အရှုံးမပေးလိုသူ စာရေးသူ မောင်မောင်ခင် (တောင်စွန်း) ငွေတာရီမဂ္ဂဇင်း ၁၉၇၀ မတ်လ


အရှုံးမပေးလိုသူ

ရွာတရွာတွင် စကားပြောသည့်အခါ စကားပုံကလေးများ ညှပ်ပြောလေ့ရှိသူ အဘိုးကြီးတယောက် ရှိလေသည်။ မိမိကိုယ်ကိုလည်း မိမိအမှန်းတင်တတ်သည်။ သူတပါးကိုမူ နှိမ့်သောစကားဖြင့် အမြဲတမ်း အနိုင်ယူလေ့ရှိသည်။


တနေ့၌ အဘိုးကြီး၏ တူဖြစ်သူသည် လမ်းလျှောက်ရင်း သစ်ငုတ်တခုကို ဝင်တိုက်မိသည်။ ထိုအခါ နှိမ့်ချလေ့ရှိသူ အဘိုးကြီးက “သတိမမူ ဂူတောင်မမြင်ဘူးဟေ့” ဟု ပြောလိုက်လေသည်။ တူဖြစ်သူကလည်း အဘိုးကြီးကို အနိုင်ရရန် အမြဲပင် ကြံစည်နေသည်။


နောက်တနေ့၌ အဘိုးကြီးလမ်းလျှောက် ထွက်လေသည်။ ထိုအခါ ယမန်နေ့က တူဖြစ်သူဝင်၍တိုက်မိသော သစ်ငုတ်ကိုပင် ဝင်တိုက်မိလေသည်။ အကွက်ကောင်း ချောင်းနေသည့် တူဖြစ်သူက 


“ဘကြီး-ငုတ်ရှိမှန်းသိရက်နှင့် သတိမထားတော့ တိုက်တာပေါ့၊ သတိမမူရင် ဂူတောင်မမြင်ဘူး” 


ဟု ပြောလိုက်၏။ 


ထိုအခါအဘိုးကြီးက 


“အောင်မာ-ပညာရှိ သတိဖြစ်ခဲ့လို့ပေါ့ကွ” 


ဟု ပြန်ပြောလိုက်သည်။


ညဘက်ရောက်သော် အဘိုးကြီးသည် အကြောတက်၍ တူဖြစ်သူအား အနင်းခိုင်း၏။ တူဖြစ်သူကလည်း မဆိုင်းမတွ တက် နင်းပေး၏။ ထို့နောက် 


“ဘကြီးရာ.... ဘကြီးဘယ်လောက်ဘဲ အနိုင်ရရ အခုတော့ ကျွန်တော့် ခြေထောက်အောက်မှာ ပြားပြားဝပ်ရ ရောပေါ့” 


ပြောကာ ရယ်သွမ်းသွေးလိုက်လေ၏။


မည်သူ့ကိုမျှ အရှုံးပေးလေ့မရှိသူ အဘိုးကြီးသည်အနင်းခံနေရာမှ ကမန်းကတန်း ပြောလိုက်သည်မှာ 

“ဟဲ့-ခွေးသားရဲ့၊ ဘုရားကားအောက်၊ မျောံကား အထက်ဆိုတာမသိဘူးလား” 


ဟု၍ ဖြစ်သည်။


မောင်မောင်ခင်

(တောင်စွန်း)

မြန်မာရိုးရာဟာသ

ငွေတာရီမဂ္ဂဇင်း ၁၉၇၀ မတ်လ


#မြန်မာရိုးရာဟာသ #ဒီလောက်လေးမှမမူရတော့ဘူးလား #မြန်မာဟာသ #မြန်မာကာတွန်း #ဟာသစုံသုတ် #BurmeseComedy #MyanmarCartoon #ClassicMyanmar #BurmeseCulture #FunnyBurmese #ရိုးရာဟာသ

Comments

Popular posts from this blog

တော်စိန်ခို (Taw Sein Ko) …ဂန္တလောက နာမည်ပေးသူ

🍀LH ရဲ့ ပညာဒါန အစီအစဥ်လေးပါ (Digital Text Books only)🍀

၁၉၅ဝ ခုနှစ် စာပေဗိမာန်ဆု ကို ဆရာတက်တိုး ရေးတဲ့ မင်းမှုထမ်း ဝတ္ထုစာအုပ် ရတော့၊ အဲဒီ အကြောင်းကို ကို Times Magazine Editor က အခုလို ရေးသွားပါတယ်