ငန်းမိသူ လူတယောက်အကြောင်း ဝီလယံဆပ်ဆော့... ရေးသည် (သောကြာ စာစောင် ၁၉၆၂ ဖေဖေါ်ဝါရီ)



 ငန်းမိသူ လူတယောက်အကြောင်း

ဝီလယံဆပ်ဆော့... ရေးသည်

(သောကြာ စာစောင် ၁၉၆၂ ဖေဖေါ်ဝါရီ)


ကံမကောင်း အကြောင်းမလှသဖြင့် ထိုနှစ်က သူနှင့်မှ တတန်းတည်း လာ၍ ဆုံဆည်းခဲ့လေသည်။ မီဂါတန် တသန်းထက် ပြင်း၍ ရုရှားဂြိုဟ်တုထက် မြန်သော ဂြိုဟ်ဆိုးသည် ထိုနှစ်က ကျွန်တော့်ထံ ဆက်ဆိုက်မြိုက်မြိုက် ကြွချီလာလေတော့သည်။ သူကား မောင်သိန်းနိုင် ဖြစ်၏။


၁၉၅၈ ခုနှစ်ပိုင်းတွင် ကျွန်တော်နှင့်သူ မန္တလေးတက္ကသိုလ်တွင် ဆုံဆည်းခဲ့ကြသည်။ ပြီးတော့ တခန်းထဲ နေခဲ့ကြရ၏။


အင်း.... ဆိုးလှသော ရေစက်....



အမှန်တော့ သိန်းနိုင်နှင့် ကျွန်တော်သည် မုံရွာမှာကတည်းကပင် တကျောင်းထဲ နေခဲ့သည်။ တတန်းထဲ တက်ခဲ့၏။ ထို့ကြောင့် သူ့အကြောင်း တစိပ်တဒေသ ကိုပါ သိထားနိုင်ခဲ့သည်။


သိန်းနိုင်သည် ထိုအချိန်ကပင် စာရေးဆရာဖြစ်ရန် ကြိုးစားနေသည်။ အချိန်ရှိသရွေ့ စာဖတ်သည်။ ဘုတလင်ချစ်လေး၊ သလ္လာမြေ ယုလွင်တို့ကို အားကျနေသည်။ ထို့ကြောင့် သိန်းနိုင်သည် ဘုတလင်ချစ်လေးနှင့် သလ္လာမြေ ယုလွင် စသော သလ္လာကလောင်ရှင်လေးတစုအား မြေတောင်မြှောက်ပေးလိုက်သော ဆရာဦးမင်းသီထံ သူ တပည့်ခံသည်။


သိန်းနိုင်သည် မြန်မာစာမှာတော့ တော်သည်။ သို့သော် အင်္ဂလိပ်စာတွင်ကား ကျွန်တော့်ကိုမမှီ၊ ၇ တန်းတွင် ကျွန်တော် Nation သတင်းစာ ဖတ်နေသောအချိန်တွင် သိန်းနိုင်သည် Reader II စာအုပ်လေး တဘက်၊ ဦးထွန်းငြိမ်း Dictionary စာအုပ်တဘက်ဖြင့် အလုပ်ရှုပ်နေတတ်၏။


၁၀ တန်းရောက်သောအခါ: ကျွန်တော်က Readers Digest, World Digest စသော အင်္ဂလိပ်မဂ္ဂဇင်းများ ဖတ်နေစဉ် သူကား Golden Gate စာအုပ်လေးဖြင့် ကျွန်တော့်ထံ မသိသည်များကို လာ၍ မေးမြန်းတတ်သည်။


သို့သော် သူ တခု ကံကောင်းရှာသည်။ ကျွန်တော့်သင်ပြမှုကျေးဇူးလည်း ဆိုနိုင်သည်။ အကြောင်းကံကား ကျွန်တော်အောင်သောနှစ်မှာပင် သူလည်း ၁၀ တန်းအောင်ခဲ့လေသည်။



ထို့ကြောင့် တက္ကသိုလ်တွင် သူနှင့်ကျွန်တော် ဆုံကြရပြန်သည်။ ကံမကောင်းချင်တော့ တခန်းထဲ ကျ၏။ သိန်းနိုင်သည် မန္တလေးသို့ တခါမှ ရောက်ဖူးသည်မဟုတ်။ ထို့ကြောင့် ကျွန်တော်ကပင် ဦးဆောင်ကာ သွားလာနေရသည်။

