အရင်းအတိုင်း ယူကြဦးမလားဗျို့ လက်မရွံ့ မောင်မောင် ရေးသည် သောကြာ စာစောင် ၁၉၆၃ ဇန်နဝါရီ

 



အရင်းအတိုင်း ယူကြဦးမလားဗျို့

လက်မရွံ့ မောင်မောင် ရေးသည်

ယခုခေတ်တော့ မဟုတ်—ဂျပန်မဝင်ခင် အင်္ဂလိပ်အစိုးရလက်ထက်က ဖြစ်သည်။ တောမြို့ကလေး တမြို့တွင် ရဲဌာနအုပ် ဦးပွကြီးဆိုသူ ရှိသည်။ သူသည် နာမည်နှင့်လိုက်အောင် နေရာတကာတွင် အပွကြံနေသူ၊ ယခုခေတ်အမြင်တော့ အရာရှိဆိုး၊ ယောက္ခမလောကအမြင်တော့ ရွှေသားမက် ငွေသားမက်ကြီး စင်စစ်ဖြစ်ချေသည်။


သူ့ဖာသာသူ ဘယ်လောက် အပွကြံနေပါစေ—အဲဒါက အရေးမကြီးလှ၊ အရေးကြီးသည်ကား ငယ်သားများအပေါ်တွင်ပါ နိုင်ထက်စီးနင်း ပြုကျင့်တတ်ခြင်းပင် ဖြစ်၏။ ဆင်စာရှိလျှင် ဆိတ်စာရှိသည် ဆိုသကဲ့သို့ ဌာနအုပ်ကြီးလည်း ဌာနအုပ်ကြီး ခုတ်ပေါက်နှင့်၊ ရာဇဝတ်အုပ်ကြီးလည်း ရာဇဝတ်အုပ်ကြီး ခုတ်ပေါက်နှင့်၊ ရဲစာရေးလည်း ရဲစာရေးခုတ်ပေါက်နှင့်၊ နောက်ဆုံး ရဲသားကလေး တယောက်အဖို့လည်း သူခုတ်ပေါက်နှင့်သူ ဖြစ်၏။ ဒါတွေကြောင့်လည်း ရှေးခေတ်က တလလျှင် ရှစ်ကျပ်ခွဲသာရသော ပုလိပ်ကတော်၏ ချွေးခံအိတ်အတွင်းမှာ အနည်းဆုံး ရွှေဒင်္ဂါး သုံးလေးပြား ထည့်ထားနိုင်ပေသည်။


ဌာနအုပ်ဦးပွကြီး၏ ဌာနတွင်လည်း အနှီကဲ့သို့ ခုတ်ပေါက်အသွယ်သွယ် ရှိသည်သာဖြစ်၏။ သို့သော် "သိသာသိစေ မမြင်စေနှင့်" ဆိုသော စကားနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်စွာ၊ ဦးပွကြီး သိလည်းမသိ၊ မြင်လည်းမမြင်အောင် ခုတ်ပေါက် ခုတ်ကြရသည်။ အပင်းလျှိုကြရသည်။ မြိုကြဆို့ကြရသည်။ ဦးပွကြီးသာ သိလျှင်ကား—သူခိုးလက်သဝှက် လုသလို မရမက တောင်းသွားတတ်ပေသည်။ သူ့လက်အောက်ရှိ ရာဇဝတ်အုပ်များသည် ဌာနအုပ်ဦးပွကြီး အိမ်လာလည်မှာကို အကြောက်ကြီး ကြောက်နေတတ်ကြသည်။


“ဟာ.... ဦးတင်မောင်၊ ခင်ဗျား စိုင်ချိုကြီးက လှလိုက်တာဗျာ....”


ရာဇဝတ်အုပ် ဦးတင်မောင်၏ ရင်ဝတွင်အလုံးကြီး တက်ဆောင့်ချေပြီ။


“ဟဲ - ဟဲ - ဟဲ - ဟုတ်ကဲ့၊ ကျွန်တော် တနေ့က ဆတ်ထိုးပေါက်ရွာ သွားတုန်းက....”


ဦးတင်မောင်က ဆတ်ထိုးပေါက်ရွာသွားစဉ် ဘယ်လောက်ပေး၍ ဝယ်ခဲ့ရကြောင်း ပြောမည့် ကြံကာရှိသေး—ဦးပွကြီးက စကားမဆုံးခင် ဖြတ်ပြောလိုက်သည်။


“ဟုတ်ပါဘိ ကျုပ်သိပါတယ်၊ ဆတ်ထိုးပေါက်သူကြီး ဦးဖိုးဝစီက အနိုင်ကျင့်လာတာ မဟုတ်လား။ ကဲ - လုပ်ဗျာ၊ ကျုပ်ကို အရင်းအတိုင်းနဲ့ပဲ မျှစမ်းပါ....”


“ဟုတ် = ဟုတ်ကဲ့ - ဆရာလိုချင်ရင် ကျွန်တော် နောက်ထပ်ရအောင် ရှာပေးပါ့မယ်၊ ဒီဟာကတော့ ကျွန်တော်....”


“အေးပါဗျာ- နောက်ထပ်ရတော့ ခင်ဗျားယူတာပေါ့၊ ဒါလေးတော့ ကျုပ်ကို အရင်းအတိုင်းနဲ့ပဲ မျှစမ်းပါ....”


