ကြုံရပုံများရယ် အောင်ဟိန်း ရေးသည် သောကြာ စာစောင် ၁၉၆၃ ဇန်နဝါရီ
ကြုံရပုံများရယ်
အောင်ဟိန်း ရေးသည်
သောကြာ စာစောင် ၁၉၆၃ ဇန်နဝါရီ
“ဟိုဘက် လမ်းထိပ် ပင်းမင်းဆိုင်က အဝတ်တွေကို ညကလူသုတ်သွားလို့တဲ့”
တနေ့သောနံနက် လဘက်ရည်ဆိုင်တွင် ဆုံမိကြသောအခါ ထုံးစံအတိုင်း အောင်သန်းက ပြောလိုက်ခြင်းဖြစ်သည်။
အောင်သန်းသည်ရပ်ကွက်တွင်း၌ ဖြစ်ပျက်သမျှအဆိုး အကောင်း သတင်းအစုံ အလင်ကို သူ မကြားမသိသည်မရှိပေ။ သူကြားခဲ့ သိခဲ့သမျှ ကိုလည်း နံနက်တိုင်း လဘက်ရည် ဆိုင်တွင်ဆုံမိကြသော အခါ ပြောပြမြဲ ဖြစ် လေသည်။ အယုတ်ဆုံး အားဖြင့် ဘယ်ကောင်လေးနှင့် ဘယ်ကောင် မလေး ဘယ်နေရာမှာ ချိန်းတွေ့ ကြသည်၊ သူဘယ် ကဲ့သို့ ချောင်း ကြည့် ခဲ့သည် ဆိုသော အကြောင်းထိ ပြောပြတတ်သည်။ ယခုလည်း သူကဖြစ်ပျက်ခဲ့သော ပူပူနွေးနွေး သူခိုး သတင်းကို ပြောပြနေလေသည်။
“အေးဗျာ ကျုပ်တို့ တိုင်းပြည်မှာ ဒီသူခိုးဆိုတဲ့ လူတန်းစားတရပ် ရှိနေတာ အန္တရာယ်တခုဘဲ၊ ဒီသူခိုး လူတန်းစားတွေ ပပျောက် သွားအောင် နည်း လမ်း ရှာဘို့ ကောင်းတယ်”
သန်းအောင် သည် သ တင်း စာကို ကြည့်နေရာမှ မျက်နှာကို သတင်းစာမှခွာရင်း ပြောလိုက်သည်။
“ဒီကိစ္စ မလွယ်ဘူးကွ သူခိုးဆိုတဲ့ လူကလဲ ခုမှပေါ်လာတာမှမဟုတ်ဘဲ ရာဇဝင် အဆက်ဆက်က ရှိလာတာ အလကားနေရင်း ဘယ်သူက ခိုးချင်မလဲ၊ သူခိုးဆိုတဲ့ နံမယ်ကို ဘယ်သူက ခံယူ ချင်မလဲ- သူတို့ရဲ့ စားဝတ်နေရေးက မဖူလုံတော့ သူတို့လဲ တဝမ်းတခါး၊ ဝဘို့ သူတို့နည်းနဲ့ သူတို့ရှာ ကြံကြရတာပေါ့” ဟု ကို သန်းညွန့်က လဘက်ရည် ပန်းကန်ကို စားပွဲ ပေါ် သို့ တင် ရင်း ပြော လိုက် ရာ - သန်းအောင်က-
“ဘာဘဲ ဖြစ် ဖြစ်ဗျာ ဒီသူခိုးဆိုတဲ့ လူတန်းစားဟာ မရှိသင့်ဘူး၊ သူများတွေလို လုပ်ကိုင် မစား ချင်ဘဲနဲ့ သူများ ရှာကြံထားတဲ့ ပစ္စည်းကို မတရား သဖြင့် ခိုးယူနေတာ ကျုပ်တော့ နဲနဲမှ ကြည့်မရဘူး” ဟု ပြောကာ၊ လူစုခွဲ လိုက်ကြသည်။
