ဂဠုန်ဆရာစံ၏ ထုချေလွှာ ငွေတာရီမဂ္ဂဇင်း ၁၉၇၀ မတ်လ မြင့်ဆွေ ရေးသည်
ဂဠုန်ဆရာစံ၏ ထုချေလွှာ
ငွေတာရီမဂ္ဂဇင်း ၁၉၇၀ မတ်လ
မြင့်ဆွေ ရေးသည်
(၁)
ဂဠုန်သူပုန် ခေါင်းဆောင်ကြီး ဆရာစံ ကြိုးပေးခံရသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၃၉-နှစ်ကျော်လာခဲ့ပြီ ဖြစ်သည်။ ထိုသို့ ၃၉- နှစ်ကျော်ကြာမြင့်ခဲ့သည့်တိုင်အောင်လည်း ဆရာစံနှင့် ပတ်သက်၍မကြေလည် ဖြစ်နေသေးသော ပြဿနာတကား ယခုအထိ ကျန်ရှိနေသေးသည်။ ထိုပြဿနာကား ဆရာစံ၏ ထုချေလွှာ ပြဿနာပင်ဖြစ်သည်။
စင်စစ် ဂဠုန်သူပုန်ကား ကမ္ဘာ အရပ်ရပ်က စောင့်ကြည့်ခဲ့ရသော ပုန်ကန်မှုကြီးဖြစ်သည်။
ထိုအချိန်က ဘိလပ် မျက်နှာစုံညီအစည်းအဝေး၌ မြန်မာကိုယ်စားလှယ် လူကြီးများက ဂဠုန်သူပုန်အရေးကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ဘိလပ် အောက်ပါလီမန်လွှတ်တော်၌ ဗြိတိသျှပါလီမန်အမတ် အချို့ကလည်း မြန်မာနိုင်ငံ၏ ဂဠုန်သူပုန် ပြဿနာကို မေးခွန်းထုတ်သူက ထုတ်ကြသည်။ ဂဠုန် သူပုန်များကို ကြိုးဒဏ်မပေးရန် ကန့်ကွက်သော အမတ်များကလည်း ကန့်ကွက်ခဲ့ကြသည်။
ထိုသတင်းများမှာ ထိုအချိန်က ထုတ်ဝေလျက်ရှိသော ဘိလပ် သတင်းစာကြီး များနှင့် အိန္ဒိယ သတင်းစာများတွင် အဆက်မပြတ် ပါရှိနေသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၌ ‘သူပုန်ထနေပြီ၊ လက်နက်စွဲကိုင် တော်လှန်နေပြီ’ဟု ကမ္ဘာက သိနေကြသည်။
သိနေရုံတွင်မက ထိုခေတ် တည်းပင် အဘယ်ကြောင့် သူပုန်ထရသနည်းဟူ၍လည်း သူပုန်ထရခြင်း၏
အကြောင်းရင်းဇစ်မြစ်ကိုပါ ကမ္ဘာကသိချင်လာကြသည်။ စုံစမ်းလာကြသည်။
ထို့ကြောင့်လည်း ထိုအချိန်က ပဲခူးတိုင်း၏ ဥက္ကဋ္ဌမရှင်နာအဖြစ် တာဝန်ထမ်းဆောင် နေသူ မစ္စတာ ဘုဂရေဗလီကိုယ်တိုင် ဘိလပ်သို့ သွားရောက်ကာ ဂဠုန်သူပုန်နှင့် ဆိုင်ရာ ပြဿနာ အ ရပ် ရပ် ကို ဖြေရှင်းရသည်အထိ ဖြစ်ခဲ့သည်။ ဤကဲ့သို့ မစ္စတာ ဘုဂရေဗလီ သွားရောက် ဖြေရှင်းမှုကြောင့် သူပုန်ပြဿနာ အဘယ်မျှလောက် ပြေလည်ခဲ့သည်ကိုကား အတိအကျ မသိရပေ။ သို့သော် ဆရာစံကို ဖမ်းဆီး မိ၍ စစ် ဆေးမည့်ပြုသေအာခါ၌ကား ဂဠုန်သူပုန်ထရခြင်းအတွက် ကမ္ဘာက မသိစေလိုသော အချက် ၂-ချက်ကို နယ်ချဲ့အစိုးရအနေနှင့် ဖုံးဖိရန် နည်းအမျိုးမျိုးတို့ဖြင့် ကြိုးစားခဲ့သည်ကိုတော့ တွေ့ရှိလာရသည်။
ထိုအချိန်က နယ်ချဲ့အစိုးရအနေဖြင့်....
