အိုဟင်နရီ (O. Henry) ရဲ့ နာမည်ကျော် "After Twenty Years" (အနှစ်နှစ်ဆယ်ကြာပြီးနောက်)


အနှစ်နှစ်ဆယ်ကြာပြီးနောက်
O. Henry

ညဆယ်နာရီခန့်သာ ရှိသေးပေမယ့် အအေးလေက ပြင်းပြီး မိုးစက်မိုးပေါက်တွေ တဖွဲဖွဲကျနေသဖြင့် လမ်းမပေါ်မှာ

လူသွားလူလာ မရှိသလောက် ရှင်းလင်းနေသည်။ ကင်းလှည့်ရဲအရာရှိတဦးက လမ်းဘေးဆိုင်တံခါးတွေကို

စနစ်တကျ စစ်ဆေးရင်း လမ်းမတလျှောက် အေးအေးဆေးဆေး လျှောက်လာနေသည်။ သူ့လက်ထဲက

နံပါတ်တုတ်ကို တခါတရံ လှည့်ကစားလိုက်၊ လမ်းတလျှောက်ကို စူးစမ်းကြည့်လိုက်လုပ်သည့်

သူ့အမူအရာမှာ တာဝန်ကျရဲတယောက်ရဲ့ ပုံမှန်အလေ့အထပဲ ဖြစ်သည်။

လမ်းတဝက်လောက် ရောက်သောအခါ သူ့ခြေလှမ်းက ရုတ်တရက် နှေးသွားသည်။ မှောင်မည်းနေသော

ဟာ့ဒ်ဝဲဆိုင်တဆိုင်၏ တံခါးဝမှာ လူတယောက် မှီရပ်နေသည်။ သူ့ပါးစပ်ထဲတွင် မီးမညှိရသေးသော စီးကရက်တလိပ် ခဲထားသည်။

ရဲအရာရှိက အနီးကပ်လာသည့်အခါ ထိုလူက အလျင်အမြန် ပြောလိုက်သည်။

“အရာရှိ၊ စိတ်မပူပါနဲ့။ ကျွန်တော် သူငယ်ချင်းတယောက်ကို စောင့်နေတာပါ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က

ချိန်းထားခဲ့တဲ့ ချိန်းဆိုမှုတခုပါ။ ထူးဆန်းနေနိုင်ပေမယ့် တကယ်ပါ။”

ရဲအရာရှိက တိတ်တဆိတ် နားထောင်နေသည်။

“ဟိုးတုန်းက ဒီနေရာမှာ ‘Big Joe’ Brady စားသောက်ဆိုင် ရှိခဲ့တယ်ဗျ” ဟု ထိုလူက ဆက်ပြောသည်။

“ငါးနှစ်လောက်အထိတော့ ရှိသေးတယ်။ နောက်မှ ဖြိုပစ်လိုက်တာ” ဟု ရဲအရာရှိက ပြန်ဖြေသည်။

တံခါးဝမှာ ရပ်နေသောလူက မီးခြစ်ကို ခြစ်လိုက်ရာ မီးရောင်က သူ့မျက်နှာပေါ် လင်းလက်သွားသည်။

မျက်နှာက ဖြူဖျော့ဖျော့၊ မေးရိုးက တင်းတိမ်ပြီး မျက်လုံးတွေက စူးရှလှသည်။ ညာဘက်မျက်ခုံးနားမှာ

အမာရွတ်လေးတခု ရှိနေပြီး လည်စည်းမှာ စိန်တုံးကြီးတတုံး ပန်ထားသည်။

“လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ဒီလိုညမျိုးပါပဲ” ဟု သူက ပြောသည်။ “ဒီနေရာက စားသောက်ဆိုင်ထဲမှာ

ကျွန်တော်နဲ့ အချစ်ဆုံးသူငယ်ချင်း ဂျင်မီဝဲလ်စ် နောက်ဆုံးအကြိမ် ညစာစားခဲ့ကြတယ်။ ကျွန်တော့်အသက်

ဆယ့်ရှစ်နှစ်၊ သူ့အသက် နှစ်ဆယ်။ နောက်တနေ့ မနက်ကျတော့ ကျွန်တော် အနောက်ဘက်ကို ထွက်သွားခဲ့တယ် —

ကံစမ်းဖို့၊ ငွေရှာဖို့။ ဂျင်မီကိုတော့ နယူးယောက်ကနေ ခွဲထုတ်လို့မရဘူး။ သူ့အတွက် ဒီမြို့က ကမ္ဘာပေါ်မှာ

အကောင်းဆုံးနေရာပဲ။

အဲဒီညက ကျွန်တော်တို့ ကတိထားခဲ့ကြတယ်။ ဘယ်လိုအခြေအနေဖြစ်ဖြစ်၊ ဘယ်လောက်ဝေးဝေးကွာကွာ

ဖြစ်နေပါစေ — အနှစ်နှစ်ဆယ်ပြည့်တဲ့နေ့မှာ ဒီအချိန်၊ ဒီနေရာမှာ ပြန်ဆုံကြမယ်လို့။”

“အချိန်တော်တော်ကြာတာပဲ” ဟု ရဲအရာရှိက ပြောသည်။ “ဒီအချိန်အတွင်း သူ့ဆီက ဘာမှ မကြားရဘူးလား?”

