အီရန် စစ် ပွဲ မှာ တခါတလေ လေသနတ် ပစ် နေတာ ကို ဖတ်မိရင်း မြန်မာ့ ရာဇဝင် ထဲ က လေသနတ် ပစ်ပွဲ ကို ဖတ်ဘို့ ရွှေဘိုမိမိကြီး ရေးသားခဲ့တဲ့ ဆောင်းပါးကို တင်ဆက်ပေးလိုက်ပါတယ်
ဗုဒ္ဓေါ ဗုဒ္ဓေါ အိုးတုတ်နှင့် မျှော
ငွေတာရီမဂ္ဂဇင်း (၁၉၈၆ ဇူလိုင်လ)
ရွှေဘိုမိမိကြီး
ဗုဒ္ဓေါ ဗုဒ္ဓေါ အိုးတုတ်နှင့် မျှော ဟူသည်မှာ တဘောင် စကားတခု ဖြစ်ပါသည်။ ယင်းစကား၏ မူလနှင့် ဇာစ်မြစ်ကို တင်ပြလိုပါသည်။
အချိန်ကာလ ၁၂၁၄-ခုနှစ်၊ ဒေသကား အမရပူရ မြို့တော်၊ စိုးစံလျှက်ရှိသော မင်းကား ပုဂံမင်းဖြစ်ပါသည်။ ပုဂံမင်းကား ကုန်းဘောင်ဆက် မင်းပေါင်း ၁၁-ဆက်တွင် ၉-ဆက်မြောက် မင်းဖြစ်ပါသည်။
သက်တော် ၃၅-နှစ်အထိ အိမ်တော်စံ မင်းသားဘဝတွင် လည်းကောင်း၊ ၁၂၀၈-ခုနှစ်တွင် ရွှေဘိုမင်း၏ထီးနန်းအရိုက်အရာကို ဆက်ခံရရှိပြီး၊ မင်းအဖြစ် ရောက်ပြီးချိန်တွင်လည်းကောင်း ပျော်မှု ပါးမှု ဘက်၌သာ အာရုံထားမြဲ ဖြစ်လေသည်။ ထိုမျှမက ဘိုင်ဆတ် (အမည်ရင်းမဟုတ်) ဆိုသူအား အရေးပါလှသော မြို့ဝန်ရာထူးအထိ ယုံကြည်စွာ ခန့်အပ်ထားခြင်းကြောင့်ယင်းမြို့ဝန်ဆိုးသွမ်းသမျှ တိုင်းပြည်က ခါးစည်း ခံနေကြရတော့သည်။
ပုဂံမင်းကိုယ်တော်တိုင် မြို့ဝန်အပေါ် မျက်နှာသာပေးတော်မူနေခြင်းကြောင့် ဆိုးညစ်မှုအစဉ်းသိပါလျက် လွှတ်တော်အစိုးရအဖွဲ့ဝင်များ အနေဖြင့် ဟုတ်တိုင်းမှန်ရာ မတင်ဝံ့ကြသေးပဲ၊ အကဲကြည့် ခစား နေကြရချိန် ဖြစ်ပါသည်။
ယင်းမြို့ဝန်၏ အပြုအမူ ဆိုးမျိုးကမ်းကုန်မှသာ ပုဂံမင်း ရွှေနားတော် ကြားသိပြီး၊ ၁၂၁၃- ခုနှစ်တိုင်ရောက်မှ ဘိုင်ဆတ်ကို အပေါင်းပါများနှင့်တကွ ကွပ်မျက်ပစ်လိုက်ရလေ၏။ သို့သော် ပြည်သူလူထုကား အရှိန်ရနေသော ဒုက္ခဇာတ်မှ အတောမသတ်နိုင်ကြသေးပါ။ ပုဂံမင်းလည်း အပျော်ကြူး ဆဲပင်တည့်။
ဤသို့လျှင် ရွှေနန်း ရှင်က ပျော်မှုပါးမှုဘက်၌ အချိန်ကုန်နေစဉ် ပုဂံမင်း၏ ခမည်းတူ မယ်တော် ကွဲညီတော်များဖြစ်ကြသော မင်းတုန်းမြို့စား မင်းသားနှင့် ကနောင်မြို့စား မင်းသားတို့ကား မင်းသားတို့ တက်ရိုး အဆင့်ဆင့် တက်လာပြီး၊ လွှတ်တက်မင်းသားကြီးများ အဖြစ် လွှတ်တော်တွင် နိုင်ငံ့တာဝန်ကို ထမ်းဆောင်လျှက် ရှိကြသည်။