(၁) တရားရုံးပေါ်၌ ဆရာစံက မည်ကဲ့သို့မျှ မထုချေဘဲ ရေငုံနှုတ်ပိတ် လုပ်နေမည် ကို၎င်း။
(၂) အကယ်၍ ထုချေပြန်လျှင်လည်း ဗြိတိသျှ အစိုးရတို့၏ အုပ်ချုပ်ပုံကို မကျေနပ်၍ ဗြိတိသျှတို့၏ ကိုလိုနီ ကျွန်ဘဝမှ လွတ်မြောက်ရန် ပုန်ကန်-တော်လှန်ရပါသည်ဟု ရာဇဝင် ပြောင်ပြောင် စကားလုံးများဖြင့် ထုချေမည်ကို၎င်း စိုးရိမ် ထိတ်လန့်နေသည်။
ထိုနှစ်ချက်အနက် တချက်ချက်ကိုတော့ ဆရာစံသည် တရားရုံးပေါ်၌ ရာဇဝင်ပြောင်အောင် လုပ်သွားလိမ့်မည်ဟု နယ်ချဲ့အစိုးရက ထင်နေသည်။ ထင်နေသဖြင့်လည်း ဤကဲ့သို့ ထိတ်လန့်နေခြင်း ဖြစ်သည်။
တရားရုံးပေါ်တွင် ဆရာစံက လုံးဝ မထုချေဘဲ ရေငုံနှုတ်ပိတ် လုပ်နေပါက နယ်ချဲ့ အစိုးရ အနေဖြင့် ဆရာစံအပေါ် စီရင်ချက်ချရန် မလွယ်ပေ။ လွတ်ပစ်၍လည်းမဖြစ်။ ကြိုးဒဏ်ပေးရန်လည်း အခက်ဖြစ်နေ၏။
သို့မဟုတ်ဘဲ ဗြိတိသျှတို့၏ အုပ်ချုပ်ပုံကို မကျေနပ်၍ ဗြိတိသျှတို့၏ ကိုလိုနီ ကွန်ရက်မှ လွတ်မြောက်လို၍ ပုန်ကန်တော်လှန်ပါသည်ဟု ထုချေမည် ဆိုလျှင်လည်း ကမ္ဘာ့အလယ်တွင် ဗြိတိသျှတို့ အရှက်တကွဲအကျိုးနည်း ကွဲမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ယဉ်ကျေးမှု နည်းပါး သေးသည့် မြန်မာနိုင်ငံကို ယဉ်ကျေးလာအောင် ကယ်တင်သိမ်းပိုက်ထားရလေဟန် ဝါဒဖြန့်လျက် ဗြိတိသျှတို့အနေနှင့်မူယဉ်ကျေးသော လူမျိုးကြီးတမျိုးအဖြစ်ဖြင့် ကမ္ဘာတွင် ရဲရဲဝံ့ဝံ့ပြောနေသောကြောင့် ဖြစ်သည်။
ထို့ကြောင့် တရားရုံးပေါ်တွင် ဤအချက်နှစ်ချက် ပေါ်ပေါက်လာမည်ကို နယ်ချဲ့အစိုးရသည် အစိုးရိမ်ကြီး စိုးရိမ်နေခြင်းဖြစ်သည်။ ဤနှစ်ချက်မှ လွဲလျှင် မည်သို့ပင် ထုချေထုချေ နယ်ချဲ့ အစိုးရက မမှုဟူသောသဘောထားခဲ့သည်။
(၂)
သို့ဖြင့်ပင် ဆရာစံ၏အမှုကို ရုံးတင်စစ်ဆေးသော အချိန်သို့ရောက်ရှိလာခဲ့သည်။ သို့သော် နယ်ချဲ့အစိုးရကိုယ်တိုင် စိုးရိမ် ထိတ်လန့် နေသကဲ့သို့ တရားရုံးပေါ်၌ ဆရာစံသည် ရေငုံနှုတ်ပိတ်လုပ်ကာ မထုချေဘဲလည်းမနေခဲ့။ ထုချေချက်၌လည်း ကမ္ဘာ့အလယ်တွင် ဗြိတိသျှတို့ မျက်နှာမဲလောက်အောင် ရာဇဝင်ပြောင်ပြောင် စကားလုံးများလည်း ပါ၍မလာပေ။