ထိုနောက် နှစ်ရက်ခန့် ကြာသော အခါ “ညက ကိုသန်းထွန်း ဘို့ အိမ်က သေတ္တာ တလုံး လူမသွားလို့ တဲ့” ဟူ သော သတင်းကို ကြားရပြန် လေ ၏။
ကိုရွှေသူခိုးသည် ရပ် ကွက်ထဲတွင် ညစဉ်ရက်ဆက်သောင်းကျန်း၍ လစ်လျှင် လစ်သလို အုပ်သွားလေ့ ရှိပေ သည်။ ဤမျှ အတင့် ရဲစွာ သောင်းကျန်း လာသောအခါ ရပ်ကွက်မှ တာဝန်ရှိသူ တို့သည် သူခိုး အန္တရာယ်ကို ကာကွယ်ရန် နည်းလမ်း ရှာကြရ ပေ တော့သည်။ ဤသို့ နည်းလမ်း ရှာကြံ၍ အကြံဉာဏ် ယူနေစဉ် အတွင်း တညတွင် ကြံ့ခိုင်ရေးလူကြီးတဦး အိမ်မှ ရှိစုမဲ့စု ပစ္စည်းများကို ကိုရွှေသူခိုးက အကုန်ချ၍ သွားလေ တော့သည်။
မီးခဲကို ယင်နားလေပြီ၊ ရပ်ကွက် ခေါင်းဆောင်များနှင့် ကြံ့ခိုင်ရေး လူကြီးများသည် ခေါင်းချင်း ဆိုင်၍ တိုင်ပင် ကြလေ တော့သည်။ ဤမျှ အတင့်ရဲလှသော ကိုရွှေသူခိုးကို မရ မနေ ဖမ်းဆီး ရန် ဆုံး ဖြတ် ကြသည်။ ရပ်ကွက် လုံခြုံရေးအတွက် တတာဝန်ယူ ရသော ကြံ့ ခိုင်ရေး လူကြီး တဦးအား သူ ခိုး ဖမ်းဆီးရေး အတွက် တာဝန် ပေးကြသည်။ လုံခြုံရေး တာဝန်ခံ လူကြီးသည်-သူအချိန်တွင် မိမိနှင့် နီးစပ်သော လက်ရွေးစင် သူရဲကောင်း လူငယ်များကို တိုး တိုး တိတ်တိတ် ရွေးချယ် ခေါ်ယူကာ အစီအစဉ်များပြုလုပ်၍ သူခိုးဖမ်း ထွက်ခဲ့ကြသည်။ အနည်းဆုံးသုံးယောက်စီတတွဲ၊ လေးယောက် တတွဲ လူစုခွဲ၍ သူခိုး လာမည် အထင် ရှိသော နေရာများသို့ ကင်းပုန်းများချကာ သူခိုး အလာကို ရင် တဖို ဖိုဖြင့် စောင့်မျှော်၍ နေကြလေသည်။ လေးနာရီ ထိုး၍ မိုးစင်စင်သာ လင်းခဲ့သည် ကိုရွှေ သူခိုးကား မပေါ် လာ၊ သူခိုးဖမ်း ဆီး ရန် စောင့်နေ ကြသော သူရဲကောင်းများသည် ထိုညအဖို့ မကျေမနပ် မချင့် မရဲဖြင့် ပြန်ခဲ့ရကြသည်။
နောက်တနေ့ ညသို့ ရောက်သော အခါ လမင်း နှင့် ကြယ်တာရာ များ သည် တိမ်ခြုံကြီးများ၏ နောက်ကွယ် တွင်ပုန်းကွယ်၍နေကြသဖြင့် ညသည် မဲမှောင်လျက် ရှိ လေ သည်။ လမ်း ဘေးရှိ တခုနှင့်တခု အလှမ်းဝေးကွာ လှသော လျှပ်စစ် မီးတိုင်မှ နီကျိန်ကျိန် မီးလုံးကလေး များသည် စွမ်းအားရှိ သမျှ အမှောင် ထုကို ခွင်း၍ အလင်း ရောင် ပေးလျက်ရှိသည်။
