အကဲ့ရဲ့ အချီးမွမ်းမခံရအောင်
အကဲ့ရဲ့ အချီးမွမ်းမခံရအောင်
မြန်မာရိုးရာဟာသပုံပြင်
ရှေးအခါက အညာဒေသ ဧရာဝတီမြစ်ကမ်းရှိ တမြို့ရှိ လူငယ်တစုသည် ဝါသနာအလျောက် ရုပ်စုံ ဆရာအိုကြီးတဦးထံ ရုပ်စုံပညာကိုသင်ကြား၍ အောက်ပြည်အောက်ရွာသို့ လှေကြီးတစင်းဖြင့် စုန်ဆင်းရန် ပြင်ဆင်နေကြလေ၏။
အသီးသီး ပြင်ဆင်ကြပြီးနောက် ရုပ်စုံ လှေကြီး ထွက်တော့မည့်ဆဲဆဲတွင် ဆရာကြီးသည် မြစ်ဆိပ်သို့ ဆင်းလာပြီး “ဟေ့-တပည့်တို့၊ မင်းတို့အဖွဲ့က အဖွဲ့သစ်ဆိုတော့ အောက်ပြည် အောက်ရွာမှာ ဒီနှစ်အဘို့ အချီးမွမ်းမခံရရင် နေပစေ၊ အကဲ့ရဲ့ မခံရအောင် တော့ ကြိုးစားခဲ့ကြဟေ့၊ ကြားကြလား” ဟု အော် ၍ မှာကြားလိုက်လေ၏။ “စိတ်ချပါ ဆရာကြီး” ဟု အဖွဲ့သားများက ပြန်လည်အော်ဟစ် နှုတ်ဆက်ကြ ရင်း တရွေ့ရွေ့ စုန်ဆင်းသွားကြလေ၏။
သုံးလခန့်ကြာသောအခါရုပ်စုံလှေကြီးသည် ပြန်လည်ရောက်ရှိလာလေ၏။ ဆရာကြီးသည် မိမိတပည့် များ ပြန်လာပြီဟု ကြားသိလေလျှင် အလျင်အမြန် ဆိပ်ကမ်းသို့ဆင်း၍ ကြိုဆိုရင်း “ဘယ်နှယ့်လဲဟေ့- တပည့်တို့” ဟုဟစ်အော်မေးမြန်းလိုက်ရာ အဖွဲ့ခေါင်းဆောင်က “စိတ်ချ ဆရာကြီး၊ ကျွန်တော်တို့ အကဲ့ရဲ့လဲမခံရဘူး၊ အချီးမွမ်းလဲမခံရဘူး” ဟု ပြန်ပြောပြီး လျှင် နောက်ဆက်၍ ပြောလိုက်သည်ကား-
“တပွဲမှလဲ မကခဲ့ရဘူး” ဟူသတည်း။
မောင်မြသန်း (အောင်မြေ)
Comments
Post a Comment