မုန်းစေချင်ခဲ့သော စေတနာ (A Kindness That Wanted To Be Hated)
မုန်းစေချင်ခဲ့သော စေတနာ (A Kindness That Wanted To Be Hated)
ဘာသာပြန် ဝတ္ထု တို
ကျွန်မ အသက် ၆၅ နှစ်ရှိပါပြီ။
လွန်ခဲ့တဲ့ ငါးနှစ်က ၃၇ နှစ်ကြာ လက်တွဲခဲ့တဲ့ ကျွန်မရဲ့ခင်ပွန်းဟာ ကျွန်မကို ကွာရှင်းခဲ့တယ်။ မျက်ရည်လည်း မကျဘူး၊ ရန်လည်း မဖြစ်ခဲ့ဘူး။ စာရွက်စာတမ်းတွေ၊ တိတ်ဆိတ်မှုတွေနဲ့... အေးစက်တဲ့ နှုတ်ဆက်စကား တခွန်းပဲ ရှိခဲ့တယ်။
သူ ထွက်မသွားခင်မှာ ကျွန်မလက်ထဲကို ဘဏ်ကတ်တစ်ခု ထည့်ပေးခဲ့ပြီး ပြောတယ်- "ဒီထဲမှာ ဒေါ်လာ ၃၀၀ လောက်ရှိတယ်။ မင်းအတွက် အထောက်အကူ ဖြစ်မှာပါ။"
ဒေါ်လာ သုံးရာ။ ကျွန်မတို့ရဲ့ အိမ်ထောင်ရေး တခုလုံးဟာ သူ့အတွက် အဲဒီလောက်ပဲ တန်ဖိုးရှိခဲ့တာပေါ့။
အဲဒီကတ်ကို ကျွန်မ တခါမှ မသုံးခဲ့ဘူး။ တကြိမ်တခါလေးတောင်မှပါ။ ကျွန်မရဲ့ ဖြစ်တည်မှုဟာ ပယ်ဖျက်ခံလိုက်ရပြီဆိုတာကို သတိရစေတဲ့ အရာတစ်ခုအဖြစ် အံဆွဲထဲမှာပဲ မြှုပ်နှံထားခဲ့တယ်။
ငါးနှစ်လုံးလုံး ကျွန်မ အသက်ရှင်ဖို့ ခက်ခဲစွာ ရုန်းကန်ခဲ့ရတယ်။ အခန်းကျဉ်းလေး တခန်း ငှားနေပြီး၊ နေမထွက်ခင် ရုံးခန်းတွေကို သန့်ရှင်းရေးလုပ်တယ်၊ ထမင်းနပ်မှန်အောင် မစားနိုင်ခဲ့ဘူး၊ ခန္ဓာကိုယ်ထဲက အရိုးတွေ နာကျင်တဲ့ ဝေဒနာနဲ့ပဲ နေထိုင်ခဲ့ရတယ်။
အဲဒီနောက် တနေ့မှာတော့ ကျွန်မရဲ့ ခန္ဓာကိုယ်က ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။ အိမ်ရှေ့မှာတင် ကျွန်မ လဲကျသွားခဲ့ပြီး... ဆေးရုံကုတင်ပေါ်မှာ နိုးလာခဲ့တယ်။ ဆရာဝန်က ကျွန်မမှာ အာဟာရချို့တဲ့နေပြီး အရေးပေါ် အကူအညီ လိုအပ်တယ်လို့ ပြောပါတယ်။
ဒါနဲ့ နောက်တနေ့ မနက်မှာတော့ ရှက်စိတ်ကြောင့် တုန်ယင်နေတဲ့ လက်တွေနဲ့ ဘဏ်ကို သွားခဲ့တယ်။ ဘဏ်ကောင်တာပေါ်ကို အဲဒီကတ်လေး တင်ပေးလိုက်ပြီး... "ဒီထဲမှာရှိတဲ့ ပိုက်ဆံအားလုံးကို ထုတ်ချင်လို့ပါ" လို့ တိုးတိုးလေး ပြောလိုက်တယ်။
ဘဏ်ဝန်ထမ်းမလေးက ကွန်ပျူတာစခရင်ကို အကြာကြီး စိုက်ကြည့်နေတယ်။ ပြီးတော့ မျက်နှာဖြူလျော့သွားပြီး ကျွန်မကို မော့ကြည့်လာတယ်။ "အန်တီ..." သူက သတိထားပြီး ပြောတယ်။ "ဒါက ဒေါ်လာ ၃၀၀ မဟုတ်ဘူးရှင့်။" သူက စခရင်ကို ကျွန်မဘက် လှည့်ပြလိုက်တယ်။