ဆရာစံ၏ ထုချေချက်များကိုကြည့်လျှင် သာမန် ရာဇဝတ်သား တယောက်၏ ထုချေချက်မျိုးထက်ပို၍ အဆင့်အတန်းမြင့်လာသည်ကိုမတွေ့ရပေ။ ရှင်းရှင်းဆိုရလျှင် ဆရာစံ၏ထုချေလွှာမှာ ထုချေလွှာဟု ဆိုရသော်လည်း အသနားခံလွှာ ဆန်၍နေသည်။ ထို့ကြောင့်လည်း ဆရာစံ၏ ထုချေလွှာသည် နယ်ချဲ့သမား၏ ကြိုက်လုံးဖြစ်၍ နေပေသည်။
သို့ဖြစ်ရာ ဆရာစံ၏ ထုချေလွှာသည် နယ်ချဲ့ အစိုးရ အဖို့ ကြိုက်လုံးဖြစ်သလောက် ဆရာစံ၏အလိုကျ ရေးသော ထုချေလွှာ ဟုတ်မှ ဟုတ်ပါလေစဟု မြန်မာပြည် နိုင်ငံရေး ရပ်ကွက်တွင် ထိုအချိန်ကပင် သံသယ ဝင်ခဲ့ကြဖူးသည်။
စင်စစ် ထိုထုချေလွှာမှာ ဆရာစံ ကိုယ်တိုင် ရေးသော ထုချေလွှာတော့မဟုတ်။ ဆရာစံဘက်မှ အခမဲ့လိုက်ပါဆောင်ရွက်ကြသော ဒေါက်တာ ဘမော်နှင့် သာယာဝတီဦးပုတို့က ထိုထုချေလွှာကိုရေး၍ ဆရာစံအား လက်မှတ်ထိုး ခိုင်းခြင်းဖြစ်သည်ဟု သိရှိရသည်။
ထိုထုချေလွှာမှာ “ဤအမှုတွင် ထုချေရန် အချက်တို့ကို ခုနစ် သက္ကရာဇ်နှင့် စီစဉ်ကာ လျှောက်လဲလိုပါသည်။”ဟု အစချီကာ ရှေ့ ပိုင်းတွင် စစ်ဘက် နယ်ဘက်မှ အရာရှိများက တောင်သူလယ်သမားများ အပေါ် သဿမေဓခွန်နှင့် လူခွန် မတရားနှိပ်စက် ကောက်ခံပုံတို့ကို အကျယ်တဝင့် ဖော်ပြထားပြီးနောက်....
“ကျွန်ုပ်ဆရာစံသည် သွေးထွက်သံယိုအကြမ်းဖက်မှုကို မလိုလားပါ။ အလံတောင်တွင် လူထုအစည်းအဝေးပြုလုပ်၍ သစ်တော ဥပဒေကို အကြမ်းမဖက် အနုသက်သက်ဖြင့် ခုခံရန်သာ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုအတိုင်း အမိန့်လည်း ထုတ်ပြန်ခဲ့သည်။
“သို့သော် ကျွန်ုပ်၏အမိန့်ကို မလိုက်နာဘဲ ဆရာစ၊ ကိုဟံသာ၊ စံထူး၊ ဘိုးဆော့၊ အုန်းဖေ၊ ထွန်းသွယ်နှင့် အခြားပုဂ္ဂိုလ်တို့က အကြမ်းဖက်လာကြသောကြောင့် သွေးထွက်သံယိုမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဤအကြမ်း ဖက်မှုများကို မနှစ်သက်သဖြင့် ကျွန်ုပ်သည်အလံတောင်မှ ထွက်ခွာ သွားခဲ့သည်။