ကျောင်းမဖွင့်မီကပင် ကျွန်တော်နှင့်သူ ရောက်နှင့်နေကြကာ သူ့အား မန္တလေးပတ်ဝန်းကျင်အစုံ လိုက်ပြရသည်။ နာရီစင်ကြီးက အရှေ့လှည့်ထားပါသည်ဟု ဆိုနေပြန်သဖြင့် မနည်းရှင်းပြရသည်။ အ သော သိန်းနိုင် စျေးချိုအလယ်ပေါက်ထိပ်တွင် ဘာလာငန်းနေသည်မသိ ရေမြောင်းထဲကျသွားသဖြင့် ဆယ်ရသည်ကအမော။ အင်း... န သောသိန်းနိုင် ၈၄ လမ်းတွင် ကားတိုက်မည်လုပ်၍ အလျင်အမြန် လှမ်းဆွဲလိုက်ရ၏။ သည်ထိအောင် ဝေလေလေနိုင်လှသည့် သိန်းနိုင်။


သို့သော်၊ သို့သော်... ဤသို့သော်ကား၊ သိန်းနိုင်အတွက် ရာဇဝင်တွင်မည့် သို့သော်တည်း။


သိန်းနိုင်ကား မူလပထမ သိန်းနိုင်မဟုတ်တော့ပေ။ သူသည် နှစ်ဝက်မကျိုးမီပင် ခေတ်မီလာချေပြီ။ မကြာမီ ခေတ်ရှေ့သုံးလှမ်းကျော်မည့်သူပေတကား။ အမှန်တော့ အပေါင်းအသင်းဖျက်သည်ဟု ဆိုနိုင်သည်။ သိန်းနိုင်သည် တင်မိုး၊ တက္ကသိုလ်ဝင်း၊ အစ်ကိုဆွေတို့နှင့် ပေါင်းမိသွားသည်။


တင်မိုး (ခေါ်) ဘဂျမ်း: အသားမဲသလောက် ဉာဏ်များသည်။


တက္ကသိုလ်ဝင်း (ခေါ်) ဝင်းမောင်: လူပုသလောက် ဟန်များသည်။


အစ်ကိုဆွေ (ခေါ်) စိန်မြင့်: အရုပ်ဆိုးသလောက် စဉ်းလဲသည်။


ဤလူတွေနှင့်မှ သိန်းနိုင် ပေါင်းမိသွားသည်။ ဤလူတွေကား စာမူတွေ လွယ်အိတ်ထဲထည့်ကာ မန္တလေးစာနယ်ဇင်းများသို့ ရရာဈေးနှင့် လိုက်ရောင်းနေသူများဖြစ်၏။ စာရေးဆရာပေါက်စများ၏ လောင်းရိပ်ဝယ် ငမိုက်သား သိန်းနိုင် မိလေပြီ။ သူတို့ဂိုဏ်းချုပ်ကား ဗိုလ်ကိုးလံတည်း...။



ယခု သိန်းနိုင်ကား မိန်းမတွေဘာတွေကိုပင် ပိုးတတ်ဂေါ်တင်နေချေပြီ။ အမှန်တော့ သူသည် ကျွန်တော့်ကို အားကျဟန်တူပေသည်။ ကျွန်တော်သည် တပြိုင်တည်း ရည်းစားလေးငါးယောက်ခန့် ထားသူဖြစ်သည်။ ကျွန်တော့်ထံသို့ နေ့စဉ်စာတွေလာသည်။ ဒါကို သိန်းနိုင် အားကျဟန်တူ၏။ သွားရည်စက်စက်ကျလေတော့သည်။


သူသည် ဈေးချိုအိုင်ရုံထဲမှ အထည်သည်မလေး တယောက်ကို အသေအလဲ ကြိုက်နေသည်။ မရလျှင် သေရမလောက် ဖြစ်နေ၏။ သနားစရာပေတကား....။


သည်အခါတွင် သူသည် ကျွန်တော့်အား အပူကပ်တော့သည်။ ဂေါ်တင်သင်တန်း တက်တော့၏။ ကျွန်တော်ကလည်း ကျူရှင်ပေးရပြန်သည်။ သူဘဝမှာ သနားစရာကောင်းလှသည်။ မြင်သာမြင်မကြင်ရ ဘဝမျိုးဖြစ်၏။ သူသည် စကားပြောရဲ၊ စာပေးရဲသော သတ္တိရှိဖို့ဝေးစွ၊ အထည်ဝယ်ဖို့ ကျွန်တော်က အမြဲလိုက်ရသည်။


ထိုအချိန်ကစပြီး ဂြိုဟ်ဆိုးတပ်ကြီး ချီလာနေသည်ကို ကျွန်တော် မရိပ်စားမိခဲ့။ သိန်းနိုင်သည် တနင်္ဂနွေတိုင်း သည်ကောင်မလေးဆိုင် သွားသည်။ သွားတိုင်း ကျွန်တော် ပါရ၏။ သူသည် အထည်ဝယ်ပြီး ပြန်လာရသည်က များသည်။ ဘာဘာညာညာမှ မပြောခဲ့။ ဈေးပင် မဆစ်တတ်ပေ။ မိန်းမပျို ပြောသည့်အတိုင်း ထုတ်ပေးတတ်သည်။ ကျွန်တော့်မှာ အားမလိုအားမရ ဖြစ်လာတော့သည်။ အင်း.... ကျွန်တော်နှင့် များစွာကွာလေခြင်း။ သည်နေရာ ဝီလျံနှင့် လဲလိုက်ချင်ပါဘိ။


