ရွှေမင်းသမီးကလေး၏-ချစ်မှာတမ်း ရေကျော်-မောင်မောင် (သောကြာ စာစောင် ၁၉၆၂ အောက်တိုဘာလ )

 



ရွှေမင်းသမီးကလေး၏-ချစ်မှာတမ်း

ရေကျော်-မောင်မောင်

သောကြာ စာစောင် ၁၉၆၂ အောက်တိုဘာလ 



ဂျပန်ပြည်သို့ သွားရမည်ဆို ကတည်းက ကျွန်တော်တော့ အတော်ကလေး အူမြူးမိပါတော့သည်။


ကမ္ဘာ့အရှေ့ပိုင်းတွင် အကြီးဆုံးမြို့ကို လေ့လာရကာ တိုးတက်နေသော ဂျပန်ပြည်၏ စက်မှုလက်မှု လုပ်ငန်းများ၊ ယဉ်ကျေးမှုများနှင့် လူနေမှုစံနစ်များကို လေ့လာခွင့် ရတော့မည်ဖြစ်၍ အတော်ကလေး ပျော်မိပါတော့သည်။



ဂျပန်ပြည်မှ လတ်လတ်ဆတ်ဆတ် ပြန်လာသော ရဲဘော်ကြီးတစ်ဦးကမူ-


“ကိုယ့်လူ ခင်ဗျားတော့ တော်တာဘဲ၊ အရှင်လတ်လတ် နတ်ပြည်ယွန်းရတာဘဲ” ဟူ၍ တမျိုး၊


“ဟိုကျရင် ခင်ဗျား ဆရာကြီးတွေက ခင်ဗျားကို ဇိကုပ်သို့စောင့်မြော်နေလေရဲ့” ဟူ၍ တဖုံ၊


ဂျပန်ပြည် သွားလိုစိတ်များကို ပို၍ တိုးတက်စေပါတော့သည်။


ကျွန်တော့ ရဲဘော်ကြီး ဆရာကျော်ကမူ-


“ကဲ ကိုယ့်လူကြီး၊ ဂျပန်ပြည်ရောက်ရင် အညောင်းပြေအနင်း အနှိပ်ခံပြီး ရေတ္နေနင်းကန် ချိုးမနေနဲ့၊ အုံးနော်” ဟူ၍ ထေ့ပါတော့သည်။


ဂျပန်ပြည်တွင် ဂျပန်မလေးများက နှစ်ဦးချင်း လွတ်လပ်စွာ အနင်းအနှိပ်ပြုပေးကာ ရေချိုးပါကလည်း ဆပ်ပျာတိုက်ပေး၊ ချွေးညှော်များ ပွတ်သပ်ပေးလေ့ရှိသည်ကို အနှီဘက်တွင် ဝါသနာပါဟန်မရှိသော ဆရာကျော်က ကျွန်တော့အား တိုးတိုးဖောက်သည်ချခြင်း ဖြစ်ပါသည်။



ဤသို့သောအသံတွေ ကြားလေလေ ကျွန်တော့ ရွှေမင်းသမီးကလေးက ကျွန်တော့အား စိတ်မချလေလေ ဖြစ်ပါတော့သည်။


ကျွန်တော်ချစ်သော ရွှေမင်းသမီးကလေးကို ကျွန်တော်က လွတ်လပ်မှု အပြည့်အဝ ပေးထား၏။ သို့တစေ- ကျွန်တော့ရွှေမင်းသမီးကလေးကမူ- ကျွန်တော့အား “ချစ်လွန်းလို့ပါကိုကိုရယ်” ဟု အကြောင်းပြကာ၊ နှောင်ကြိုးအမျိုးမျိုး ဖွဲ့လေ့၊ ချည်လေ့၊ နှောင်လေ့၊ ချုပ်ချယ်လေ့ ရှိ၏။


ယခုလည်း ရွှေမင်းသမီးကလေးအဘို့ ကျွန်တော့အား ဂျပန်ပြည်သို့ မသွားစေလို၊ သွားရပါကလည်း သူပါ လိုက်ချင်၏။


“ကိုကို့အပါးက တဖဝါးမှ မခွာဘဲ ရေပူ-ရေချမ်း ကမ်းလှမ်းဘို့ လိုက်ချင်တယ် ကိုကိုရယ်”


ဟု အကြောင်းပြပေမင့် အမှန်မှာ သူ၏ချစ်သော ကိုကိုတစ်ယောက် ဂျပန်မနှောံပါမည်စိုး၍သာ ဖြစ်ပေတော့သည်။ သို့တစေ တိုင်းပြည်နှင့် လူမျိုးကိစ္စအတွက်သာ ဂျပန်သို့ သွားရမည်ဖြစ်ရကား ကျွန်တော့ ရွှေမင်းသမီးကလေးကို ကျွန်တော် ခေါ်မသွားနိုင်တော့ပေ။


ရွှေမင်းသမီးကလေးကလည်း သူမလိုက်နိုင်စေကာမူ- ထုံးစံအတိုင်း “သွားကတည်း မောင်ကြီးကိုတဲ့ မှာလိုက်မယ်” ဟူသော ပြော၍မကုန် မှာ၍မဆုံးနိုင်သော ချစ်မှာတမ်း အသွယ်သွယ်တို့ကို ကျယ်ကျယ်တမျိုး၊ တိုးတိုးတဖုံ ခပ်စုံစုံ မှာလေတော့၏။



အဲဒီသို့သော ချစ်မှာတမ်းကလေးများအနက် မင်္ဂလာဒုံလေယာဉ်ပျံကွင်းတွင် လေယာဉ်ပျံပေါ်တက်ခါနီး နောက်ဆုံးနှင့် အရေးအကြီးဆုံးသော ချစ်မှာတမ်းအနေဖြင့် မှာလိုက်သော ရွှေမင်းသမီးကလေး၏ ချစ်မှာတမ်းကလေးကိုကား ကျွန်တော် အဓိပ္ပါယ်ဖေါ်၍ မရနိုင်ပါ။ စဉ်းစား၍လည်း အဖြေမပေါ်ပါ။


ရန်ကုန်လေဆိပ်မှ တိုကျိုလေဆိပ်အရောက် လမ်းတလျှောက်လုံး စဉ်းစား၍လည်း မရ၊ သံရုံးသို့ သွားစဉ်၎င်း၊ တည်းခိုရာဟော်တယ်သို့ ရောက်သည့်တိုင်အောင်၎င်း စဉ်းစား၍ မရနိုင်ပါ။


သို့ပါ၍ ဂျပန်ပြည် ရောက်ရောက်ခြင်း သောကြာပရိသတ်အား နှုတ်ဆက်ရင်း ကျွန်တော်စဉ်းစား၍ အဖြေမပေါ်သော ရွှေမင်းသမီးကလေး၏ ချစ်မှာတမ်းကို ကျွန်တော့်အား ဝိုင်းကူ၍ စဉ်းစားပေးကြပါရန် သောကြာမှတဆင့် ဖေါ်ပြပါရစေ။ ကျွန်တော့ရွှေမင်းသမီးကလေး၏ ချစ်မှာတမ်းကား-


“ကိုကို ဒါဘဲနော်.... အိမ်မှာ အချိန်မရွေး အလကားရနေတဲ့ဟာ အတွက် ဂျပန်ပြည်သွားပီး ပိုက်ဆံမဖြုန်းခဲ့နဲ့နော်....” ဟူ၏တည်း။


ရေကျော်မောင်မောင်

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်