“အစပိုင်းတော့ စာတွေလာသွားကြတယ်။ ဒါပေမယ့် တနှစ်နှစ်နှစ်လောက်ကြာတော့ အဆက်အသွယ် ပြတ်သွားတယ်။

ကျွန်တော်ကလည်း အနောက်ဘက်မှာ အလုပ်တွေ၊ စီးပွားရေးတွေနဲ့ ရှုပ်နေခဲ့တာကိုး။ ဒါပေမယ့် ဂျင်မီသာ

အသက်ရှင်နေသေးရင် ဒီနေရာကို ရောက်လာမှာ သေချာတယ်။ သူက ကတိတည်တဲ့လူ။ ဒီလိုချိန်းထားတာကို

ဘယ်တော့မှ မမေ့နိုင်ဘူး။”

သူက လက်ပတ်နာရီကို ထုတ်ကြည့်လိုက်သည်။

“ဆယ်နာရီထိုးဖို့ သုံးမိနစ်လိုသေးတယ်။ အဲဒီညတုန်းက ကျွန်တော်တို့ လမ်းခွဲခဲ့တာ ဆယ်နာရီတိတိပဲ။”

“အနောက်ဘက်မှာ အောင်မြင်ခဲ့ပုံပဲ” ဟု ရဲအရာရှိက ဆိုသည်။

“အောင်မြင်ခဲ့တယ်ဗျ။ ဂျင်မီလည်း အဆင်ပြေနေလိမ့်မယ်လို့ မျှော်လင့်တယ်။ သူက တည်ငြိမ်တဲ့လူ။

ကျွန်တော်ကတော့ ရှေ့တိုးဖို့ အပြိုင်အဆိုင်တွေကြားမှာ ကြိုးစားခဲ့ရတယ်။ နယူးယောက်က လူကို

သက်တောင့်သက်သာဖြစ်အောင် လုပ်ပေးပေမယ့် အနောက်ဘက်ကတော့ လူကို ခပ်ထက်ထက်

ဖြစ်လာအောင် သင်ပေးတယ်။”

ရဲအရာရှိက နံပါတ်တုတ်ကို လှည့်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

“ကောင်းပါပြီ။ ခင်ဗျားသူငယ်ချင်း အချိန်မီ ရောက်လာပါစေလို့ ဆုတောင်းပါတယ်။”

“သူလာမှာပါ။ သူအသက်ရှင်နေသရွေ့တော့ လာမှာပဲ။ အနည်းဆုံး နာရီဝက်လောက်တော့ ကျွန်တော် စောင့်မယ်။”

ရဲအရာရှိသည် “ကောင်းသောညပါ” ဟု ဆိုကာ လမ်းတလျှောက် ဆိုင်တံခါးတွေကို ဆက်စစ်ရင်း ထွက်သွားသည်။

မိုးဖွဲက ပိုသည်းလာသည်။ လေကလည်း ပိုအေးလာသည်။ ခပ်ရှားရှား သွားလာနေသူတွေက

ကုတ်အင်္ကျီကော်လာကို ထောင်ပြီး လက်တွေကို အိတ်ကပ်ထဲ ထည့်ကာ အမြန်ဖြတ်သန်းသွားကြသည်။

သို့သော် ဟာ့ဒ်ဝဲဆိုင်တံခါးဝရှေ့က လူကတော့ မရွေ့မလျား စောင့်နေဆဲဖြစ်သည်။

မိနစ်နှစ်ဆယ်ခန့် ကြာပြီးနောက် ကုတ်အင်္ကျီရှည်ဝတ်ထားသော အရပ်ရှည်ရှည် လူတယောက်

လမ်းဖက်တဖက်မှ အမြန်လျှောက်လာသည်။ သူသည် တံခါးဝရှေ့က လူဆီ တည့်တည့်လျှောက်လာပြီး

သံသယအနည်းငယ်ဖြင့် မေးလိုက်သည်။

“ဘော့ဘ်... မင်းလား?”

