ကြုံရဆုံရ ဘုံဘဝ ကာတွန်းမြင့်ဆွေ ကြုံခဲ့ရ၏ သောကြာ စာစောင် ၁၉၆၂ ဇန်နဝါရီ
ကြုံရဆုံရ ဘုံဘဝ
ကာတွန်းမြင့်ဆွေ ကြုံခဲ့ရ၏
သောကြာ စာစောင် ၁၉၆၂ ဇန်နဝါရီ
“အဟီး....ဟီး၊ ငါ့ကိုတသက်လုံးမဆဲဘူးဘဲ၊ ခုမှဆဲတာ အသဲနာသတော့....အဟီး....”
“ဟေ့....ဆဲမှာပေါ့၊ ဘာဖြစ်လို့ ငါအိပ်နေတာ လာနှိုးရသလဲ....”
ကျွန်တော်က တံခါးနားတွင် ထိုင်ငိုနေသော ကျွန်တော့်ဇနီး ငနဲမအား ပြန်ဟောက်လိုက်သည်။ ဘယ်နဲ့ဗျာ....၊ မဟောက်လို့ဘယ်ဖြစ်မလဲ။ တနေ့လုံးတညလုံး အလုပ်ထိုင်ပြီး မနက်ကျတော့ အိပ်ရာထနေမြင့်တာပေါ့။ ဒါကို သူက အလိုက်မသိဘဲလာနှိုးတော့ ကျွန်တော် ဒေါသသမ်းအိုးပေါက်ကွဲပြီး လာနှိုးတဲ့ ဇနီးကို ကြိမ်းတာပေါ့....။
သူကလဲ ငိုမြဲငို၊ ပြောမြဲပြောနေတော့ ကျွန်တော့်မှာလဲ ပို၍ပို၍ဒေါသဖြစ်လာပါသည်။
“တော်....တော်....၊ မပြောနဲ့တော့....”
“အဟီး.....၊ ပြောရမယ်....ပြောရမယ်၊ တသက်လုံး ဒီလိုမှမဆဲဘူးဘဲ ပြောမှာဘဲ....ငိုမှာဘဲ”
“ကဲ.... ပြောဟယ်.... ငိုဟယ်၊ ကဲ....ကဲ၊ ဒုံး....ဒိုင်း”
ကျွန်တော်က ဒေါသ ပိုဖြစ်လာလို့၊ ၂ ချက် ၃ ချက် ခြေဖြင့်ဆက်ကန်လိုက်ပါတော့သည်။ သို့သော် လူကို ခြေဖြင့်ကန်သည်မှာ ဒုံးဒိုင်းဟုမြည်သည်မှာ ယုတ္တိမရှိဟု ဆိုချင် ဆိုကြမည်။ အမှန်မှာ ကျွန်တော်က သူ့ကို ထိအောင် မကန်ဝံ့သဖြင့် သူ့ဘေး တံခါးကိုချည်း ဆက်ကန်နေသဖြင့် ဒုံးဒိုင်း မြည်ခြင်းဖြစ်ပါသည်။ ဒီတော့မှ မရွှေချောမှာ ပို၍ ပို၍ အသံကျယ်လာပြီး ငိုပါတော့သည်။
“အမလေး...တသက်လုံး ဒီလို တခါမှမကန်ဘူးဘဲ အဲ....အဲ၊ ငါ့ကို မကန်စဖူးကန်တယ်တော့၊ ကန်.... ကန် ဘေးက အားရအောင်ကန် အဟီး...ဟီး”
အိမ်ပေါ်မှ ဆင်းခဲ့ခြင်း
ကျွန်တော်လဲ ဒီထက်ပိုပြီးဒေါသဖြစ်ရင် လူသတ်ပွဲဖြစ်မှာ စိုးတာနဲ့ ကျွန်တော့်ပိုင်ဆိုင်သော အဝတ်အစားများကို ယူပြီး အိမ်ပေါ်မှ ဆင်းခဲ့ပါသည်။
“အေး....ငို....ငို....ပြော အားရအောင်ပြော ငါမနေတော့ဘူး”
ကျွန်တော် ဆင်းသွားလျှင်ပင် ကျွန်တော့်သားများဖြစ်ကြသော စိုးစိုး နှင့် စိုးလေး ကလဲ ‘ဖေဖေ ဘယ်လဲ’ ဟု ဆိုကာ သံပြိုင်ငိုကျန်ခဲ့ပါတော့သည်။ ကျွန်တော်ကား အားလုံးသော သံယောဇဉ်နှောင်ကြိုးများအား ထောက်ကနဲ ဖြတ်ပြီး ထွက်ခဲ့ပါတော့သည်။
အိမ်အောက် ကားရုံထဲ ရောက်သော် ကားပေါ်တက်လိုက်သည်။ သို့သော် ကျွန်တော့်ကားသည် ထုံးစံအတိုင်း အရေးရှိလျှင် လွယ်လင့်တကူ နှိုးမရပါ။ ထို့ကြောင့် ကျွန်တော် ဘတ်စ်ကားဂိတ်ကိုလာပြီး မြို့ထဲသွား ကားပေါ်ကိုတက်လိုက်သွားပါသည်။ သို့သော် ကားပေါ်သာ တက်ခဲ့ရသည် ဘယ်သွားရမည်ကား မသိခဲ့သေး။
ဘယ်ကိုသွားမည်နည်း?
