသော ပျော်ပါးမှုတို့ကို သွေးတောင်းတော့မည်မဟုတ်ချေ။




တုန်ရီနွမ်းရိခြင်းမရှိဘဲ၊ အခါခပ်သိမ်း ကြည်လင်ရွှင်ပျစွာ နေထိုင်နိုင်သော သူတယောက်သည် ဓနကြေးငွေမရှိသဖြင့် ကူလီအလုပ်ဖြင့် အသက်မွေးရသည်ဖြစ်စေ၊ နတ်ပြည်မရောက်တရောက် ခေါ်လောက်အောင် ‘စိတ္တသုခ’ ရှိ၍ ကြောက်ရွံ့စိုးရိမ်ခြင်းများလည်း ရှိနိုင်တော့မည်မဟုတ်ချေ။


စင်စစ်သော်ကား ကြောက်ရွံ့စိုးရိမ်ခြင်းနှင့် ပူပန်သောက ရောက်ခြင်းတို့မည်သည် ခန္ဓာအိမ်တည်းဟူသော စက်ရဟတ်ကို တန့်ရပ်စေသည်ဖြစ်၍ အစာကြေညက်ခြင်း၊ ကြေညက်ပြီးသော အစာမှ သွေးသားဖြစ်အောင် ခွဲခြမ်းထုတ်ယူခြင်း၊ ကျင်ကြီးကျင်ငယ် စသော အညစ်အကြေးတို့ကို ပြင်ပသို့ရောက်အောင်ထုတ်ခင်း စသော အလုပ်မျိုးတို့ကို ကောင်းစွာ မလုပ်နိုင်အောင် အနှောင့်အယှက် ပြုတတ်လေသည်။




အမေရိကန်ပြည်၌၊ ဒေါက်တာဟားဗတ် အမည်ရှိ ဆရာဝန်ကြီးတယောက်သည် အစာအိမ်၏ အလုပ်လုပ်ပုံအကြောင်းကို လက်တွေ့ စမ်းသပ်ကြည့်ရှုလိုသည်ဖြစ်၍ ကြောင်တကောင်၏ အစာအိမ်ကို ‘အိပ်စရေး’ ခေါ် ဓာတ်ရောင်ခြည်ဖြင့် ကြည့်ရှုလျက်ရှိစဉ် အခြားသော အခန်းမှ ခွေးတကောင်သည် ရုတ်တရက် ဟောင်လိုက်သည်တွင်၊ ကြောင်သည် ခွေးသံကြားသဖြင့် ထိတ်လန့်တုန်လှုပ်ခြင်းဖြစ်သွား၏။


ယင်းသို့ထိတ်လန့်လိုက်သည်နှင့် တပြိုင်နက် အစာအိမ်အတွင်း အစာကြေညက်ဖို့အတွက် လှုပ်ရှားခြင်းအမျိုးမျိုးတို့သည် တခါတည်းရပ်သွားသည်ကို မြင်လိုက်ရ၏။ ထို့နောက် နှစ်နာရီခန့်ကြာသောအခါမှ ထိုကြောင်အတွင်းရှိ အစာအိမ်သည် ရှေးယခင်အတိုင်း ဆက်လက် အလုပ်လုပ်နိုင်တော့သည်ဆို၏။



ထိတ်လန့်ကြောက်ရွံ့ခြင်းသည် ကြောင်၏အစာအိမ် အလုပ်ကို တန့်ရပ်စေခဲ့လျှင်၊ လူတို့၏ အစာအိမ်သည်လည်း ထိုနည်းအတူ ရှိပေလိမ့်မည်။ ထိတ်လန့်ခြင်းမည်သည် ပြင်းထန်သော အခြင်းအရာဖြင့် လုံးလုံးရပ်စေနိုင်ခဲ့လျှင် ပူပန်သောက ရောက်ခြင်း၊ စိတ်ညစ်ညူးခြင်း စသော အခြင်းအရာတို့သည်လည်း လုံးလုံး မတန့်ရပ်စေနိုင်ကာမူ၊ အနည်းနှင့်အများအနှောင့်အယှက်ပေးနိုင်သည်ဟု ယူဆကြရပေမည


ပူပန်သောက ရောက်မှုကြောင့်ကြစိုးရိမ်မှုများအနက် ရာခိုင်နှုန်းအမြောက်အမြားတို့သည် ကျွန်ုပ်တို့ ကြောင့်ကြစိုရိမ်မိသည့် အတိုင်း အကယ် မဖြစ်လာပါပဲ အချည်းနှီးစိုးရိမ်မိခြင်းများသာဖြစ်ကြောင်းကို ငယ်ရာမှကြီးပြင်းလာသူ ဟူသမျှကြုံတွေ့မိကြပေလိမ့်မည်။


စိုးရိမ်ကြောင့်ကြမှုမည်သည် ‘သက်နေနည်း’ စေတတ်သည်ဖြစ်ရကား၊ အဘယ့်ကြောင့် ကျွန်ုပ်တို့၏ သက်နေအားကို အချည်းနှီးဖြုန်းတီးကြချေမည်နည်း။ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြောင့်ကြစိုးရိမ်ခြင်းတို့မည်သည် တသဘောတည်းဖြစ်ကြ၍ အနုအရင့်မျှလောက်သာ ကွာခြားကြပေရာ ထိုနှစ်ခုလုံးကို ရန်သူကြီးများသဖွယ် ရှောင်ကွင်းအပ်ကြပေသည်။ သို့သော် ကြောင့်ကြစိုးရိမ်မှုသည် စိတ်၌သာဖြစ်ပေါ်သည်မှန်သော်လည်း စိတ်နှင့်ရုပ်တို့သည် အပြန်အလှန်ကျေးဇူးပြုနိုင်ကြသည်ဖြစ်သောကြောင့် ရုပ်ကိုပြုပြင်ပေးလျှင်လည်း စိတ်ကြည်လင်၍ သောကကင်းငြိမ်းနိုင်လေသည်။




အချုပ်၌ ကျွန်ုပ်တို့သည် ကိုယ်ခန္ဓာကို တင်းကြပ်ပြုပြင်ပေးခြင်းအားဖြင့် ရောဂါဝေဒနာမျိုးတို့မှ လွတ်ကင်းချမ်းသာရုံမျှမက ကာယလဟုတာ၊ စိတ္တလဟုတာ၊ ဆိုသည့်အလျောက်၊ ရုပ်ပေါ့ပါးခြင်းအတွက်ကြောင့် စိတ်၏ ပေါ့ပါးခြင်းကိုလည်း ရနိုင်ကြပေလိမ့်သတည်း။

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်