သူငယ်ချင်းနှစ်ယောက် (Two Friends)

မူရင်း - Guy de Maupassant

ဝိုင်းရံပိတ်ဆို့ခံထားရသော ပါရီမြို့သည် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ပြင်းထန်စွာ ခံစားနေရသည်။ အိမ်ခေါင်မိုးပေါ်မှ ငှက်ကလေးများသာမက မိလ္လာမြောင်းထဲမှ ကြွက်များပင် ရှားပါးလာသည်။ လူတို့သည် ရသမျှအရာအားလုံးကို ရှာဖွေစားသောက်နေကြရရှာသည်။

ဇန်နဝါရီလ၏ လင်းလက်တောက်ပသော နံနက်ခင်းတစ်ခုတွင် နာရီပြင်ဆင်သူ မွန်စီယာ မောရစ်ဆော့ (Monsieur Morissot) သည် လက်ရှိတွင် အလုပ်လက်မဲ့ဖြစ်နေသဖြင့် လမ်းမကြီးတစ်လျှောက် စိတ်ပျက်လက်ပျက် လမ်းလျှောက်လာခဲ့သည်။ ဘောင်းဘီအိတ်ကပ်ထဲတွင် ပိုက်ဆံတစ်ပြားမှမရှိသလို ဗိုက်ထဲတွင်လည်း ဟာလာဟင်းလင်း ဖြစ်နေသည်။ ထိုစဉ် လမ်း၌ ငါးဖမ်းဖော်ငါးဖမ်းဖက် သူငယ်ချင်းဖြစ်သူ မွန်စီယာ ဆော်ဗေ့ဂျ် (Monsieur Sauvage) နှင့် ရုတ်တရက် ဆုံတွေ့လိုက်ရသည်။

စစ်ပွဲမဖြစ်မီက မောရစ်ဆော့သည် တနင်္ဂနွေနေ့တိုင်း မနက်စောစောတွင် ဝါးငါးမျှားတံတစ်ချောင်းနှင့် ငါးစာဘူးကို ကျောပိုးကာ ထွက်လာတတ်သည့် အလေ့အကျင့်ရှိသည်။ သူသည် အာဂျန်တူအီ (Argenteuil) ရထားကိုစီး၊ ကိုလံဘီယာ (Colombes) တွင်ဆင်းပြီး အီမာရန်တီ (Ile Marante) ကျွန်းအထိ လမ်းလျှောက်သွားလေ့ရှိသည်။ ထိုနေရာသို့ ရောက်သည်နှင့် သူ၏စိတ်ကူးယဉ်အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားကာ ညမိုးချုပ်သည်အထိ တစိုက်မတ်မတ် ငါးမျှားတော့သည်။

တနင်္ဂနွေနေ့တိုင်း ထိုနေရာတွင်ပင် ဝဝဖိုင့်ဖိုင့်နှင့် ပျော်ပျော်နေတတ်သော မစ္စတာဆော်ဗေ့ဂျ်နှင့် ဆုံလေ့ရှိသည်။ ဆော်ဗေ့ဂျ်သည် နော်ထရာဒမ် လမ်းရှိ အဝတ်အထည်ဆိုင်ငယ်လေး၏ ပိုင်ရှင်ဖြစ်ပြီး စိတ်အားထက်သန်သော ငါးဖမ်းသမားတစ်ဦးလည်း ဖြစ်သည်။ သူတို့နှစ်ဦးသည် မြစ်ကမ်းနဖူးတွင် ဘေးချင်းယှဉ်ထိုင်၊ ရေထဲသို့ ခြေထောက်များ တွဲလောင်းချကာ ငါးမျှားတံကိုယ်စီဖြင့် နေ့တစ်ဝက်ခန့်ကို ကုန်ဆုံးစေခဲ့ရာမှ ခိုင်မာသော သံယောဇဉ်တစ်ခု စတင်ပေါက်ဖွားလာခဲ့သည်။