သွားရသည်မှာ တနင်္ဂနွေ တခေါက်ဖြစ်၏။ ဝယ်ရသည်မှာလည်း ၂၀ိ ဘိုးထက်မနည်း။ တော်ပေသေးသည်။ ထိုစဉ်က သိန်းနိုင်သည် မန္တလေးရှိ အလွတ်ပညာသင်ကျောင်းတခုတွင် တလ ၉ဝ ကျပ်ဖြင့် အဖြေလွှာစာစစ်နေသဖြင့် အထည်ဖိုးလေးတော့ ရသေးသည်။ သို့သော် သူ့အတွက် ကျွန်တော့်မှာ ကြွားပေးရသည်က အမော။


"သိန်းနိုင်ဟာ ဝန်ထောက်သား" ဟု မိန်းမပျိုအား လိမ်ထားမိသည်။


အကယ်၍များ ထမ်းတက်နေသော တောမှ သိန်းနိုင်အဖေကို ထိုကလေးမ မြင်တွေ့လျှင် ဖိနပ်နှင့် ဆော်မိမည်မှာ မလွဲပေ။



သိန်းနိုင်ရောဂါကား တနေ့တခြား ဆိုးဝါးလာတော့သည်။ သူသည် မချစ်ရသေးမီကပင် အသည်းကွဲကဗျာတွေ စပ်လာ၏။ သို့သော် တနင်္ဂနွေနေ့တိုင်း အသွားမပျက်၊ သွားတိုင်း ကျွန်တော်ငိုက်သား အဆစ်ပါရလေသည်။ သူသည် ဝယ်စရာငွေမရှိလျှင် နာရီပေါင်တတ်သည်။ အဖြစ်ကား ဆိုးလှချေသည်။


ထို့ထက် ကျွန်တော့်အဖြစ်ကား ပို၍ သနားစရာပါ။ တနင်္ဂနွေနေ့ မရောက်ပါစေနှင့်ဟုသာ ကြိတ်၍ ဆုတောင်းနေမိသည်။ သို့သော် တနင်္ဂနွေနေ့နှင့်အတူ သိန်းနိုင်သည် ခွေးရက်ထားသော ထန်းလျက်ခဲ မျက်နှာမျိုးဖြင့်—


“ကဲ.... ကိုအောင် အချိန်တော်မလင့်မီ ညီမလေးထံ သွားကြမှတော်မယ်”


“တော်ပြီဗျာ ကိုသိန်း၊ ခင်ဗျားဟာက စွံမှာလည်း မဟုတ်ဘူး”


“အို.... ဘွာဘွာ၊ ဖွဲဟဲ့ လွဲစေသည် ပါးစပ်၊ ကျွန်တော် ဒီနေ့ စာပေးဖို့ ဆုံးဖြတ်ပြီးပါပြီ”


“ခင်ဗျား တကယ် ပေးမှာလား”


သူသည် တကယ်ပင် စာပေးမည်ဆို၍ ကျွန်တော်သည် လိုက်ခဲ့မိတော့သည်။ ဈေးချိုရောက်သည်နှင့် အထည်ဆိုင်တန်း ဝင်ကြသည်။


“ဟော... အစ်ကိုတို့ လာကြ၊ ဘာဝယ်ဦးမှာလဲ”


မိန်းမပျိုက နှုတ်ချိုလှသည်။ သိန်းနိုင်ရော ကျွန်တော်ပါ ဝင်ထိုင်လိုက်ကြသည်။ သိန်းနိုင်သည် အင်းလေးလုံချည်တွေ အပြခိုင်းသည်၊ ပြီးတော့ အဆင်ရွေး၏။ စိတ်ကြိုက်ကား မရပေ။ သို့သော် သူသည် ဘီရိုဒေါင့်တွင် ကျန်နေသော အစိမ်းရင့်လုံချည်ကို လှမ်းမြင်ကာ—


“ဟို... ဟိုဒေါင့်က လုံချည်လေး ပေးပါကွယ်....”


သို့သော် မိန်းမပျို၏ အဖြေစကားကြောင့် သိန်းနိုင် လဲမသွားအောင် မနည်းထိန်းလိုက်ရသည်။


“ဝမ်းနည်းပါတယ်ရှင်၊ အဲဒါ ကျမယောက်ျား ဝတ်ဖို့ ကျမကိုယ်တိုင် ရွေးထားတာပါ” တဲ့။


ထိုနေ့ကစပြီး သိန်းနိုင် ဈေးချို မသွားတော့ပေ။


ဝီလယံ ဆပ်ဆော့ 

သောကြာ စာစောင် ၁၉၆၂ ဖေဖေါ်ဝါရီ 

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်