နောက်ဆုံးနှုတ်ဆက်ခြင်းရဲ့ အစ (ဘာသာပြန် ဝတ္ထုတို)
နောက်ဆုံးနှုတ်ဆက်ခြင်းရဲ့ အစ (ဘာသာပြန် ဝတ္ထုတို)
အဲဒီနေ့ နေ့လယ်ပိုင်းက ဘူတာရုံတခုလုံး လူတွေနဲ့ စည်ကားရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့တယ်။ လူတွေက ကိုယ့်ခရီးကို အမီလိုက်ဖို့ အလျင်စလို သွားလာနေကြပြီး ကျွန်တော်ကတော့ ရထားစောင့်ရင်း စိတ်ထဲမှာ အလုပ်ကိစ္စတွေကိုပဲ အာရုံရောက်နေမိတယ်။ အဲဒီအချိန်မှာ အမျိုးသားတယောက် ကျွန်တော့်နားကို ကပ်လာပြီး— "ညီလေး... ဖုန်း ခဏလောက် ငှားလို့ရမလား။ အိမ်ကမိန်းမဆီ ဖုန်းဆက်ချင်လို့ပါ" လို့ လေသံတိုးတိုးနဲ့ မေးလာတယ်။
ပုံမှန်ဆိုရင်တော့ ကျွန်တော် ချက်ချင်း ငြင်းမိမှာပဲ။ ဒီနေ့ခေတ်ကြီးထဲမှာ သူစိမ်းတယောက်ကို အလွယ်တကူ ယုံကြည်ဖို့ဆိုတာ ဘယ်လိုမှ မလွယ်ဘူးလေ။ ဒါပေမဲ့ သူ့ကို သေသေချာချာ ကြည့်လိုက်မိတဲ့အခါ ရင်ထဲမှာ တခုခု လှုပ်ရှားသွားတယ်။ သူဟာ သာမန်ထက် ပိုပြီး ပင်ပန်းနွမ်းနယ်နေပုံရတယ်။ စိတ်ပင်ပန်းမှုတွေက သူ့မျက်နှာတခုလုံးကို ဖုံးလွှမ်းထားသလိုပဲ။ မျက်လုံးတွေထဲမှာတော့ ဖုံးကွယ်လို့မရတဲ့ ဝမ်းနည်းရိပ်တမျိုး ထင်ဟပ်နေခဲ့တယ်။
ခဏတာ တွေဝေသွားမိပေမဲ့ နောက်ဆုံးတော့ ကျွန်တော် ဖုန်းကို ထုတ်ပေးလိုက်မိတယ်။ "ကျေးဇူးတင်ပါတယ်။" သူက ဖုန်းနံပါတ်ကို တိုက်ရိုက်နှိပ်ပြီး ခေါ်လိုက်တယ်။ ဖုန်းပြောတာ တမိနစ်တောင် မကြာလိုက်ပါဘူး။ "အဆင်ပြေပါတယ်..." သူ့အသံက တိုးသံလေးပဲ ထွက်တယ်။ ခဏလောက် နားပြီးမှ— "မကြာခင် အိမ်ပြန်ရောက်တော့မယ်" ဒါပဲ ပြောပြီး ဖုန်းချလိုက်တယ်။ ဖုန်းကို ပြန်ပေးတဲ့အချိန် သူ့မျက်နှာပေါ်မှာ အပြုံးတခု ပေါ်လာတယ်။ ပျော်ရွှင်လွန်းလို့ ပြုံးတဲ့အပြုံးမျိုး မဟုတ်ဘဲ ရင်ထဲက လေးလံမှုတခု လျော့ကျသွားတဲ့ လူတယောက်ရဲ့ သက်ပြင်းချအပြုံးမျိုး။ "ကျေးဇူးတင်ပါတယ်။ ဒီအကူအညီက ကျွန်တော့်အတွက် ဘယ်လောက် အဓိပ္ပာယ်ရှိတယ်ဆိုတာ ခင်ဗျား မသိနိုင်ပါဘူး။" ကျွန်တော် ဘာမှ ပြန်မမေးရသေးခင်မှာပဲ သူဟာ လူအုပ်ကြီးထဲ တိုးဝင်ပျောက်ကွယ်သွားခဲ့တယ်။ ကျွန်တော်လည်း ပခုံးတွန့်လိုက်ပြီး အဲဒီအဖြစ်အပျက်ကို မေ့မေ့ပျောက်ပျောက်ပဲ ထားလိုက်တယ်။ ဒါမှမဟုတ် မေ့သွားပြီလို့ ထင်ခဲ့တာပေါ့။
နောက်မှ ဖုန်းကို ပြန်ကြည့်တော့ ခေါ်ဆိုမှုမှတ်တမ်းမှာ "ဖုန်းငှားတဲ့သူ" လို့ သူ့ဖုန်းကို သူပြန်ပို့ထားတဲ့ မက်ဆေ့ချ် ကို သတိထားမိတယ်။ ပထမတော့ ဖျက်ပစ်မလို့ပါပဲ။ နောက်တော့ အလုပ်များတာနဲ့ပဲ မဖျက်ဖြစ်ဘဲ ကျန်နေခဲ့တယ်။