အချို့ရက်များတွင် စကားတစ်လုံးမှ မပြောဖြစ်ကြသော်လည်း စကားလုံးများ၏ အကူအညီမပါဘဲ တစ်ယောက်ကိုတစ်ယောက် အပြည့်အဝ နားလည်ကြသည်။ သူတို့တွင် တူညီသော ဝါသနာ၊ အရသာနှင့် ခံစားချက်များ ရှိကြသည်။

နေရောင်ခြည်က ရေမျက်နှာပြင်ပေါ်မှ မြူခိုးပါးပါးလေးများကို နွေးထွေးစွာ ဖြတ်သန်းကျရောက်နေသည့် နွေဦးနံနက်ခင်းမျိုးတွင် မောရစ်ဆော့က ဘေးမှသူငယ်ချင်းကို ရံဖန်ရံခါ ဤသို့ မှတ်ချက်ပေးတတ်သည် -

"အင်း... ဒီမှာနေရတာ တကယ်ကို သာယာတာပဲဗျာ။"

ထိုအခါ ဆော်ဗေ့ဂျ်ကလည်း -

"ဟုတ်ပါ့ဗျာ၊ ဒီထက်ကောင်းတဲ့နေရာ လောကမှာ ရှိဦးမလားပဲ" ဟု ပြန်ထူးတတ်သည်။

ဤစကားအနည်းငယ်မျှနှင့်ပင် သူတို့နှစ်ဦး၏ နားလည်မှုနှင့် ခင်မင်မှုက ခိုင်မြဲနေပြီဖြစ်သည်။

ဆောင်းဦးရာသီ နေဝင်ခါနီးအချိန်၊ အနောက်ဘက်ကောင်းကင်တွင် သွေးရောင်တောက်နေသော တိမ်တိုက်များ၏ ရောင်ပြန်ဟပ်မှုကြောင့် မြစ်တစ်ခုလုံး အနီရောင်ခြယ်သထားသကဲ့သို့ ဖြစ်နေတတ်သည်။ ထိုရောင်ခြည်များက သူငယ်ချင်းနှစ်ဦး၏ မျက်နှာကို တောက်ပစေပြီး အရွက်ကြွေနေသော သစ်ပင်များကို ရွှေရောင်ဝင်းစေသည်။ ဆောင်းရာသီ၏ အအေးဓာတ် စတင်လာချိန်တွင် မစ္စတာဆော်ဗေ့ဂျ်က မောရစ်ဆော့ကို ပြုံး၍ ပြောလေ့ရှိသည် -

"ဘယ်လောက်တောင် ခမ်းနားတဲ့ မြင်ကွင်းလဲဗျာ!"

မောရစ်ဆော့က သူ၏ငါးမျှားဖော့လေးကို မျက်မှောင်မပျက် ကြည့်နေရင်းမှ -

"ဒါက မြို့ထဲက လမ်းမကြီးတွေထက် အများကြီး ပိုကောင်းတယ် မဟုတ်လား" ဟု ပြန်ဖြေတတ်သည်။


ယခုအခါတွင်မူ သူတို့နှစ်ဦးသည် ပြောင်းလဲသွားသော အခြေအနေဆိုးများကြားတွင် ပြန်လည်ဆုံတွေ့ရသဖြင့် စိတ်ထိခိုက်စွာဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

မွန်စီယာ ဆော်ဗေ့ဂျ်က "ဝမ်းနည်းစရာ ကောင်းလိုက်တဲ့ အချိန်တွေပါပဲဗျာ" ဟု သက်ပြင်းချကာ တိုးတိုးလေး ပြောရှာသည်။

မောရစ်ဆော့ကလည်း "ရာသီဥတုကတော့ ဒီလောက်သာယာနေတာပဲ၊ ဒါဟာ ဒီနှစ်ရဲ့ ပထမဆုံးသော ကောင်းမွန်တဲ့နေ့ပဲ" ဟု ဝမ်းနည်းစွာ ခေါင်းခါရင်း ဆိုသည်။