အဲဒီက ဂဏန်းတွေကို မြင်လိုက်ရတဲ့အချိန်မှာ ကျွန်မ ဒူးတွေတောင် တုန်သွားခဲ့တယ်- ဒေါ်လာ ၉၈၇,၀၀၀။
ဒေါ်လာ တသန်းနီးပါး။ ငါးနှစ်လုံးလုံး လတိုင်း လတိုင်း... တစုံတယောက်က ဒီအကောင့်ထဲကို ငွေတွေ ထည့်ပေးနေခဲ့တာ။ ပေးပို့သူရဲ့ နာမည်ကို မြင်လိုက်ရတဲ့အခါ ကျွန်မရဲ့ သွေးတွေတောင် အေးစက်သွားသလို ခံစားလိုက်ရတယ်- ပက်ထရစ် မီလာ (Patrick Miller)။ ကျွန်မရဲ့ ခင်ပွန်းဟောင်း။
အဲဒီညက ကျွန်မ အိပ်လို့မပျော်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ရုတ်တရက်ဆိုသလို... ဒီကွာရှင်းမှုဟာ ကျွန်မဘဝရဲ့ အဆုံးသတ် မဟုတ်တော့ဘဲ ကျွန်မ တခါမှ မသိခဲ့ရတဲ့ လျှို့ဝှက်ချက်တစ်ခုရဲ့ အစလို ဖြစ်လာလို့ပါပဲ။
နောက်တနေ့ မနက်မှာတော့ အဖြေတစ်ခု သိရဖို့ သူ့ညီမအိမ်ကို ကားမောင်းသွားခဲ့တယ်။ သူ တံခါးဖွင့်ပေးလို့ ကျွန်မကို မြင်လိုက်ရတဲ့အခါ မျက်နှာ ချက်ချင်း ပျက်သွားတယ်။ ပြီးတော့ တိုးတိုးလေး ပြောတယ်- "မင်း ဘယ်တော့မှ ဒါကို သိသွားမလဲလို့ ငါ တွေးနေခဲ့တာ..."
ကျွန်မ ရှေ့တိုးလိုက်ပြီး- "ဘာကို သိရမှာလဲ?"
သူ ဘာမှ ပြန်မဖြေဘဲ...
ကျွန်မဘဝရဲ့ အဆုံးသတ်လို့ ထင်ခဲ့တဲ့အရာဟာ... တကယ်တော့ သူ ကျွန်မကို ဘယ်တော့မှ မသိစေချင်တဲ့ အမှန်တရားတစ်ခုရဲ့ အစပဲ ဖြစ်နေခဲ့တယ်။
သူ ဘာမှ ပြန်မဖြေဘဲ ဘေးကို ဖယ်ပေးပြီး ကျွန်မကို အထဲဝင်ခွင့် ပေးလိုက်တယ်။ အိမ်ကြီးက တမျိုးကြီး ဖြစ်နေတယ်... ကျွန်မ မှတ်မိတာထက် ပိုတိတ်ဆိတ်နေတယ်။ အထဲမှာ တစ်ခုခု အဆုံးသတ်သွားသလိုမျိုး။
"ထိုင်ပါဦး" လို့ သူက တိုးတိုးလေး ပြောတယ်။
ကျွန်မ မထိုင်နိုင်ဘူး။ ကျွန်မ လက်တွေ တုန်နေတယ်။ "ဘာတွေ ဖြစ်နေတာလဲဆိုတာ ပြောပြပါ။ သူ ဘာလို့ ကျွန်မကို ပိုက်ဆံတွေ ပို့နေတာလဲ? ဘာလို့ တခုခု မပြောခဲ့တာလဲ?"
သူ ကျွန်မကို အကြာကြီး စိုက်ကြည့်နေတယ်၊ သူ့မျက်လုံးတွေထဲမှာ အပြစ်ရှိသလို ခံစားနေရတဲ့ အရိပ်အယောင်တွေ ပြည့်နေတယ်။ "ဘာလို့လဲဆိုတော့ သူ ပြောလို့ မဖြစ်လို့ပါ" လို့ သူက တိုးတိုးလေး ပြောတယ်။
ရင်ဘတ်ထဲမှာ အေးစက်တဲ့ အလေးကြီးတစ်ခု လာဖိထားသလို ခံစားလိုက်ရတယ်။ "တခုခု… အဲဒါက ဘာကို ဆိုလိုတာလဲ?"