နှစ်ပတ်လောက် ကြာပြီးတဲ့နောက် တနေ့မှာတော့ ကျွန်တော့်ဖုန်းလေး မြည်လာတယ်။ အမည်မသိ နံပါတ်တခုဆီက မက်ဆေ့ချ် ဝင်လာတာပါ။ "ကျွန်မ ယောကျာ်းအတွက် ကျေးဇူးတင်ကြောင်း ပြောချင်လို့ပါ။" ကျွန်တော် မျက်မှောင်ကြုတ်သွားမိတယ်။ ခဏအကြာမှာပဲ နောက်ထပ် မက်ဆေ့ချ်တခု ထပ်ဝင်လာတယ်။ "ရှင် ကျွန်မကို မသိပါဘူး။ ဒါပေမဲ့ ရှင်က ကျွန်မယောကျာ်း ဘဝရဲ့ အခက်ခဲဆုံးနေ့မှာ ကူညီပေးခဲ့တဲ့သူပါ။" စိတ်ဝင်စားသွားတာနဲ့ ကျွန်တော် ပြန်စာပို့လိုက်တယ်။ "အားလုံး အဆင်ပြေရဲ့လား ခင်ဗျာ။" မိနစ်အနည်းငယ် ကြာပြီးနောက် အဖြေပြန်ရောက်လာတယ်။ "မပြေဘူးလို့ ပြောရမှာပေါ့။"
ရင်ထဲမှာ တုန်လှုပ်သွားတယ်။ နောက်ထပ် စာတကြောင်း ထပ်ရောက်လာပြန်တယ်။ "သူ ဖုန်းငှားခဲ့တဲ့နေ့က ဆေးရုံကနေ အိမ်ပြန်လာတဲ့နေ့ပါ။" ကျွန်တော် ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေမိတယ်။ "အဲဒီနေ့မှာပဲ သူ့မှာ နောက်ဆုံးအဆင့် ကင်ဆာရောဂါရှိနေပြီလို့ ဆရာဝန်တွေက အဖြေထုတ်ခဲ့တာပါ။"
ရုတ်တရက် အရာအားလုံးကို နားလည်သွားခဲ့တယ်။ အဲဒီနေ့က သူ့ရဲ့ ညှိုးငယ်နေတဲ့ မျက်လုံးတွေ၊ တုန်ရီနေတဲ့ အသံတွေနဲ့ လက်ဖဝါးတွေ... အားလုံးဟာ အကြောင်းရှိခဲ့တာပဲ။ "သူ့ဖုန်းက ဘက်ထရီကုန်သွားခဲ့တယ်။ ရထားမထွက်ခင် ကျွန်မအသံကို နောက်ဆုံးအနေနဲ့ တခါလောက် ကြားချင်လို့ အသည်းအသန် ဖုန်းလိုက်ရှာနေခဲ့တာပါ။" ကျွန်တော် ဘာပြန်ပြောရမှန်း မသိအောင် ဆွံ့အသွားရတယ်။ ပြီးတော့ နောက်ထပ် စာတကြောင်း ထပ်ရောက်လာတယ်။ "လွန်ခဲ့တဲ့ သုံးရက်ကပဲ သူ ဆုံးသွားပါပြီ။" အဲဒီစာကြောင်းက ရင်ထဲကို တည့်တည့်ကြီး အရှိန်နဲ့ ဝင်ဆောင့်လိုက်သလို ခံစားလိုက်ရတယ်။ သူက ကျွန်တော့်အတွက် သူစိမ်းတယောက်ပဲ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းမှုတခုကို ခံစားလိုက်ရတယ်။
ခဏအကြာမှာ သူ့ဇနီးဆီက စာတွေ ဆက်ဝင်လာတယ်။ "မကွယ်လွန်ခင် သူက အဲဒီဖုန်းနံပါတ်ပိုင်ရှင်ကို မဖြစ်ဖြစ်အောင် ရှာပေးဖို့ မှာသွားခဲ့ပါတယ်။" ကျွန်တော် အံ့ဩသွားရတယ်။ ဘာကြောင့်များလဲ။ အဖြေက ချက်ချင်း ရောက်လာတယ်။ "သူ အလိုအပ်ဆုံးဖြစ်နေတဲ့ အချိန်မှာ သူစိမ်းတယောက်ရဲ့ အကူအညီကို အပြည့်အဝ ရခဲ့တယ်လို့ သူ အမြဲပြောပါတယ်။" ကျွန်တော့်လည်ချောင်းတွေ ခြောက်ကပ်လာတယ်။ "ရှင့်ရဲ့ သေးငယ်တဲ့ အကူအညီက ဒီကမ္ဘာကြီးမှာ လူကောင်းတွေ ရှိနေသေးတယ်ဆိုတဲ့ ယုံကြည်မှုကို သူ့ဆီ ပြန်ပေးခဲ့တာပါ။"
