ဘိုးဘိုးပုံပြောမယ် ဦးသုဥ်ည (ဆရာကြီး ကာတွန်းဦးဘဂျမ်း) (သောကြာ စာစောင်၊ ၁၉၆၂ ဇန်နဝါရီလ)
ဘိုးဘိုးပုံပြောမယ်
ဦးသုဥ်ည (ဆရာကြီး ကာတွန်းဦးဘဂျမ်း)
လွန်ခဲ့သည့် တဆယ့်ငါးနှစ်ခန့်က၊ ဗမာပြည်လွတ်လပ်ရေး မရမီအချိန်၌၊ ကာတွန်းဦးဘဂျမ်းသည် သူပိုင်“ခေတ်သစ်ရုပ်ပြောင် စာစောင်”ထုတ်ဝေခဲ့သည်။၄င်းစာစောင်တွင်ဘိုးဘိုးပုံပြောမယ် အခန်းကို ကာတွန်းဦးဘဂျမ်းသည် ဦးသုဥ်ည ကလောင်အမည်ဖြင့် ရေးသားဖော်ပြခဲ့၏။
ယခုဖော်ပြပါဘိုးဘိုးပုံပြောမယ်အခန်းမှာ မှတ်သားဘွယ်ရာ ကောင်းလှသည့်အပြင်၊ ဟာသပညာပါသဖြင့် ပြန်လည်တင်ပြရခြင်း ဖြစ်ပါသည်။
စာစောင်မှာလည်း နှစ်ကြာပြီဖြစ်၍စက္ကူများမှာ ဝါ၍နေပြီဖြစ် သဖြင့် ဦးဘဂျမ်း၏ကာတွန်းကို တဖန် ဖော်ပြရန် ဘလောက်လုပ်၍ မရပါ။ ထို့ကြောင့်၊ စာရေးသူကပင် ဦးဘဂျမ်း၏ကာတွန်းကိုပါ တူအောင် ကူးဆွဲ၍ တဖန်တင်ပြလိုက်ရပါကြောင်း။
‘ဟိန်စွန်း’
👴🏼 ဘိုးဘိုးပုံပြောမယ် (ဆရာကြီး ကာတွန်းဦးဘဂျမ်း၏ Vintage ဟာသပုံပြင်တပုဒ်)
“ကဲ....လာကြ၊ လာကြ၊ မောင်ပေါ်ထွန်းတို့၊ မောင်အောင်ဆန်း၊ မောင်စောတို့၊ မောင်စိုးတို့၊ ခင်ခင်တို့၊ ရင်ရင်တို့။ ငါ့မြေးတွေ ဒီကနေ့ညတော့ ဘိုးဘိုး ပုံဆန်းဆန်းကလေး တပုံပြောမယ်ကွဲ့.....။”
ရှေးရှေးတုန်းက၊ ကမ္ဘာကြီးဖြစ်စက ပေါ်ကွယ် ဗြဟ္မာကြီး တယောက်ကို ဖွား သေ စာရင်းကိုင် အရာရှိအဖြစ်နဲ့ မြူနီစီပါယ်က ခန့်လိုက်သတဲ့၊ အဲဒီတော့၊ ဗြဟ္မာကြီးက ဘယ်တိရစ္ဆာန်ဟာ ဘယ်နေ့မှာမွေးဖွားပြီး ဘယ်နေ့မှာ သေတယ် ဆိုတာ စာရင်းထဲမှာ ရေးပြီး အထက်အရာရှိထံမှာ အစီရင် ခံရသတဲ့။ တနေ့တော့ အထက်အရာ ရှိက ဖွားသေစာရင်းနဲ့ မပြီးသေးဘူး၊ ဘယ်သတ္တဝါဟာအသက်ဘယ်လောံ နေရတယ်၊ သက်တမ်းဟာ ဖျမ်းမျှ ကြေး ဘယ်လောက်ရှိတယ်ဆိုတာကို လဲ စာရင်းပေးရမယ်လို့ တောင်းဆို ပါရော။ အဲဒီတော့ ဗြဟ္မာကြီးကလဲ လခကို စားပြီး....ညာတာ ဝါတား အလုပ် လုပ်နေတဲ့ ငတိကြီး ဆိုတော့ ဘယ် သိမလဲ။ မသိလို့ စာရင်းမတင် နိုင်ရင် အလုပ်ပြုတ်မယ်၊ အလုပ်ပြုတ် ရင် ပိုက်ဆံမရှိဖြစ်တော့မယ်၊ တနည်း နည်းနဲ့တော့ကြံမှဘဲဆိုပြီးဒီနေ့ကစပြီး သက်တမ်း အသစ် စီမံကိန်းလုပ်မယ်၊ မကျေနပ်သူများ ကန့်ကွက်နိုင်တယ်၊ ကျုပ် မိန့်ခွန်းကိုလဲ ဝေဖန်နိုင်တယ်၊ ငါ့ ဥပဒေဟာ သဘောမကျရင် ကျ သလို ပြင်ပေးနိုင်တယ်။ စက္ကူဖြူ စာ တမ်း မဟုတ်ဘူးလို့ မြင့်မိုရ်တောင် ထိပ်ကရပ်ပြီး အော်လံကြီးနဲ့အော်ပြီး ကျေညာသတဲ့။
🐴 ၁။ မြည်းရဲ့ သက်တမ်း (အနှစ် ၂၅)
အဲဒီကျေညာချက်ကို ကြားတော့ မြည်း တကောင်ဟာ ခုန်ပေါက်ထွက် လာပြီး “ဗျို့ဆရာကြီးကျွန်တော်အ သက်ဘယ်လောက်ရှည်ရှည်နေရမလဲ တဆိတ် ပိုင်းဖြတ်ပေးစမ်းပါ....”လို့ တောင်းပန်သတဲ့....။ ဗြဟ္မာကြီးက “အနှစ် လေးဆယ် နေကွာ....”လို့ ပိုင်းဖြတ်လိုက်သတဲ့။