အချိန်မှာ ည ၁၁-နာ ရီခန့်သာရှိ သေးသော်လည်း မိုးမှောင်ကလည်း ကျ၍ တခါတရံ မိုးဖွဲကလေးများပါ ရွာနေသဖြင့်ရပ်ကွက်တွင် ၌ လူသွား လူလာများ ကင်းရှင်းကာ အချို့အိမ် များမှာ တံခါးပိတ်၍ အိပ်နေကြပြီး ဖြစ်ရကား တိတ်ဆိတ် ငြိမ်သက်လျက် ရှိလေသည်။
မိုးမှောင် ကျလျှင် ခိုး ကြောင် ထ သည် ဟူသော စကား အတိုင်း၊ ရပ် ကွက်တွင်း၌ သောင်း ကျန်း လျက် ရှိ သော ကိုရွှေသူခိုးသည် ယနေ့ညအဖို့ မိုးမှောင်မှောင်ကို အခွင့်ကောင်းယူ ကာ မုချလာရမည်ဟု တွက်ဆကာ သူခိုးဖမ်းလက်ရွေးစင် အဖွဲ့သည် နေ ရာအနှံ့အပြားတွင် ကင်းပုန်းများ ချ ထားလျက်၊ အချို့ကမူ ရပ်ကွက်တွင်းသို့ လမ်းအလိုက် ကင်းလှည့် လျက် ရှိ ကြလေသည်။
“လာ ကြပါ... လာကြပါ... သူ ခိုး... သူခိုးကျမပစ္စည်းကို ခိုးသွားလို့၊ လိုက်ကြပါ”
စူးရှသော မိန်းမသံ တ ခု သည် တိတ်ဆိတ်သောညဝယ် ပျံ့လွင့်လာခဲ့ သည်။ ရပ်ကွက်တွင်း၌ ညစဉ်သောင်း ကျန်းလျက်ရှိသော ကိုရွှေသူခိုးသည် ယနေ့ညအဖို့ သူ ရဲကောင်း များ၏ လက်တွင်းမှ မည်သည့် နည်းနှင့် မျှ လွတ်နိုင်တော့မည်မဟုတ် ပေ။
သူခိုးဖမ်း သူရဲကောင်း အဖွဲ့သည် အသံလာရာ လမ်းထိပ်သို့ ပြေးသွား ခဲ့ကြသည် လမ်းထိပ် လှည်းလမ်း ဘူ တာအနီး သို့ရောက်သောအခါ၊ မီးရ ထား တံတားကြီးအောက် မှောင်ရိပ် ဝယ် မိန်းမ တဦးသည် ယောက်ျား တဦး၏အင်္ကျီစကို နောက်မှနေ၍ ဆွဲ ကိုင်ထားကာ-
“ဒီမှာ .. ဒီမှာ၊ သူခိုး... သူခိုး၊ ဖမ်းကြပါ” ဟု ပါးစပ်မှ အော်ရင်း အလင်းရောင်ရှိရာ ဘူတာရုံဘက်သို့ ထွက်လာကြသည်။
မိန်းမပျိုသည် အိမ်မှုံစံမွှား ဖြင့် ပြေးထွက် လာရသောကြောင့်လော မသိ၊ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေ
လျက် အင်္ကျီ ကြယ်သီးများမှာ လည်း သူ့နေရာနှင့်သူ နေသားတကျစေ့ အောင် မရှိကြပေ။