ထို့နောက် ဓာတ်ပုံတပုံ ရောက်လာတယ်။ ပင်လယ်ကမ်းခြေတခုမှာ သူနဲ့ သူ့ဇနီး ရယ်မောနေကြတဲ့ပုံ။ ကျန်းမာသန်စွမ်းစဉ်က ပုံရိပ်လေးပေါ့။ ဒါပေမဲ့ မျက်လုံးတွေကတော့ အဲဒီနေ့ကအတိုင်းပါပဲ။ ဓာတ်ပုံနဲ့အတူ စာတိုလေးတစောင်လည်း ပါလာတယ်။ စာထဲမှာ ဒီလို ရေးထားတယ်—
"ဘူတာရုံက သူစိမ်းသို့... ကျွန်တော့်ကို ခင်ဗျား မေ့သွားလောက်ပြီလို့ ထင်ပါတယ်။ ဒါက သဘာဝကျပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ခင်ဗျားကို ဘယ်တော့မှ မမေ့နိုင်ပါဘူး။ သတင်းဆိုးတခု ရုတ်တရက် ရောက်လာတဲ့အခါ ကမ္ဘာကြီးက ချက်ချင်းပဲ အေးစက်မှောင်မိုက်သွားတတ်ပါတယ်။ အဲဒီနေ့က ကျွန်တော် အရမ်းကြောက်နေခဲ့တာ။ သေခြင်းတရားကို ကြောက်တာ မဟုတ်ပါဘူး။ ကျွန်တော် သိပ်ချစ်ရတဲ့သူကို... ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ ထင်ထားတာထက် ပိုတိုတောင်းသွားပြီဆိုတဲ့ အကြောင်း ဘယ်လိုဖွင့်ပြောရမလဲဆိုတာကို ကြောက်နေခဲ့တာပါ။ ကျွန်တော့်မိန်းမရဲ့ အသံကို ကြားဖို့ အသည်းအသန် လိုအပ်နေတဲ့အချိန်မှာ 'လူတွေဟာ တယောက်ကိုတယောက် ဂရုစိုက်ကြသေးရဲ့လား' ဆိုတဲ့ မေးခွန်းအတွက် အဖြေတခုလည်း ကျွန်တော် ရှာနေမိတယ်။ ခင်ဗျားက ကျွန်တော့်ကို အဲဒီအဖြေ ပေးခဲ့တာပါ။ ကျွန်တော့်ဘဝရဲ့ အရေးအကြီးဆုံး ဖုန်းခေါ်ဆိုမှုကို လုပ်နိုင်အောင် ကူညီပေးခဲ့တဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျာ။"
အဲဒီစာကို ဖတ်ပြီးနောက် ကျွန်တော် အချိန်အတော်ကြာအောင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေမိတယ်။ အကယ်၍ အဲဒီနေ့က "မငှားနိုင်ဘူး" လို့သာ ခေါင်းခါလိုက်ရင် ဘာဖြစ်သွားမလဲဆိုတာ တွေးပြီး ရင်တုန်မိတယ်။ ကျွန်တော့်အတွက် သာမန် ဖြတ်သန်းမှုတခုမျှသာ ဖြစ်ခဲ့တဲ့ အခိုက်အတန့်လေးဟာ တခြားလူတယောက်အတွက် ဘယ်လောက်တောင် အသက်ဆက်စရာ အဓိပ္ပာယ်ရှိခဲ့သလဲ။ ကျွန်တော်တို့ဟာ လူတွေရဲ့ ရင်ထဲမှာ ဘယ်လို သောက အလေးအပင်တွေကို သယ်ဆောင်ထားရသလဲဆိုတာ ဘယ်တော့မှ မသိနိုင်ကြဘူး။ ကျွန်တော်တို့အတွက် သာမန်ဖြစ်တဲ့ အခိုက်အတန့်လေးတွေက တခြားသူတယောက်အတွက် ဘဝတသက်တာ မမေ့နိုင်တဲ့ အမှတ်တရတွေ ဖြစ်သွားတတ်ပါတယ်။
တခါတလေကျတော့ ကြင်နာမှုဆိုတာ ကြီးကျယ်ခမ်းနားတဲ့အရာတွေ မဟုတ်ပါဘူး။ ဖုန်းတလုံး ခေတ္တငှားပေးခြင်း၊ တမိနစ်လောက် အချိန်ပေးပြီး စိတ်ရှည်ပေးခြင်း၊ ယုံကြည်မှုလေး နည်းနည်း ပေးလိုက်ခြင်း... ဒါလောက်ပါပဲ။ ဒါပေမဲ့ တခါတလေမှာ အဲဒီ သေးငယ်လှတဲ့ ကြင်နာမှုလေးက လူတယောက်ရဲ့ နောက်ဆုံးထွက်သက်အထိ အလင်းရောင်ပေးသွားမယ့် အရာ ဖြစ်သွားတတ်ပါတော့တယ်။
Comments
Post a Comment