သူ အခက်ခဲဆုံး မျိုချလိုက်ပြီး- "သူ ဆုံးသွားပြီ။ လွန်ခဲ့တဲ့ ငါးနှစ်က။ ကွာရှင်းပြီး နှစ်ပတ်အကြာမှာပဲ။"
ကမ္ဘာကြီး တခုလုံး ချာချာလည်သွားသလိုပဲ။ "မဟုတ်ဘူး၊" ကျွန်မ ချက်ချင်း ငြင်းလိုက်တယ်။ "အဲဒါ မဖြစ်နိုင်ဘူး။ ကျွန်မ သူ့နာမည်ကို မြင်ခဲ့တယ်။ လတိုင်း ပိုက်ဆံတွေ ဝင်နေတာ—"
"သူ မဆုံးခင်ကတည်းက စီစဉ်ထားခဲ့တာပါ" လို့ သူက မြန်မြန် ပြောတယ်။ "အလိုအလျောက် ငွေလွှဲပေးတဲ့စနစ် (Automatic transfers) နဲ့ပေါ့။ မင်းကို မပြောဖို့လည်း ငါ့ကို ကတိတောင်းခဲ့တယ်။"
ကျွန်မ သူ့ကို ငေးကြည့်နေမိတယ်၊ ဦးနှောက်က ဘာကိုမှ လက်မခံနိုင်သေးဘူး။ "သူ ဘာလို့ အဲဒီလို လုပ်ခဲ့တာလဲ? ကျွန်မဟာ ဘာမှ တန်ဖိုးမရှိတဲ့ လူတယောက်လို ခံစားရအောင် ဘာလို့ ဒီလို ထားခဲ့ရတာလဲ?"
အခုတော့ သူ့ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာပြီ။ "ဘာလို့လဲဆိုတော့ သူ သေသွားတာကို မင်းကို ကြည့်ခိုင်းရတာထက်၊ မင်းက သူ့ကို မုန်းနေတာက ပိုလွယ်ကူလိမ့်မယ်လို့ သူ ထင်ခဲ့လို့ပဲ။"
ကျွန်မ အသက်ရှူဖို့တောင် မေ့သွားသလို ခံစားလိုက်ရတယ်။
"သူ နေမကောင်းဖြစ်နေတာ" လို့ သူက ဆက်ပြောတယ်။ "အရမ်းကို အခြေအနေ ဆိုးနေတာ။ ကင်ဆာလေ။ သူ သိလိုက်ရတဲ့ အချိန်မှာ အရမ်း နောက်ကျနေပြီ။ မင်းရဲ့ နောက်ဆုံး ပုံရိပ်တွေကို ဆေးရုံတွေမှာပဲ ကုန်ဆုံးမသွားစေချင်ဘူး... သူ မရှိတော့ခင်ကတည်းက မင်းကို ဝမ်းနည်း ပူဆွေးမနေစေချင်ခဲ့ဘူး။"
ကျွန်မရဲ့ ရင်ထဲမှာ တခုခု အက်ကွဲသွားသလို ခံစားလိုက်ရတယ်။
"သူ မင်းကို ချစ်တယ်၊" သူက ပြောတယ်။ "အရာအားလုံးထက် ပိုချစ်တာ။ အဲဒီပိုက်ဆံတွေက... သူ့မှာ ရှိသမျှ အရာအားလုံးပဲ။ ကိုယ့်လုပ်ငန်းတွေကို ရောင်းခဲ့တယ်၊ အမွေရခဲ့တဲ့ အိမ်ကို ရောင်းခဲ့တယ်၊ အားလုံးပဲ။ မင်း အဆင်ပြေသွားဖို့ ကိုယ် သေချာ စီစဉ်ခဲ့တာ။ ဒါပေမဲ့ မင်း အမှန်တရားကို သိသွားရင်... မင်း မသွားဘဲ ကိုယ့်နားမှာပဲ နေမှာကို ကိုယ် သိတယ်။ ကိုယ်ကတော့ မင်းကို အဲဒီလို ဒုက္ခမပေးချင်ဘူး။"
ကျွန်မ အနားက ကုလားထိုင်ပေါ်ကို ပုံရက်သား လဲကျသွားခဲ့တယ်။ "ဒီနှစ်တွေ တလျှောက်လုံး..." ကျွန်မ တိုးတိုးလေး ပြောမိတယ်။ "ကျွန်မက သူ့အတွက် ဘာမှ မဟုတ်ဘူးလို့ ထင်နေခဲ့တာ။"
"မင်းက ကိုယ့်အတွက် အရာအားလုံးပဲ၊" သူက ညင်သာစွာ ပြောတယ်။ "အဲဒါကပဲ ပြဿနာပေါ့။"