ယောက်ျားပျိုသည် မိန်းမပျိုလက် မှ တွန်းထိုးရုန်းကန်ရင်း၊ “နေကြပါ အုံးဗျာ ... ကျွန်တော် ပြောပါရစေ အုံး... ကျွန်တော်သူခိုးမဟုတ်ပါဘူး၊ သူ့ပစ္စည်းကိုလဲ ကျွန်တော် မခိုးရပါ ဘူး၊ ကျွန်တော့်ကိစ္စက တခြားကိစ္စ ပါ....” ဟု လက်တဖက်ဖြင့် ပုဆိုးစ ကို ပိုက် ၍၊ လက် တ ဖက် ဖြင့် သူ ရဲ ကောင်းများဘက်သို့ ကာရင်း ပြော လိုက်ရာ၊ သူခိုး ဖမ်းကြမည့် လက် ရွေးစင် သူရဲကောင်း အဖွဲ့ ဝင် များ သည် မျက်လုံးပြူး၍ သွားကြရတော့ သည်။
အကြောင်းမှာ သူ့သည် လွန်ခဲ့ သည့် ညက လက်ရွေးစင်သူရဲကောင်း သူခိုးဖမ်းအဖွဲ့တွင် ပါဝင်ခဲ့သည့် ၂-လမ်းတည်းမှ သန်းအောင် ဖြစ်၍နေ သောကြောင့်တည်း။
မိန်းမပျိုသည် သူရဲကောင်း များ တို့ ကြည့်ကာ- “သူခိုးပါရှင်...သူခိုး ပါ၊ ကျမ ပစ္စည်းကို သူခိုးသွားပါ တယ်၊ သူ့ကိုဖမ်းပြီး ဂါတ်ကိုပို့ ပေး ကြပါ-ရှင်-ဟု ” အသံနားခံသော အ သွင်ဖြင့် တောင်းပန်၍နေလေသည်။
“ဟာ ... သန်းအောင်ကြီး--မင်း ဘယ်လိုဖြစ်တာလဲ၊ မင်းနှယ်ကွာ-ကြံ ကြံဖန်ဖန် ကံကောင်းလို့၊ လူမှားပြီး ခြေလွန်-လက်လွန် ဖြစ်မကုန်တယ်၊ ကဲ ပြောစမ်းပါအုံးအဖြစ်အပျက်ကို” ဟု ရပ်ကွက်တာဝန်ခံ လူကြီးတဦးက မေးလိုက်ရာ-သန်းအောင်သည် မျက် နှာကြီးညိုမဲနေကာ ထူထဲသောမျက်ခွန်းအောက်မှ ပြူးကျယ်သော မျက် လုံးကြီးများဖြင့် တွေ၍ ကြည့်နေပြီးမှ၊ ပြောရမည်ကို ဝန်လေးဟန်ဖြင့်-
“ဟာ .. ဖြစ်ပုံကတော့ ပြောလို့ မ ကောင်းပါဘူးဗျာ.... ကျွန်တော် လူကောင်းတယောက်ဆိုတာခင်ဗျား တို့လဲသိကြပါတယ်၊ အခုဖြစ်ရတာက လဲတခြားကိစ္စပါ”ဟု ပြော၍မှ မဆုံး သေးမီ၊ မိန်းမပျိုက ဖြတ်၍-
“ကျမ, မရှက်တော့ပါဘူးရှင်.... မှန်တဲ့အတိုင်း ပြောပါ့မယ်.... ကျမ ပိုက်ဆံမရှိလို့ ဒီအလုပ်ကို လုပ်စား တာပါ၊ အဲဒါသူက ပိုက်ဆံမပေးဘဲ ဆင်းပြေးလို့၊ ကျမ သူ့ဆီက ရသင့် ရထိုက်တဲ့ ကျမပိုက်ဆံကို တောင်း ပေးပါရှင်....”တဲ့။
ဩော်....ကြုံရပုံများရယ်.....။
အောင်ဟိန်း
သောကြာ စာစောင် ၁၉၆၃ ဇန်နဝါရီလ
Comments
Post a Comment