ကောင်းကင်မှာ တိမ်ကင်းစင်ကာ ကြည်လင်တောက်ပနေသော်လည်း သူတို့နှစ်ဦးမှာမူ မှိုင်တွေစွာ ဘေးချင်းယှဉ် လျှောက်လာခဲ့ကြသည်။

"ငါးမျှားတာကို စဉ်းစားကြည့်ပါဦးဗျာ၊ အရင်က ငါတို့ ဘယ်လောက်တောင် ပျော်ခဲ့ကြလဲ" ဟု မောရစ်ဆော့က ပြောသည်။

"ငါတို့ ဘယ်တော့မှ အဲဒီလို ပြန်ငါးမျှားနိုင်တော့မှာပါလိမ့်" ဟု ဆော်ဗေ့ဂျ်က မေးခွန်းထုတ်သည်။

သူတို့သည် ကော်ဖီဆိုင်ငယ်လေးတစ်ခုထဲသို့ ဝင်ကာ အက်ဘ်ဆင်သီ (Absinthe) တစ်ခွက်စီ အတူသောက်ကြပြီးနောက် လမ်းဆက်လျှောက်ခဲ့ကြသည်။ မောရစ်ဆော့က ရုတ်တရက် ရပ်လိုက်ကာ -

"နောက်ထပ် တစ်ခွက်လောက် ထပ်သောက်ကြမလား" ဟု ဆိုသဖြင့် ဆော်ဗေ့ဂျ်ကလည်း သဘောတူလိုက်သည်။

ဗိုက်ထဲတွင် ဘာမှမရှိဘဲ အရက်သောက်လိုက်သဖြင့် သူတို့နှစ်ဦးမှာ အတော်လေး ရီဝေဝေ ဖြစ်လာသည်။ လေပြေနုနုလေးက သူတို့မျက်နှာကို ခတ်သွားရာ လတ်ဆတ်သောလေကြောင့် ဆော်ဗေ့ဂျ်မှာ ပို၍ပင် တက်ကြွလာကာ -

"အဲဒီကို သွားကြရင်ရော ဘယ်လိုနေမလဲ?" ဟု ရုတ်တရက် မေးလိုက်သည်။

"ဘယ်ကိုလဲ?"

"ငါးမျှားဖို့လေဗျာ၊ အရင်နေရာဟောင်းကိုပေါ့။ ပြင်သစ်ကင်းစခန်းတွေက ကိုလံဘီယာနဲ့ နီးတယ်။ ကျွန်တော် ဗိုလ်မှူးကြီး ဒူမိုလင်ကို သိတယ်၊ သူဆိုရင် ကျွန်တော်တို့ကို အလွယ်တကူ ဖြတ်သန်းခွင့် ပေးမှာပါ။"

မောရစ်ဆော့သည် ငါးမျှားလိုသော ဆန္ဒကြောင့် တုန်လှုပ်သွားကာ "ကောင်းပြီလေ၊ ကျွန်တော် သဘောတူတယ်" ဟု ဆိုကာ ငါးမျှားတံများယူရန် လူခွဲလိုက်ကြသည်။

တစ်နာရီအကြာတွင် သူတို့သည် အဝေးပြေးလမ်းမကြီးပေါ်၌ ဘေးချင်းယှဉ် လျှောက်လာကြပြီး ဗိုလ်မှူးကြီးနေထိုင်သော ဗီလာသို့ ရောက်သွားကြသည်။ ဗိုလ်မှူးကြီးက သူတို့၏တောင်းဆိုချက်ကို ပြုံး၍ ခွင့်ပြုလိုက်သည်။ သူတို့သည် ငါးမျှားကိရိယာ အစုံအလင်နှင့်အတူ စစ်ဆေးရေးဂိတ်များကို ဖြတ်ကျော်ရန် စကားဝှက်ကို ရယူကာ ထွက်ခွာလာခဲ့ကြသည်။