“ဘယ်ကိုသွားမည်နည်း”
ဪ....သိပြီ၊ ကိုတင်အောင်မဆန်း တို့အိမ်သွားနေမည်၊ နေရာအကျယ်ကြီး။ အဲ....ဒါပေမဲ့ ငါဒီလိုရန်ဖြစ်ပြီး အိမ်က ဆင်းလာမှန်း သိရင် ကိုတင်အောင်တို့က —
“ခင်ဗျားမလဲဗျာ ကလေးကလား ဒီလို လုပ်လာတာ မတော်ပါဘူး၊ မသင့်ပါဘူး” လို့ ဆိုပြောပြီး အိမ်ပြန် ပို့မှာဘဲ။ ဒါ့ကြောင့် ကိုတင်အောင်တို့အိမ် သွားလို့လဲမဖြစ်။
ကန်တော်လေးက ဦးလေးတို့တိုက် မှာ သွားနေမယ်။ အဲဒီလိုလဲ မဖြစ်သေးဘူး။ ဦးလေးက လက်ခံသည့်တိုင် ဒေါ်လေးက ပွစိပွစိကျိန်းသော်။ အင်း....ငါ့ အသိတွေ ဆီမှန်သမျှ ငါ့ကိုပြောဆိုပြီး အိမ်ပြန်ပို့ကြမှာချည်းဘဲ။ ဒီတော့ ငါဘယ်ကို သွားရမည်နည်း....။
‘အား....’ ကျွန်တော့်သို့ ရုတ်တရက် အကြံရသဖြင့် အူရွှင်သွားမိသည်....။
ငါ့ဆရာ ကာတွန်း အောင်ရှိန် ရှိတယ်။ ဆရာ့အိမ်မှာဆို ငါနေချင်သလိုနေလို့ရတယ်။ ပီးတော့ ဆရာနဲ့ငါဆိုတာကလဲ ကံတူအကျိုးပေး ကောင်းတိုင်ပင် ဆိုးတိုင်ပင် ဟုတ်ပါသည်။ ဆရာကလဲ သူ့မှာ ဖြစ်လာသမျှဆို ကျွန်တော့်ကို ရင်းရင်းနှီးနှီးတိုင်ပင်သည်။ ဒါ့ကြောင့် ဆရာ့အကြောင်းဆို ကျွန်တော် အကုန်သိသည်။
(အမလေး.... အလကား ပြောတာနော်) ဆရာ့အကြောင်း အကုန်သိဆိုလို့ သူ့ဇနီး ဒေါ်ကျင်ယုံ (ဆရာကတော်) က ကျွန်တော့်လာမေးနေရင် ဒုက္ခ။
ဆရာ့အိမ်သို့ အရောက်
သို့နှင့် ကျွန်တော်က ဆရာ့ထံသွားနေဘို့ ဆုံးဖြတ်ပြီး စကော့ဈေး မှတ်တိုင်မှာဆင်းခါ ဆရာတို့အိမ်ကိုလာခဲ့မိသည်။ သို့သော် ဆရာ့အိမ်ပေါ်သို့ ကျွန်တော်ရောက်သွားလျှင် မျက်လုံးပြူး၍ ပက်လက်လန်မတတ် ဒုက္ခော ဖြစ်သွားရပါသည်။
ဖြစ်ရသည့် အကြောင်း ကတော့ အထုပ်အပိုးနှင့် တက်သွားသော ကျွန်တော်က ဆရာ့ကို မတွေ့သဖြင့် “ဆရာတယောက်ကော ဗျ” ဟု အိမ်တွင်တွေ့ရသော သူ့တပည့် သော်က နှင့် ဆရာ့ညီ ဘာမားစတား ထွန်းရင် အား မေးလိုက်ရာ....
“မရှိဘူးဗျ....ညကထဲက သူ့မိန်းမနဲ့ရန်ဖြစ်ပြီး သူ့အမေအိမ် ဆင်းသွားဘီ” တဲ့ ဗျာတို့....
ဇာတ်သိမ်း
အော်.... ကြုံလဲကြုံ.... ဆုံလဲဆုံတတ်ပါ့ဆရာရယ်။ ဒါ့ကြောင့် ကျွန်တော်က အထုပ်အပိုးလေး ပြန်ထမ်းပြီး၊ ‘ကြုံရဆုံရဘုံဘဝဝယ်’ ဟုဆိုကာ ကျွန်တော့်အိမ်ရှိရာသို့ပြန်၍ ခြေဦးလှည့်ခဲ့ရပါတော့သတည်း ဟီး....ဟီး။
(သတိ)
ထိုဇာတ်လမ်းမှာ တကဲ့ အဖြစ်အပျက် ဖြစ်ပါသည်။ ထို့ကြောင့် ရုပ်ရှင်ရိုက်လိုကြသော ကုမ္ပဏီ ဒါရိုက်တာများရှိက ကျွန်တော့်ဆီသို့ လာရောက် စုံစမ်းပါ။ သို့သော် သိုက်သမိုင်းကား မဟုတ်သဖြင့် စွံမစွံတော့ တာဝန်မယူဘူးနော်....။
လွန်တာရှိ ဝန္ဒာမိပါဘဲ ဆရာရေ့။
မြင့်ဆွေ-ကာတွန်း
သောကြာ စာစောင် ၁၉၆၂ ဇန်နဝါရီ
Comments
Post a Comment