“ထိုသို့ ထွက်ခွာ သွားခဲ့သောကြောင့်လည်း ယခုစွဲဆိုထားသောပြစ်မှုများမှာ ကျွန်ုပ်နှင့်မသက်ဆိုင်ပါ။ ကျွန်ုပ်သည် ထိုပြစ်မှုများကို ကိုယ်တိုင်လည်းကျူးလွန်ခဲ့ခြင်းမရှိ။ အခြားသူများကိုလည်း ကျူးလွန်စေရန် အမိန့်ပေး၊မတိုက်တွန်း၊ မကူညီ။
“ထို့ပြင် ပြည်ပိုင် အစိုးရတို့အား စစ်မက်ဖက်ပြိုင်ခြင်း၊ စစ်ပြိုင်ရာ၌ ဖက်စပ်ပါဝင်ခြင်း၊ စစ်ဖက်ပြိုင်ရန် လူစုခြင်းလည်း မပြုလုပ်ခဲ့ပါ။ ထို့ကြောင့် ကျွန်ုပ်ဆရာစံ၌ အပြစ်မရှိပါ။” ဟူသော ကိုယ်လွတ်ရုန်းသည့် စကားလုံးများဖြင့် ဆုံးသတ်ထားသည်။
သူပုန်ခေါင်းဆောင်ကြီး ဆရာစံ ‘သုပဏ္ဏက ဂဠုနရာဇာ’ ဟူသော အမည်နှင့် ဤထုချေလွှာမှာ မလိုက်အောင်ဖြစ်၍နေသည်။ သုပဏ္ဏက ဂဠုနရာဇာ အမည်ခံသည့် သူပုန်ခေါင်းဆောင်ကြီးတဦး ဖြစ်ခဲ့ပါလျက် “အကြမ်းဖက်မှုကို မလိုလား၊ ယခုစွဲဆိုထားသော ပြစ်မှုများကို ကိုယ်တိုင်လည်း မကျူးလွန်၊ အခြားသူများကိုလည်း ကျူးလွန်စေရန် အမိန့်မပေး၊ အစိုးရကိုလည်း စစ်မက် ဖက်ပြိုင်ခြင်း မပြုလုပ်” ဟူသော စကားလုံးများကို ထုချေလွှာ၌ ရေးထားခြင်းမှာ အဓိပ္ပာယ် ကင်းမဲ့လွန်းလှပေသည်။
ဗြိတိသျှ နယ်ချဲ့အစိုးရကို လက်နက်စွဲကိုင် တော်လှန်ခဲ့သူ ခေါင်းဆောင်ကြီးက ယခုကဲ့သို့ တကိုယ်ကောင်းဆန်ဆန် စကားလုံးများကို သုံး၍ ကိုယ်လွတ်မရုန်းကန်ရာ ဟူ၍လည်း နိုင်ငံရေးရပ်ကွက်က မတွေးဘဲမနေနိုင်အောင် ဖြစ်လာသည်။
ထို့ကြောင့်လည်း ဤထုချေလွှာသည် ဆရာစံ၏ အလိုကျအတိုင်းရေးသော ထုချေလွှာ ဟုတ်မှဟုတ် ပါလေစ ဟူ၍ ယခုအချိန်တိုင်အောင် မကြေလည်ဖြစ်ကာ သံသယဝင်နေကြခြင်း ဖြစ်သည်။
(၃)
အကယ်၍ ဤထုချေလွှာကို ရေးသားကြသည့် ဝတ်လုံတော်ကြီးများက ဆရာစံလွတ်မြောက်အောင် ရေးသားသည့် စေတနာနှင့် ရေးသားပါသည်ဟု ဆိုလျှင်လည်း ၁၉၃၁-ခု ဖေဖော်ဝါရီလ ဥပဒေပြု လွှတ်တော်အစည်းအဝေး၌....
“ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားမှာ ရှင်းလှပါသည်။ မငြိမ်မသက်မှုမှန်သမျှကို အစွမ်းကုန်ချေမှုန်းပစ်ရမည်။ ဤပုန်ကန်ထကြွမှုတွင် ခေါင်းဆောင်ခဲ့သူများကိုလည်း ပြတ်ပြတ်သားသား မညှာမတာ အပြစ်ဒဏ်များကို ပေးရမည်” ဟူ၍ မြန်မာပြည်ဘုရင်ခံက အစိုးရ၏ သဘောထားကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်နေသည်။ သို့ဖြစ်ပါလျက် ဤကဲ့သို့ထုချေရန်ဆရာစံအား ကြိုးဒဏ်မှ လွတ်မြောက်လိမ့်မည်ဟု အလွယ်လိုအယူအဆသည် အလွန်တိမ်လွန်းရုံသာမက အလွန်လည်း ကလေးဆန်သော အယူအဆမျိုးဖြစ်၍နေပေလိမ့်မည်။
သူပုန်ခေါင်းဆောင်ကြီးတဦးဖြစ်ပါလျက်ဤမျှလောက် အယူအဆ တိမ်နေခြင်းသည်ယုတ္တိရှိနိုင်ပါမည်လော။ ဤမေးခွန်းသည် ‘ဂဠုန်သူပုန် အရေးတော်ပုံသမိုင်း’ ကို လေ့လာသူတိုင်း၏ ဦးနှောက်အား ယနေ့တိုင် အောင် တီးခေါက်လျက် ရှိနေပေးသေးသည်။
ဤထုချေလွှာကို ထိုအချိန်က နိုင်ငံရေးခေါင်းဆောင်များနှင့် ရဟန်းရှင်လူ ပြည်သူ အများစုက မကျေနပ်ခဲ့ကြပေ။
ဆရာစံအမှုကို စစ်ဆေးနေစဉ်က ဂဠုန်ဦးစောသည် သာယာဝတီ တောင်တွင်းသို့ဝင်ကာ ဆရာစံနှင့်တွေ့ဆုံပြီး “ဆရာကြီး ကြိုးဒဏ်ကတော့ ဘယ်နည်းနဲ့မှ လွတ်မှာမဟုတ်ဘူး၊ မလွတ်မယ့်အတူတူ နောင်လာနောက်သားတွေက ဆရာကြီးကို ကျောက်ရုပ်ထုပြီး ကိုးကွယ်ကျန်ရစ်ရအောင် မင်းတို့ အင်္ဂလိပ်တွေ အုပ်ချုပ်တာကိုမကျေနပ်လို့၊ မင်းတို့ အင်္ဂလိပ်လက်အောက်မှာ မနေချင်လို့၊ သူပုန်ထတယ်ဆိုတာ ရုံးပေါ်မှာ ပြောင်ပြောင်တင်းတင်း ဝန်ခံစမ်းပါ။ အမှန်အတိုင်း ဝန်ခံသွားစမ်းပါ” ဟု တိုက်တွန်းဘူးကြောင်း ဂဠုန်ဦးစောက ပြောခဲ့ဘူးသည်။
ဆရာစံကို ဤသို့တိုက်တွန်း ခဲ့သော်လည်း ဂဠုန်ဦးစောကိုယ်တိုင် နောင်အခါ နိုင်ငံတော် လုပ်ကြံမှုကြီးဖြင့် ရုံးပေါ်တွင် အစစ်ဆေးခံလာရသောအခါ၌ကား ကြိုးဒဏ်ကျခံသွားရသည့်တိုင်အောင် သူ၏ပြစ်မှုကို ပြောင်ပြောင် ဝန်ခံသွားသည်ကိုမတွေ့ရပေ။
နယ်ချဲ့အစိုးရ၏ ကြိုက်လုံးဖြစ်သော ထုချေလွှာဖြင့် ထုချေခဲ့သော်လည်း ဆရာစံမှာ ကြိုးဒဏ်မှ မလွတ်ခဲ့ရှာပေ။ ဥပဒေပြုလွှတ်တော်၌ ပြောခဲ့သော မြန်မာပြည်ဘုရင်ခံ၏ စကားအတိုင်းပင် နယ်ချဲ့အစိုးရ၏ ပြတ်ပြတ်သားသား မညှာမတာ ပေးသည့် သေဒဏ်ကို ခံသွားရရှာပေးသည်။
မည်သို့ပင်ဖြစ်စေ ကမ္ဘာကသိသော သူပုန်ခေါင်းဆောင်ကြီး တဦးဖြစ်ပါလျက် သာမန်လူသတ်သမား ရာဇဝတ် တရားခံ တယောက်၏ ထုချေလွှာထက် အဆင့်အတန်းလည်း မမြင့်၊ ရာဇဝင်လည်း မပြောင်သော ထုချေလွှာမျိုးကို ကိုင်ကာ နယ်ချဲ့သမား၏ ကြိုးစင်ထက်၌ အသက်စတေးသွားခဲ့ရသောဆရာစံ၏ အဖြစ်ကား ရာဇဝင်ရိုင်းလှချေသည်တကား။
မြင့်ဆွေ
Comments
Post a Comment