မကြာခင်မှာပင် ကင်းစခန်းများကို ကျော်ဖြတ်ပြီး လူသူကင်းမဲ့သော ဒေသကို ရောက်လာကြသည်။ ဆယ့်တစ်နာရီခန့်တွင် စိန့်မြစ်ကို ဝန်းရံထားသော ကိုလံဘီယာနှင့် စပျစ်ခြံငယ်များ၏ အစွန်အဖျားသို့ ရောက်ရှိလာသည်။

သူတို့ရှေ့မှ အာဂျန်တူအီလ်ရွာမှာ အသက်မဲ့နေသကဲ့သို့ တိတ်ဆိတ်နေသည်။ အောက်ဖက်ရှိ ကျယ်ပြန့်သော မြေပြန့်လွင်ပြင်ကြီးမှာလည်း ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေကာ ချယ်ရီပင်များမှာလည်း အရွက်ကင်းမဲ့လျက်ရှိသည်။ မွန်စီယာ ဆော်ဗေ့ဂျ်က တောင်ထိပ်ကို လက်ညှိုးထိုးပြီး တိုးတိုးလေး ပြောလိုက်သည် -

"ပရပ်ရှား (ဂျာမန်) တွေ ဟိုမှာ ရောက်နေပြီ!"

လူသူကင်းမဲ့သော ထိုနယ်မြေ၏ မြင်ကွင်းက သူငယ်ချင်းနှစ်ယောက်ကို ကြောက်ရွံ့ထိတ်လန့်စေသည်။ ပရပ်ရှားစစ်သားများကို သူတို့ တစ်ခါမှ မမြင်ဖူးသော်လည်း ပါရီမြို့အနီးတွင် သူတို့ရှိနေသည်မှာ လနှင့်ချီနေပြီဖြစ်ကြောင်း၊ ပြင်သစ်နိုင်ငံကို ဖျက်ဆီးကာ လုယက်သတ်ဖြတ်နေကြကြောင်း ခံစားမိကြသည်။ ထိုမမြင်ရသေးသော ရန်သူအပေါ်တွင် အမုန်းတရားနှင့် ကြောက်ရွံ့စိတ်တို့ ရောပြွမ်းနေသည်။

"ကျွန်တော်တို့ သူတို့နဲ့ တွေ့ရမယ်ထင်တယ်" ဟု မောရစ်ဆော့က ဆိုရာ ဆော်ဗေ့ဂျ်က ပါရီသားတို့၏ ဝိသေသအတိုင်း "တွေ့ရင်လည်း ငါးကျွေးလိုက်တာပေါ့ဗျာ" ဟု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ သို့သော်လည်း သူတို့သည် ထိတ်လန့်နေကြသဖြင့် လွင်ပြင်ထဲသို့ ထွက်လာရန် တွန့်ဆုတ်နေကြသည်။

နောက်ဆုံးတွင် ဆော်ဗေ့ဂျ်က ရဲရင့်စွာဖြင့် "ကဲ လာ... သွားကြစို့၊ သတိတော့ ထားရမယ်နော်" ဟု ဆိုကာ စပျစ်ဥယျာဉ်များကြားတွင် ကိုယ်ကိုကိုင်း၍ တွားသွားကာ မြစ်ကမ်းဘေးသို့ ချဉ်းကပ်ခဲ့ကြသည်။ ရေစပ်ရှိ ခြောက်သွေ့သော ကျူပင်များကြားတွင် ပုန်းအောင်းရင်း မောရစ်ဆော့က မြေကြီးတွင် နားကပ်၍ ခြေသံများကို နားစွင့်ကြည့်သော်လည်း ဘာမှမကြားရပေ။

စိတ်ချရပြီဟု ထင်သဖြင့် သူတို့သည် ငါးမျှားခြင်းကို စတင်လိုက်ကြသည်။ သူတို့ရှေ့မှ အီမာရန်တီကျွန်းနှင့် စားသောက်ဆိုင်ဟောင်းလေးမှာလည်း လူသူကင်းမဲ့နေသည်။

