မေ့လို့တဲ့ဗျာ မိုးကုတ် - ဖိုးတုတ် ဖေါ်သည် သောကြာ စာစောင် ၁၉၆၂ ဇွန်လ




 မေ့လို့တဲ့ဗျာ 

မိုးကုတ် - ဖိုးတုတ် ဖေါ်သည်

သောကြာ စာစောင် ၁၉၆၂ ဇွန်လ 


တချိန်က မန္တလေးတွင် ရွှေမန်းတင်မောင်ပွဲ၌ မေ့တတ်သူ ကိုအောင်ဘသည် ပွဲသွား၍ ကြည့်သည်။


ညဦးပိုင်းမှာ ဘော့နှစ်ပါးသွားနှင့် လူပြက်များ ပြက်လုံးထုတ်သဖြင့် အတော်ကြည့်၍ ကောင်းဟန်တူသည်။ သန်းခေါင်ကျော်၍ လင်းအားကြီးပိုင်းသို့ ရောက်သောအခါ မင်းသမီးမင်းသား အလွမ်းခန်းသို့ ရောက်၍ ကိုအောင်ဘလည်း အိပ်ပျော်ခြင်းသို့ ရောက်သွားသည်။


လင်းခါနီး မင်းသမီးမင်းသား အလွမ်းသယ်နေခိုက် လူပြက်များ ခြာဖောက်၍ ပြက်လုံးထိုးလိုက်သည်တွင် ဆိုင်းသံနှင့် ရယ်မောသံ ဆူညံသွားပြန်သည်။ ထိုစဉ် ကိုအောင်ဘ လန့်၍ နိုးလာသည်။ မျက်စိဖွင့် ကြည့်လိုက်သောအခါ ပါးစပ်အဟောင်းသားနှင့် ဟားနေသော မိန်းမကြီးအား နီးကပ်စွာ တွေ့လိုက်ရသည်။


ကိုအောင်ဘသည် ဟိုစမ်းဒီစမ်းလုပ်၍ မျက်လုံးပြူးကာ ထလိုက်သည်။ အကြောင်းမှာ သူ ခေါင်းအုံးမှတ်၍ အစွင့်သား အုံးအိပ်နေသည်မှာ မိန်းမကြီး၏ ပေါင်အိစက်စက်ကြီး ပေတည်း။ သို့နှင့် အားတောင့်အားနာကြီးဖြစ်ကာ အားရပါးရ ရယ်မောနေသော အဒေါ်ကြီးအား—


(အောင်) — “စိတ်မဆိုးပါနဲ့၊ အဒေါ် ကျွန်တော်မေ့ပြီး အိပ်ပျော်သွားလို့၊ တောင်းပန်ပါတယ် ခင်ဗျာ”


မိန်းမကြီးသည် ကိုအောင်ဘ အတောင်းပန်စကားပြောမှ အရယ်ရပ်ကာ ကိုအောင်ဘအား စူးစူးစိုက်စိုက် ကြည့်ပြီးလျှင်—


(ကြီး) — “ငါက ငါ့အိမ်က သေနာကောင် မူးပြီးလာထိုးအိပ်နေတယ်မှတ်လို့ ငါ့ပေါင်ကိုတောင် မလှုပ်ဘဲ အသာငြိမ်နေတာ၊ ဆီးသွားချင်တာတောင် အောင့်ထားရတယ်၊ ဖယ်စမ်း ဒီမှာထွက်တော့မယ်”


ဟု ပြောပြောဆိုဆို လူကြားထဲမှ တိုးဝှေ့ထွက်သွားလေသည်တဲ့။


အင်း... သူထက်သူ အမေ့စွမ်းကောင်းတွေပါတကား။

(မိုးကုတ်) - ဖိုးတုတ်

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်