အခန်းထဲမှာ လေးလံလှတဲ့ တိတ်ဆိတ်မှုတွေ ဖုံးလွှမ်းသွားတယ်။ ခဏကြာတော့ သူ ထရပ်ပြီး ဗီရိုလေးဆီ သွားတယ်။ အဲဒီထဲက ဟောင်းနွမ်းနေတဲ့ စာအိတ်လေး တအိတ် ထုတ်လာတယ်။
"ဒါကို မင်း သိသွားတဲ့ အခါကျမှပဲ ပေးပါလို့ သူ မှာခဲ့တယ်"
ကျွန်မ လက်တွေ တုန်တုန်ယင်ယင်နဲ့ ယူလိုက်တယ်။ စာအိတ်အရှေ့မှာ သူ့လက်ရေးနဲ့ ကျွန်မနာမည်ကို ရေးထားတယ်။ ကျွန်မ ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တယ်။ အထဲမှာ စာတစောင် ရှိနေတယ်-
ကိုယ့်ရဲ့ အချစ်၊
မင်း ဒီစာကို ဖတ်နေရပြီဆိုရင်၊ အမှန်တရားကို မင်း သိသွားပြီလို့ ဆိုလိုတာပေါ့။ အရာအားလုံးအတွက် ကိုယ် တောင်းပန်ပါတယ်။ တိတ်ဆိတ်နေခဲ့တာတွေအတွက်ရော၊ ကိုယ် ထွက်သွားခဲ့တဲ့ ပုံစံအတွက်ရော၊ မင်းရဲ့ တန်ဖိုးက ဒေါ်လာ သုံးရာပဲ ရှိတယ်လို့ ထင်အောင် လုပ်ခဲ့မိတာအတွက်ပါ... တောင်းပန်ပါတယ်။
မင်းဟာ ကိုယ့်ရဲ့ ဘဝတခုလုံးစာ တန်ဖိုးရှိပါတယ်။
မင်းနဲ့ ထိုက်တန်တဲ့ ပုံစံမျိုးနဲ့ မင်းကို ချစ်ပေးဖို့ ကိုယ့်မှာ အချိန် မကျန်တော့လို့ပါ။
ဒါကြောင့် မင်းရဲ့ နှလုံးသားကို ခွဲရမယ်ဆိုရင်တောင်... မင်းကို ကာကွယ်ပေးနိုင်မယ့် တခုတည်းသော နည်းလမ်းကို ကိုယ် ရွေးချယ်ခဲ့ပါတယ်။
ကျေးဇူးပြုပြီး ကျန်ရှိတဲ့ မင်းရဲ့ ဘဝမှာ ကိုယ့်ကို မုန်းပြီး အချိန်မဖြုန်းပါနဲ့။
အသက်ရှင်လိုက်ပါ။ အပြည့်အဝ၊ လွတ်လွတ်လပ်လပ်... ကိုယ် ရှိနေပြီး မြင်ချင်ခဲ့တဲ့အတိုင်းပေါ့။
ကိုယ် မင်းကို ၃၇ နှစ်လုံးလုံး ချစ်ခဲ့တယ်... နောက်ထပ် ဘာတွေပဲ ဖြစ်လာပါစေ ဆက်ပြီး ချစ်နေဦးမှာပါ။
— ပီ (P.)
စာအဆုံးကို ရောက်တဲ့အခါမှာတော့ ကျွန်မ မျက်ရည်တွေကြောင့် ဘာကိုမှ မမြင်နိုင်တော့ဘူး။ ငါးနှစ်လုံးလုံး ကျွန်မဟာ စွန့်ပစ်ခံရသူတယောက်ဆိုတဲ့ အလေးကြီးကို ထမ်းပိုးခဲ့ရတယ်။ ဒါပေမဲ့ ဒီအခိုက်အတန့်မှာတော့... အဲဒီအရာဟာ တခြားတခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ။
အပယ်ခံရခြင်း မဟုတ်ဘဲ။
တိတ်ဆိတ်တဲ့၊ နာကျင်စရာကောင်းတဲ့... သူ ပေးနိုင်တဲ့ တခုတည်းသော နည်းလမ်းနဲ့ ဝှက်ထားခဲ့တဲ့ အချစ်စစ်ပါပဲ။ အဲဒီညက နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ကျွန်မရဲ့ စိတ်ထဲမှာ ဟာလာဟင်းလင်း မဖြစ်တော့ဘူး။
ကျွန်မဟာ... တစုံတယောက်ရဲ့ အမှတ်ရခြင်းကို ခံရသူတယောက်အဖြစ် ခံစားလိုက်ရပါတော့တယ်။
Comments
Post a Comment