အရေးပိုင်မင်း ဒေါသဖြစ်ရခြင်း အောင်ကြည်လေး သောကြာ စာစောင် ၁၉၆၂ ဇန်နဝါရီလ
အရေးပိုင်မင်း ဒေါသဖြစ်ရခြင်း
အောင်ကြည်လေး
သောကြာ စာစောင် ၁၉၆၂ ဇန်နဝါရီလ
အရေးပိုင်မင်းသည် တယ်လီဖုန်းခေါ်သည့် လက်လှဲ့ခွက်အား ငါးပတ်မျှ လှည့်လိုက်ပြီး
အိပ်(ခ်)ချိန်း (ကြေးနန်းဆက်သွယ်ရေး)ဌာနမှ ဆက်သွယ်ပေးပြီးသည်နှင့်
“ဟ....လို စက်မှု ဌာနကလား ခင်ဗျာ ( ) ဌာနက အရေးပိုင် စကား ပြောနေပါတယ်။ စက်မှုဌာန ကဆိုယင် စတိုး စာရေးကြီး မစ္စတာ လီးနှင့် စကား ပြောချင်ပါတယ်” ဟု ပြောလိုက်သည်။
ထိုစဉ် တဘက်မှ မည်ကဲ့သို့ ပြောလိုက်သည်မသိ အရေးပိုင် မင်းသည် မျက်နှာ တခုလုံး နီမြန်းကာ
“ဘာ....ကွ.... ဟင် ဘာပြောတယ်။”
ဟု ဒေါသတကြီး အော်ဟစ်တော့သည်။ ပြောပြော ဆိုဆိုပင် တယ်လီဖုန်း စကားပြောခွက်အား ဆောင့်ချလိုက်ပြီး ရုံးခန်း ပြင်ဘက်သို့ ထွက်ကာ ဒရိုင်ဘာ ကိုပင် မ ခေါ် တော့ဘဲ မိမိ ကိုယ် တိုင်ပင် မောင်းထွက် လာ ပါတော့သည်။
စက်မှုဌာနရုံးသို့ ကားဆိုက်လျှင် ဆိုက်ခြင်း တယ်လီဖုန်းထားရာအခန်း သို့ ဒေါက်လျှောက် တက်သွားတော့သည်။ အဆင်သင့်ပင် တယ်လီဖုန်း စောင့်အားတွေ့၍ ဝါးစားတော့မည့် ဟန်ဖြင့်
“ဟေ့.... ခုဏငါခေါ် တုန်းက စကားပြောတာ ဘယ်သူလဲကွ” ဟု မေးရာ
ဖုန်းစောင့်က
“ကျွန်တော်ပါဘဲ လူကြီးမင်း” ဟု ပြန်ဖြေသည်။
အရေးပိုင်မင်းက
“လူကြီးမင်းတွေ ဘာတွေ - လုပ်မနေနဲ့၊ မင်းငါ့ကို ဆဲတယ်ပေါ့လေ” ဟု ဆိုလျှင်
ဖုန်းစောင့်က
“ဗျာ .... ကျွန်တော် မဆဲရပါလားဗျာ။ လူကြီးမင်းက စတိုး စာရေးကြီး နှင့် တွေ့ချင်တယ်ဆိုလို့၊ မသဲကွဲတာနဲ့ ထပ်မေးတာပါ” ဟု လန့်ဖြန့်ကာ ရှင်းပြသည်။
ထိုအခါ အရေးပိုင်မင်းက “မင်းထပ်မေးတာက ငါ့ကိုဆဲသလိုဘဲကွ၊ လ....လား၊ လ....လားနဲ့၊ နောက်ကို မစ္စတာ ထဲ့ပြောပါ” ဟု ငေါက်ငမ်းရာ ဖုန်းစောင့်လည်း “သည်းခံပါခင်ဗျာ....ကျွန်တော် နောက်ကို မစ္စတာ ထဲ့ ပြောပါ့မယ်” ဟု တောင်းပန်လိုက်ရရှာသည်။
ဪ....မစ္စတာလီး မစ္စတာလီး ဗမာပြည်မှာ ဒီလောက် ကြာအောင် နေမှတော့ နာမည်လေးများ ပြောင်းလိုက်ပါတော့ ကိုရွှေလောပန်းရယ်ဟု
အောင်ကြည်လေး
Comments
Post a Comment