ခေတ်သစ်ရင်ခုန်သံ - အချစ်ပုံပြင်ငယ်လေးများ (New York Times)

သူမ ဘယ်သောအခါမှ မေ့လျော့မည်မဟုတ်သော ဘာသာစကား

ညတာ ရှည်လာလေလေ... “မေ့လျော့ခြင်းဝေဒနာ” (Dementia) က အဘွား ဂျိုးဆက်ဖီနာရဲ့ မှတ်ဉာဏ်ထဲက အင်္ဂလိပ်စကားလုံးတွေကို တစတစ ဝါးမြိုပစ်လေပါပဲ။

ပြီးခဲ့တဲ့ အပတ်ကတော့ အဘွားဆီက ထွက်လာတဲ့ “ငါ နင့်ကို ချစ်တယ်” (I love you) ဆိုတဲ့ စကားလုံးဟာ “Main tumse pyar karti hoon” ဆိုတဲ့ အသံအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ကျွန်မ နားမလည်ခဲ့ဘူး။ ကျွန်မ နားမလည်လေ အဘွားက စိတ်ပျက်လက်ပျက်နဲ့ အဲဒီစကားကိုပဲ ထပ်ခါတလဲလဲ ပြောနေခဲ့လေပါပဲ။ နောက်ဆုံး ပနားမားက ကျွန်မတို့အိမ် မီးဖိုချောင်ထဲကနေ အမေက လှမ်းပြီး ဘာသာပြန်ပေးလိုက်မှ သိရတော့တယ်—အဲဒါ “ဟင်ဒီ” ဘာသာစကားတဲ့။

တနိုင်ငံကနေ တနိုင်ငံ ပြောင်းရွှေ့အခြေချတာတွေ၊ မုဆိုးမဘဝနဲ့ ဖြတ်သန်းခဲ့ရတာတွေ၊ နောက်ပြီး ခုလို နာမကျန်းဖြစ်တာတွေ... ဒါတွေအားလုံး မတိုင်ခင်က အဘွားရဲ့ ကလေးဘဝမှာ ပြောဆိုခဲ့တဲ့ မိခင်ဘာသာစကားပေါ့။

အခုတော့ ကျွန်မလည်း YouTube ကနေ အနိုင်နိုင် သင်ထားရတဲ့ ဟင်ဒီစကားလုံးလေးတွေနဲ့ အဘွားကို ပြန်ထူးတတ်နေပြီ။ ကျွန်မရဲ့ အသံထွက်တွေကတော့ တော်တော်လေးကို နားမခံသာအောင် ဆိုးရွားလှပါတယ်။ ဒါပေမဲ့ အဘွားကတော့ အရင်အတိုင်း ပြုံးနေဆဲပါပဲ။

တကယ်တော့... “အချစ်” ဆိုတာ ဘာသာပြန်ဆိုဖို့ မလိုအပ်တဲ့ တခုတည်းသော ဘာသာစကား ဖြစ်နေလို့နေမှာပါ။

အာဂျီလီယာ ဆာလ်မွန် (Argelia Salmon)

original source

 https://www.nytimes.com/2026/04/08/style/tiny-modern-love-stories-oh-to-be-loved-like-that.html?smid=url-share

Comments

Popular posts from this blog