အမြှောက်ကြိုက်တဲ့ ဆရာတော် မောင်မောင်ကြီး (ဘိုကလေးမြို့) ငွေတာရီမဂ္ဂဇင်း (၁၉၇၁ ဇူလိုင်လ)
အမြှောက်ကြိုက်တဲ့ ဆရာတော်
မောင်မောင်ကြီး (ဘိုကလေးမြို့)
ငွေတာရီမဂ္ဂဇင်း (၁၉၇၁ ဇူလိုင်လ)
တခါက ရွာတရွာတွင် ပန်းပု ဝါသနာပါသူ ကျောင်းထိုင်ဆရာတော်တပါးရှိ၏။ တနေ့၌ ထိုရွာသို့ အညာမှကုန်သည်တဦးသည် ဓားများ လာရောက် ရောင်းချပြီးနောက် ဘုန်းတော်ကြီးကျောင်းသို့ တည်းခိုရန်သွားလေသည်။ ကျောင်းလှေကားသို့ ရောက်သောအခါ လှေကားဘေး၌ ဆရာတော်ထုလုပ်ထားသောခွေးရုပ်များ ကို တွေ့လေသည်။ အရုပ်များသည် လက်ရာ သိပ်မကောင်းလှသောကြောင့် “ဟင်း-လဒလောက်တော့ ငှက်တိုင်းပျံနိုင်သာပ” ဟု ဆိုလိုက်လေသည်။ ထိုအသံကိုကြားလိုက်သော ဆရာတော်သည် မိမိလက်ရာကို နှိမ်ရကောင်းလား ဟု ဒေါဖောင်းသွားလျက် “ဟဲ့ ဒကာ ဘယ်ကလဲ၊ ဒီကျောင်းက လူစိမ်းသူစမ်း လက်မခံဘူး” ဟု ခပ်ပြတ်ပြတ်ပင် မိန့်လိုက် လေသည်။ ကုန်သည်လည်း အူကြောင်ကြောင်နှင့် တချိုးတည်းလစ်ရလေတော့သည်။
ရက်အတန်ငယ်ကြာသောအခါ ထိုရွာသို့ လူရေလည်သော အခြားကုန်သည်တဦး ရောက်လာပြန်လေသည်။ ၎င်းသည် ပထမကုန်သည်နှင့် သိကျွမ်းသူဖြစ်၍ ထိုသူ၏အဖြစ်အပျက်ကို သိထားသူ ဖြစ်ပေသည်။ သူသည် ကျောင်းဝသို့ သွားပြီးလျှင် လှေကားအနီး၌ရပ်လျက် “ဆရာတော်ဘုရား-ဆရာတော်ဘုရား၊ ခွေးကြည့်တော်မူပါ” ဟု ဟစ်၍ လျှောက်လေသည်။ ဆရာတော်လည်း တံခါးပေါက်ဝ၌ ရပ်လျက် “ဟဲ့ ဒကာ ဘယ်မှာခွေးရှိလို့တုန်း” ဟု မိန့်လေသည်။ ကုန်သည်လူပါးကလည်း ခွေးရုပ်များကို လက်ညှိုးထိုးပြလျက် “ဟိုမှာမတွေ့ဘူးလားဘုရား၊ ပါးစပ်ကြီးတွေပြပြီးမာန်ဖီနေလိုက်ကြတာ....ကြောက်စရာ” ဟု ဆိုပြန်သည်။
ဆရာတော်သည် ခွေးအစစ်ဟုအထင်မှားလောက်အောင်ပင် မိမိလက်ရာကောင်းလှချေလားဟု အလွန်သဘောကျသွားကာ ဝမ်းပန်းတသာနှင့် “အို ဒါမှ အရုပ်တွေပါ၊ ဆရာတော်ထုထားတာပေါ့၊ လာဗျာ လာသာလာခဲ့ပါ” ဟု မိန့်လိုက်လေသည်။ ကျောင်းပေါ်သို့ရောက်သောအခါ ဆရာတော်လည်း ကျက်သရေခန်းမှ ငှက်ပျော၊ ပိန္နဲ စသည်တို့ကို စေတနာဗလပွဖြင့် မကုန်နိုင် မခမ်းနိုင် ချ၍ ကျွေးလေတော့သည် ဟု သတတ်။
မောင်မောင်ကြီး
(ဘိုကလေးမြို့)
Comments
Post a Comment