ဆော်ဗေ့ဂျ်က ပထမဆုံးငါးကို ဖမ်းမိပြီး မောရစ်ဆော့က ဒုတိယမြောက်ငါးကို ဖမ်းမိသည်။ ထို့နောက်တွင်မူ ငွေရောင်ငါးလေးများ တစ်ကောင်ပြီးတစ်ကောင် ပါလာတော့သည်။ သူတို့သည် ကြာမြင့်စွာ ဝေးကွာခဲ့ရသော ဝါသနာကို ပြန်လည်လုပ်ဆောင်ခွင့်ရသဖြင့် ကမ္ဘာကြီးကိုပင် မေ့လျော့နေကြသည်။

နေရောင်က သူတို့၏ကျောပေါ်ကို နွေးထွေးစွာ ကျရောက်နေသည်။ သို့သော် ရုတ်တရက် မြေကြီးတစ်ခုလုံး တုန်ခါသွားစေသည့် အသံကြီးကို ကြားလိုက်ရသည်။ အမြောက်သံများပင် ဖြစ်သည်။ မောရစ်ဆော့က လှမ်းကြည့်လိုက်သောအခါ မွန်-ဗယ်လီရီယန် (Mont-Valerien) တောင်ထိပ်မှ အဖြူရောင် မီးခိုးငွေ့များ ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။

ဆက်တိုက်ဆိုသလို အမြောက်သံများက မြေကြီးကို တုန်ခါစေပြီး ငြိမ်းချမ်းသော ကောင်းကင်ယံသို့ မီးခိုးငွေ့များ တက်လာသည်။ ဆော်ဗေ့ဂျ်က ပခုံးတွန့်ကာ "သူတို့ ထပ်လုပ်ကြပြန်ပြီ!" ဟု ဆိုသည်။

ငြိမ်းချမ်းစွာ ငါးမျှားနေမှုကို အနှောင့်အယှက်ပေးလာသဖြင့် မောရစ်ဆော့က ဒေါသတကြီးဖြင့် -

"တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြတာ၊ ဘယ်လောက်တောင် မိုက်မဲလိုက်သလဲဗျာ" ဟု မှတ်ချက်ပြုသည်။

"တိရစ္ဆာန်တွေထက်တောင် ပိုဆိုးသေးတယ်" ဟု ဆော်ဗေ့ဂျ်က ထောက်ခံသည်။

သူတို့သည် နိုင်ငံရေးပြဿနာများကို ငြိမ်းချမ်းသော နိုင်ငံသားများပီပီ အေးအေးဆေးဆေး ဆွေးနွေးကြသည်။ မည်သည့်အစိုးရတက်တက် သူတို့ကဲ့သို့သော သာမန်လူတန်းစားများမှာ လွတ်လပ်ခွင့်ရမည်မဟုတ်ကြောင်း သဘောတူညီကြသည်။ ထိုစဉ်မှာပင် အမြောက်သံများက အဆက်မပြတ် ဟိန်းဟောက်နေပြီး လူသားတို့၏ အသက်ပေါင်းများစွာနှင့် မျှော်လင့်ချက်များကို ဖျက်ဆီးနေဆဲဖြစ်သည်။

"ဘဝဆိုတာ ဒါပါပဲ!" ဟု ဆော်ဗေ့ဂျ်က ဆိုရာ "သေခြင်းတရားပဲလို့ ပြောရင် ပိုမှန်မယ် ထင်တယ်" ဟု မောရစ်ဆော့က ရယ်မောရင်း ပြန်ပြောလိုက်သည်။

ထိုစဉ် သူတို့နောက်ကွယ်မှ ခြေသံများကြောင့် ထိတ်လန့်စွာ လှည့်ကြည့်လိုက်ရာ လက်နက်ကိုယ်စီနှင့် ဂျာမန်စစ်သားများကို အနီးကပ် မြင်လိုက်ရသည်။ ငါးမျှားတံများမှာ ပိုင်ရှင်တို့၏လက်မှ လွတ်ကျကာ မြစ်ထဲသို့ မျောပါသွားတော့သည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူတို့နှစ်ဦးမှာ အဖမ်းခံရပြီး ကြိုးဖြင့်ချည်နှောင်ကာ လှေဖြင့် ကျွန်းပေါ်သို့ ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။ လူသူကင်းမဲ့သည်ဟု ထင်ခဲ့သော အိမ်နောက်တွင် ဂျာမန်စစ်သား ရာပေါင်းများစွာ ရှိနေသည်။