“ဂျင်မီဝဲလ်စ်... မင်းလား?” ဟု စောင့်နေသူက ဝမ်းသာအားရ အော်လိုက်သည်။

“ဘော့ဘ်ပဲကိုး” ဟု လူသစ်က ပြောကာ သူ့လက်ကို ခိုင်ခိုင်ဆုပ်ကိုင်လိုက်သည်။ “မင်း အသက်ရှင်နေသေးပြီး

ဒီနေရာကို လာမယ်ဆိုတာ ငါ ယုံကြည်ထားတယ်။ အနှစ်နှစ်ဆယ်ဆိုတာ တော်တော်မနည်းဘူးနော်။”

“ဟုတ်တာပေါ့။ အနောက်ဘက်မှာ ငါလိုချင်တာတွေ အကုန်ရခဲ့တယ်” ဟု ဘော့ဘ်က ပြောသည်။

“ဒါပေမယ့် ဂျင်မီ၊ မင်း တော်တော် ပြောင်းသွားတယ်။ အရပ်တောင် ပိုရှည်လာသေးတယ်။”

“အသက်နှစ်ဆယ်ကျော်မှ နည်းနည်း ထပ်ရှည်လာတာပါ” ဟု အခြားသူက ပြောသည်။

“နယူးယောက်မှာ အဆင်ပြေရဲ့လား?”

“ပြေပါတယ်။ မြို့တော်ဌာနတခုမှာ အလုပ်လုပ်နေတယ်။ လာပါ၊ ဘော့ဘ်။ တနေရာရာသွားပြီး

အတိတ်ကို အေးအေးဆေးဆေး ပြောကြရအောင်။”

သူတို့နှစ်ယောက် လက်ချင်းချိတ်၍ လမ်းမပေါ် လျှောက်လာကြသည်။ ဘော့ဘ်က သူ၏

အောင်မြင်မှုများကို ဂုဏ်ယူဝင့်ကြွားစွာ ပြောနေပြီး၊ အဖော်ကတော့ စိတ်ဝင်တစား နားထောင်နေသည်။

လမ်းထောင့်ရှိ ဆေးဆိုင်တဆိုင်၏ မီးရောင်အောက်သို့ ရောက်သောအခါ သူတို့နှစ်ယောက် တဦးကိုတဦး

မျက်နှာချင်းဆိုင် ကြည့်မိကြသည်။ ချက်ချင်းပင် ဘော့ဘ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက

ရုတ်တရက် လက်ကို ဆွဲလွှတ်လိုက်သည်။

“မင်း ဂျင်မီဝဲလ်စ် မဟုတ်ဘူး” ဟု သူက ခပ်ပြတ်ပြတ် ပြောသည်။ “အနှစ်နှစ်ဆယ်ဆိုတာ ကြာတယ်ဆိုပေမယ့်

လူတယောက်ရဲ့ နှာခေါင်းပုံစံကိုတော့ မပြောင်းနိုင်ဘူး။”

“ဒါပေမယ့် အဲဒီအချိန်အတွင်း လူကောင်းတယောက်ကို လူဆိုးတယောက် ဖြစ်သွားစေတော့ နိုင်တယ်” ဟု

အရပ်ရှည်လူက တည်ငြိမ်စွာ ပြန်ပြောသည်။ “Silky Bob, မင်းကို ဖမ်းဖို့ အမိန့် ထုတ်ထားပြီးသား။ ချီကာဂိုက

ရဲတွေက မင်းဒီဘက်ကို လာနေတယ်ဆိုတာ သတင်းပို့ထားတယ်။ အခုတော့ ငြိမ်ငြိမ်သက်သက် လိုက်ခဲ့တာ

ပိုကောင်းမယ်။ ဒါပေမယ့် မင်းမသွားခင် ဖတ်ဖို့ စာတစောင် ရှိတယ်။ ကင်းလှည့်ရဲအရာရှိ ဝဲလ်စ် ပေးခိုင်းလိုက်တာပါ။”

ဘော့ဘ်က စာရွက်ကို ဖြန့်ဖတ်လိုက်သည်။ အစပိုင်းမှာ သူ့လက်က တည်ငြိမ်နေသော်လည်း စာဆုံးအောင်

ဖတ်ပြီးချိန်တွင် အနည်းငယ် တုန်ယင်သွားသည်။

စာထဲမှာ —

“ဘော့ဘ် —
ငါ ချိန်းထားတဲ့နေရာကို အချိန်မှန် ရောက်လာခဲ့တယ်။ မင်း စီးကရက်မီးညှိလိုက်တဲ့အခါ မီးရောင်အောက်မှာ ချီကာဂိုရဲတွေ အလိုရှိနေတဲ့ လူရဲ့မျက်နှာကို ငါ မြင်လိုက်ရတယ်။ မင်းကို ကိုယ်တိုင် ဖမ်းဖို့တော့ ငါ မလုပ်နိုင်ဘူး။ ဒါကြောင့် အရပ်ဝတ်ရဲတယောက်ကို မင်းဆီ လွှတ်လိုက်တာပါ။
— ဂျင်မီ”

Comments

Popular posts from this blog