နောက်ဆုံးတော့ ဦးတင်မောင်လည်း ဌာနအုပ်ကြီး၏ အငြိုအငြင်ကို မခံရဲသည်မို့ ခန္တီစမနိုင်ဘဲ သည်းခံလိုက်ရပေတော့သည်။


ထိုမျှမကသေး၊ ဦးပွကြီးသည် ရဲသားကလေးများအပေါ်တွင်လည်း ချမ်းသာပေးတတ်သည် မဟုတ်ပေ။ အထူးသဖြင့် ဦးပွကြီး မျက်မုန်းအကျိုးဆုံး ရဲသားမှာ မောင်ညို ဆိုသူဖြစ်၏။


မောင်ညိုသည် မျက်နှာဖြူ ရာဇဝတ်ဝန်ထောက်၏ မော်တော်ကားကို မောင်းရန်အတွက် ဦးပွကြီး၏ ရဲဌာနမှ ပေးထားရသော ပုလိပ်သားဖြစ်၏။ ရာဇဝတ်ဝန်ထောက်ကလည်း မောင်ညိုကို အတော်လေးချစ်၏။ သို့ဖြစ်၍ သူစီးပြီး ဖိနပ်များ၊ အင်္ကျီဘောင်းဘီများကို မောင်ညိုအား ပေးဝတ်လေ့ရှိသည်။


တခါတွင်မူ မောင်ညိုသည် သူ့ဝန်ထောက်ပေးထားသော စီးကရက်ဘူးကလေးကို ဖွင့်၍ စီးကရက်သောက်နေမိသည်။ ထိုအနိုက်မှာပင် ဦးပွကြီး ရောက်လာပြီး—


“အံမာ... မောင်ညို၊ ကျီးကန်းကဘဲဥချီလို့—မင်းနဲ့ စီးကရက်နဲ့ လုံးလုံးလမိုင်းမကပ်ပါဘူးကွာ။ ပေးစမ်းပါ၊ ငါ့ကို အရင်းအတိုင်း....”


ပြောပြောဆိုဆို မောင်ညိုလက်ထဲမှ စီးကရက်ဘူးကို နှိုက်သွားတော့၏။ အခုတော့ ရှိသည်၊ ဦးပွကြီးသည် ဘယ်သူ့ဆီက ပစ္စည်းကိုပဲ အနိုင်ကျင့်ကျင့် "အရင်းအတိုင်းပေးပါ" ဆိုသော စကားကို သူအမြဲ ပြောဆိုလေ့ရှိသည်။


မကြာမီ မောင်ညို၏ဆရာ မျက်နှာဖြူဝန်ထောက်လည်း အခြားမြို့တမြို့သို့ ပြောင်းသွားရာ၊ မောင်ညိုအား အမှတ်တရ (ဒန်းဟီးလ်) ဆေးတံတချောင်း ပေးထားခဲ့သည်။ တနေ့တွင် မောင်ညိုသည် ထိုဆေးတံကို တမင်တကာ ဦးပွကြီး၏ရှေ့တွင် သောက်လေတော့သည်။


“အံမာ - ခွေးမသားက ကြီးပွားနေလိုက်တာ၊ (ဒန်းဟီးလ်) နဲ့ ဘာနဲ့။ မင်းသားကိုယ်နဲ့ မျောက်ခေါင်းထိုးခင်းနဲ့ ကြည့်လို့မရပါဘူးကွာ— ငါ့ကို အရင်းအတိုင်း ပေးစမ်းပါ—”


မောင်ညိုက သူ့ဆရာကို သေချာစွာကြည့်ပြီး ပြောလိုက်သည်။


“ဗိုလ်ကြီး--- ဒါကျွန်တော် အလကားထားတာ မဟုတ်ဘူးဗျ—”


“အံမာ.... ကြီးကျယ်လိုက်တာ၊ မင်း အလကားမရလို့ ဘယ်လောက်များ ပေးရလို့တုန်း။ ကဲ.... မင်းဘယ်လောက်ပေးရတုန်း၊ ပေးရတဲ့ အရင်းအတိုင်း ငါယူမယ်ကွာ—”


“ဗိုလ်ကြီး... ကျွန်တော်ပေးရတဲ့ အရင်း တကယ်ပေးမှာလား—”


“အေးပါကွာ- မင်းကလည်း စကားရှည်ရန်ကော၊ မင်းဝန်ထောက်ဆီက အလကား ရထားတာ မဟုတ်လား—”


“မဟုတ်ဘူး ဗိုလ်ကြီးရဲ့- ကျွန်တော် တန်ရာတန်ကြေး ပေးထားရတာ။ ကျွန်တော်ပေးထားရသလောက် ဗိုလ်ကြီး ပေးနိုင်မှာလားလို့—”


“အေးပါကွာ - ပေးပါမယ် -- ကဲ ဆို.... ဘယ်လောက်လဲ”


“ငွေတော့ ဘယ်လောက်မှ မဟုတ်ပါဘူး ဗိုလ်ကြီးရဲ့။ ဒီဆေးတံရဖို့ ကျွန်တော့်နှမကို ဝန်ထောက်နဲ့ တညအိပ်ပြီးမှ ရတာဗျ—”


မောင်ညိုထံမှ ဆေးတံကို ဦးပွကြီး မယူရဲတော့ချေ။ သို့သော် နောင်တနေ့မှာပင် မောင်ညိုတယောက် အခြားဌာနသို့ ပြောင်းသွားရလေတော့သည်။


အရင်းအတိုင်း ယူကြဦးမလားဗျို့။


ယထာလဒ္ဓသန္တုဋ္ဌိတော။ ("ရသမျှနဲ့ ရောင့်ရဲစမ်းပါ")


လက်မရွံ့ မောင်မောင်

သောကြာ စာစောင် ၁၉၆၃ ဇန်နဝါရီ 

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်