အရာရှိတစ်ဦးက သူတို့ကို ကြည့်ကာ "ကဲ... လူကြီးမင်းတို့၊ ငါးဖမ်းလို့ ကောင်းရဲ့လား" ဟု ပြင်သစ်လို မေးလိုက်သည်။ စစ်သားတစ်ဦးက သူတို့ဖမ်းထားသော ငါးအိတ်ကို အရာရှိခြေရင်းသို့ ချလိုက်သည်။ အရာရှိက ပြုံး၍ -

"မဆိုးပါဘူး၊ ဒါပေမဲ့ ငါတို့မှာ တခြားပြောစရာရှိတယ်။ မင်းတို့ကို ကြည့်ရတာ သူလျှိုတွေနဲ့ တူတယ်။ ငါ့ကို လူအထင်မမှားပါနဲ့၊ ငါးမျှားတာဟာ ဟန်ပြသက်သက်ပဲ မဟုတ်လား။ အခု မင်းတို့ ငါ့လက်ထဲ ရောက်နေပြီ၊ စစ်ပွဲဆိုတာ ဒီလိုပဲ။"

ဆက်လက်၍ အရာရှိက "ဒါပေမဲ့ မင်းတို့ ကင်းစခန်းတွေကနေ ဒီကို လာနိုင်တယ်ဆိုတော့ စကားဝှက်တစ်ခု ရှိရမယ်။ အဲဒီစကားဝှက်ကို ပြောပြရင် မင်းတို့ကို ငါ လွှတ်ပေးမယ်" ဟု အဆိုပြုသည်။

သူငယ်ချင်းနှစ်ဦးမှာ သေမင်းနှင့် ရင်ဆိုင်နေရသဖြင့် မျက်နှာများ ဖြူဖျော့နေသော်လည်း တိတ်ဆိတ်စွာပင် ရပ်နေကြသည်။

"ဒီလျှို့ဝှက်ချက်က မင်းတို့နဲ့အတူ ပျောက်ကွယ်သွားမှာပါ၊ ဘယ်သူမှ သိမှာမဟုတ်ဘူး။ မင်းတို့ အိမ်ကို ငြိမ်းချမ်းစွာ ပြန်လို့ရတယ်။ ဒါပေမဲ့ ငြင်းဆန်မယ်ဆိုရင်တော့ အခုချက်ချင်း အသက်သေရလိမ့်မယ်။ ကဲ... ရွေးချယ်ကြ"

သူတို့နှစ်ဦးစလုံး နှုတ်ဆိတ်နေဆဲပင်။ အရာရှိက မြစ်ကို လက်ညှိုးထိုးပြကာ "ငါးမိနစ်အတွင်း မင်းတို့ ဒီမြစ်အောက်ခြေကို ရောက်သွားနိုင်တယ်နော်" ဟု ထပ်မံ ခြိမ်းခြောက်သည်။

အမြောက်သံများက ဆူညံနေဆဲဖြစ်သည်။ ဂျာမန်အရာရှိက အမိန့်ပေးလိုက်ရာ စစ်သားများက သေနတ်ကိုယ်စီဖြင့် သူတို့ရှေ့တွင် နေရာယူလိုက်ကြသည်။ "တစ်မိနစ်ပဲ အချိန်ပေးမယ်" ဟု အရာရှိက ဆိုကာ မောရစ်ဆော့ကို တစ်ဖက်သို့ ခေါ်ထုတ်သွားပြီး "မြန်မြန်ပြော! မင်းသူငယ်ချင်း ဘာမှ သိမှာမဟုတ်ဘူး၊ ငါ မင်းကို လွှတ်ပေးလိုက်မယ်" ဟု တိုးတိုးလေး ချော့မေးသည်။ မောရစ်ဆော့က စကားတစ်ခွန်းမှ မဟပေ။