“ဟာဗျာ.. များလွန်းလှပါတယ်။ ကျုပ်မှာ စားတော့မြက်၊ လူတွေအတွက် နေထွက်ကနေဝင် ပင်ပင်ပန်းပန်း လုပ်ပေးရတာ။ အရိုက်အနှက်ခံပြီး ကျွန်ခံရဦးမယ်။ လျှော့ပါဦး ဆရာကြီးရာ၊ မြန်မြန်သေရင် မြန်မြန်အေးတာပဲ။”
ဒီတော့၊ ဗြဟ္မာကြီးက “ကဲကွာ ဒါဖြင့် အနှစ်အစိတ်နေကွာ”လို့ပြော လိုက်တော့မှ “ယမုန်နာ.... သီတာ သောင်ခြေ ဦးမှာလလေ....” ဆိုတဲ့ ပတ်ပျိုးကို ဝမ်းသာအားရဆိုပြီးထွက် သွားပါရော။
🐶 ၂။ ခွေးရဲ့ သက်တမ်း (၁၅ နှစ်)
“ဗျို့ဘကြီး....၊ကျွန်တော်ဘယ် လောက်နေရမလဲ”လို့ မေးတယ်။
“ဆယ့်ငါးနှစ် တော်ပလား”လို့ ဗြဟ္မာကြီးကမေးသတဲ့။
“များတောင် များပါသေးတယ် ဗျာ၊ ကျွန်တော့်မှာ လူကိုတော်တော် ခင်တဲ့သတ္တဝါ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ ဘယ်ဘဲ သွားသွား ကျွန်တော့် မှာတော့ အမြဲ အိမ်စောင့်ရ၊ အိမ်နား က ခလေးတွေ ကပ်လာရင် ဟောင်ရ၊ ညညလဲကောင်းကောင်းမအိပ်ရဘူး၊ နိုးနိုးကြားကြားစောင့်ရတာ သိပ် ပင်ပန်းပါတယ်ဗျာ....။ ဒါနဲ့လဲ မျက်နှာ ကောင်းမရဘူး၊ ဆိုလိုက် ဆဲလိုက်နဲ့၊ ကျုပ်မှာ ချောင်ထဲမှာ အမြီးကုတ်ပြီး ဝပ်နေ ရပါတယ်။ နဲနဲလျှော့ ပါအုံး”လို့ တောင်း ပန်သတဲ့။
“ဟ၊ အကောင်၊ ဆယ့်ငါးနှစ် ဆိုတာ မများဘူးကွ။ ဘာမှ ကြာတာမဟုတ်ဘူး” ....လို့ ဗြဟ္မာကြီးကပြောတော့-
“ဟုတ်သားဘဲလေ၊ ဒီကြားထဲမှာ ပျော်စရာရွှင်စရာကလေးတွေလဲရှိအုံး မှာပါဘဲ” ဆိုပြီး ထွက် သွား သတဲ့။
🐒 ၃။ မျောက်ရဲ့ သက်တမ်း (၁၀ နှစ်)
နောက်တော်တော်ကြာတော့မျောက် ကလေးတကောင် ရောက်လာသတဲ့။ ဗြဟ္မာကြီးကို “ဒီမှာဆရာကြီး၊ ကျွန် တော့်အသက် အပိုင်းအခြားကို ဖြတ် စမ်းပါအုံး”လို့ ဆိုတော့၊
“မင်းကတော့ တယ်ပြီး အသုံးဝင်တာမဟုတ်ဘူး။ မဟုတ်တာတွေလုပ်လို့ လူရယ်ရတာ တခုပဲ။ လူ့အလစ်မှာ မတော်တာတွေ လုပ်တတ်တဲ့အကောင်.. ၁၀ နှစ်လောက် နေရရင် တော်ရောပေါ့။” ဆိုပြီး ဖြတ်ပေးလိုက်တယ်။
👨🏻 ၄။ လူသားရဲ့ သက်တမ်းနဲ့ သက်တမ်းတိုးပွဲ
နောက် တော်တော်ကလေး ကြာပြန်တော့၊ ယောက်ျား တယောက် တောထဲက ထွက်လာသတဲ့ဗြဟ္မာကြီးကိုမြင်တော့
“နေရာ ကျ လိုက် တာ။ ဆရာကြီးဟာ သက်တမ်းစီမံကိန်းအ ရာရှိ မဟုတ် လား။ ကျွန်တော် လူ့ပြည်မှာ ဘယ်လောက်ကြာနေ ရမလဲ”လို့ မေးပါရောကွဲ့။ ဒီတော့ ဗြဟ္မာကြီးက “အနှစ် သုံးဆယ် နေ ကွာ....” ’လို့ ဆိုလိုက်သတဲ့။
“မဟုတ်တာဗျာ၊ စဉ်းစားပါဦး။ အသက်သုံးဆယ်ဆိုရင် ကျွန်တော့်မှာ ပညာသင်ပြီးစ၊ ပျော်တုန်း ပါးတုန်း၊ မြန်တုန်း၊ အဲဒီလို အခါမှာ သေရမယ် ဆိုတော့ တော်ရော့လားခင်ဗျာ.... သက်တမ်း တိုလှပါတယ် .... ”လို့ တောင်းပန်ရှာတယ်။
“ကဲ....ဒီလိုဆိုရင် မြည်းအသက် အနှစ် အစိတ် ပေါင်းထည့်ကွာ”လို့ ပြောတော့....
“နဲပါသေးတယ်”လို့ ဆိုတာနဲ့၊
“ကဲ ဒါဖြင့် ခွေးကလေးရဲ့ ဆယ့်ငါးနှစ်ကို ယူအုံး၊ တော်ပလား”လို့ မေးသတဲ့။
“နဲသေးတယ် ထင်တာဘဲ”လို့ ညည်းနေတာနဲ့၊
“ဒါဖြင့်မျောက်ကလေးရဲ့အသက် ဆယ်နှစ်ပါယူလကွာ”လို့ ဗြဟ္မာကြီး က အမိန့်ချလိုက်တယ်။
အဲဒါကြောင့်မို့ မင်းတို့ ကြည့်ပါ လား၊ ယောက်ျားများ မွေးလာပြီး သုံးဆယ်လောက် အထိ ပညာသင်၊ အပျော်အပါး ပွဲလမ်းသဘင်တွေနဲ့ စိတ်တွေရွှင်နေတာပေါ့ကွ။ နောက် မြည်း အသက် အနှစ် အစိတ််ဆိုတော့ တကုန်းကုန်းနဲ့၊ သားကျွေးမှု၊ မယား ကျွေးမှု၊ သွားလိုက် လာလိုက်၊ လုပ် လိုက် ကိုင်လိုက်ရတာ- အိမ်ထောင်မှု တာဝန်ကြီးကို ဟီးတိုက်ပြီး ရုန်းနေရ တာဘဲ။နောက်ဆယ့်ငါးနှစ်ကတော့ ခွေးရဲ့အသက်မို့ တယ်ပြီး ဟိုဟို ဒီဒီ မသွားရဘူး၊ ဘူတာကြီးဆိုပြီး သားတွေ သ္မီးတွေ ပွဲလမ်းသဘင် သွားကြ ရင် အိမ်မှာ စောင့်နေရရှာတယ်။ သား သမီးက သဘောမကျလို့ အော်ရင် ငေါက်ရင်လဲ ပြန်ပြီး ဟိန်းရုံ ဟောက်ရုံ လောက်သာလုပ်ပြီး တချောင်ချောင် မှာ သွားပြီး ကုပ်နေရတယ်ကွဲ့.....။ အဲဒီက လွန်လာလို့ မျောက် အသက် ဆယ်နှစ်ရောက်တော့၊ အသက် ခုနစ် ဆယ်ကျော်အရွယ်၊ ဟိုလူကရီ၊ ဒီလူက ရီ၊ သူငယ်ပြန်ချိန်မို့ အံ့ဘွယ်သရဲတွေ လုပ်လို့၊ သားတွေ သမီးတွေ မြေးတွေ မြစ်တွေကပါ ပတ်ကလား ဆိုပြီး လုပ် သမျှ မျောက်ကလေးလိုပွဲကျပြီး အရူး ဖြစ်တဲ့ အရွယ်ကို ရောက်ပြီးမှ သက်တမ်းကုန်ရဘယ်။ အဲဒါမှတ်ထားကြ။ ကဲ....ကဲ.....ညဉ့်နက်ပြီ.....။ မင်းဘို့ အိပ်ကြပေတော့....။ မအိပ်ချင်သေး ရင်လဲ အရပ်ထဲ လည်ပြီး တံခါးပိတ် ထားတဲ့ အိမ်တွေ ပျော်ပျော်ပါးပါး ခဲနဲ့ လိုက်ပေါက်ချင်ကြ။ ဘိုးဘိုးလဲ မင်းတို့အဖွားကို ကြက်ဥနဲ့ ဘရမ်ဒီ တိုက်စရာရှိသေးတယ်....။
ဦးသုဉ်ည
#ကာတွန်းဦးဘဂျမ်း #ဦးသုဉ်ည #ဘိုးဘိုးပုံပြောမယ် #မြန်မာ့ဟာသ #မြန်မာစာပေ #ListenersHeaven
Comments
Post a Comment