ထို့နောက် ဆော်ဗေ့ဂျ်ကိုလည်း ထိုနည်းအတိုင်း ခေါ်ယူမေးမြန်းသော်လည်း ဆော်ဗေ့ဂျ်ကလည်း ဘာမှ ပြန်မဖြေခဲ့ပေ။

သူတို့နှစ်ဦး ဘေးချင်းယှဉ် ပြန်ရပ်လိုက်ကြသည်။ စစ်သားများက သေနတ်များကို မိန်လိုက်ကြသည်။ ထိုစဉ် မောရစ်ဆော့၏ မျက်လုံးများက မြက်ခင်းပေါ်ရှိ ငါးအိတ်ဆီသို့ ရောက်သွားသည်။ နေရောင်အောက်တွင် တလက်လက်တောက်နေသော ငါးလေးများကို မြင်လိုက်ရသောအခါ မောရစ်ဆော့၏ နှလုံးသား နစ်မြုပ်သွားကာ မျက်ရည်များ ဝဲလာတော့သည်။

"နှုတ်ဆက်ပါတယ်၊ မွန်စီယာ ဆော်ဗေ့ဂျ်" ဟု သူက တုန်ရီစွာ ပြောလိုက်သည်။

"နှုတ်ဆက်ပါတယ်၊ မွန်စီယာ မောရစ်ဆော့" ဟု ဆော်ဗေ့ဂျ်က ပြန်ထူးသည်။

သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။ ထိုစဉ် အရာရှိက "ပစ်!" ဟု အော်ဟစ်အမိန့်ပေးလိုက်သည်။

သေနတ်သံ ၁၂ ချက်သည် တစ်ချက်တည်းကဲ့သို့ ထွက်ပေါ်လာသည်။ ဆော်ဗေ့ဂျ်သည် ချက်ချင်းပင် လဲကျသွားသည်။ မောရစ်ဆော့မှာမူ ခဏမျှ ယိမ်းထိုးသွားပြီးမှ သူငယ်ချင်း၏ ရင်ခွင်ထဲသို့ မှောက်လျက် လဲကျသွားတော့သည်။

ဂျာမန်စစ်သားများသည် အလောင်းများကို ကျောက်တုံးကြီးများဖြင့် ချည်နှောင်ကာ မြစ်ထဲသို့ ပစ်ချလိုက်ကြသည်။ ရေများ ပက်ဖျန်းသွားပြီးနောက် မြစ်မျက်နှာပြင်မှာ ပြန်လည် တိတ်ဆိတ်သွားသည်။ သွေးကွက်အချို့ မြစ်ရေပေါ်တွင် ဝိုင်းလာသည်။

အရာရှိက "အခုတော့ ငါးတွေ အလှည့်ရောက်ပြီ!" ဟု ခပ်ရိုင်းရိုင်း နောက်ပြောင်လိုက်သည်။

သူသည် အိမ်သို့ အပြန်လမ်းတွင် မြက်ခင်းပေါ်၌ မေ့ကျန်ခဲ့သော ငါးအိတ်ကို မြင်သွားသည်။ သူက ကောက်ယူကြည့်ရှုပြီး ပြုံးကာ စစ်သားတစ်ဦးကို ခေါ်လိုက်သည် -

"ဝီလ်ဟမ်! ဒီငါးတွေကို အခုချက်ချင်း သွားကြော်လိုက်စမ်း၊ သူတို့ အသက်ရှင်နေတုန်းမို့ အရသာ တကယ်ရှိမှာပဲ။"

ထို့နောက် သူသည် အေးအေးဆေးဆေးပင် သူ၏ဆေးတံကို ပြန်လည်သောက်ရှုနေတော့သည်။


Comments

Popular posts from this blog