မင်းသားတို့ တက်ရိုးအဆင့်ဆင့် ဟူသည်မှာ အရွယ်နှင့် အရည်အချင်းကို လိုက်၍ ပထမ မြင်းမှူး မင်းသား၊ ထို့နောက် မင်းသားလတ်၊ ထို့နောက် လွှတ်တက်မင်းသားကြီး စသဖြင့် အတန်းမြင့်လာခြင်းကို ဆိုလိုသည်။
ထိုသို့ လွှတ်တက် မင်းသားကြီးများ အဆင့်သို့ ရောက်ရှိပြီး မင်းတုန်းနှင့် ကနောင် မင်းသားတို့သည်
ကား နိုင်ငံတာဝန်ကိုလည်း ကျေပွန်သည်။ အကြည်ညိုပျက်စေမည့် အမှုအကျင့်တို့မှလည်း ကင်းစင်သည်ဖြစ်လေရာ မြို့ပြည်သူလူထု၏ ကြည်ညိုလေးစားမှုကို တနေ့တခြား ပိုမို ရရှိလာပေသည်။
ထိုသောအခါ မင်းတုန်းမင်းဘက်မှ ကျေးကျွန်ရင်းများသည် မိမိတို့သခင် ကြီးမြင့်ရေးအတွက် ကိုယ်တတ်နိုင်သလို အားထုတ်ကြသည်နှင့်အမျှ ပုဂံမင်း၏ ကျွန်းတော်ရင်း မင်းမှုထမ်းများကလည်း မိမိတို့ အရှင်သခင် ပလ္လင်ပေါ်၌ တည်မြဲနေရေးကို ကြိုးစား လုပ်ဆောင်ကြရလေ၏။
ဤသို့သော အခြေအနေတွင် ပုဂံမင်းဘက်မှ အာဏာရ မှူးမတ် အချို့တို့က ဆန့်ကျင်ဘက် အုပ်စုနှစ်ခုကို နှိမ်နင်းထားရန်အလို့ငှာ မင်းတုန်းနှင့် ကနောင်တို့အပေါ်တွင် ဥပါယ်တံမျဉ်ဖြင့် ရာဇဝတ်မှုရောက်အောင် အကြံအဖန် ပြုလာကြလေ၏။ ဤအချက်ကို အကွက် မြင်ပြီးသူ မင်းတုန်း၊ ညီနောင်တို့သည် လက်ဦးမှု မခံဘဲ ၁၂၁၄-ခု ပြာသိုလဆန်း ၈-ရက်နေ့တွင် ရနိုင်သမျှသော လက်နက်လူသူတို့ကို စုစည်းကာ မြောက်သား သားသမီးတို့နှင့်တကွ နေပြည်တော် အမရပူရမှ ထွက်လာကြ၏။
နောင်တော် ပုဂံမင်းကို ပုန်ကန်မည့် သူပုန်အဖြစ်လာကြသော မင်းတုန်းညီနောင်တို့သည် ကြွချီခဲ့သည့် ခရီးတလျှောက် အံ့လောက်စရာ အင်အားစုမိကြ၏။ ၅-ရက် အတွင်း ရတနာသိင်္ခ ရွှေဘိုမြို့ကို သိမ်းပိုက်နိုင်ပြီး အခိုင်အလုံ တပ်စွဲ မိကြလေသည်။
ထိုအချိန်ထိုခေတ်က မြန်မာလူမျိုးများ လက်ခံ ယုံကြည်လေ့ရှိကြသော တဘောင် စနည်း စကားများက တခန်း ထလာကြလေပြီ။ တဘောင်နည်းဆိုရာတွင်လည်း ရှေးပဝေသဏီ ကတည်းက အစဉ်အဆက် ပြောစမတ်ပြုလာသောစကား၊ တစုံ တရာ ထူးခြားစွာ ဖြစ်တော့မည်အခိုက် အလိုက်သင့် ပေါ်ထွက်လာသောစကား၊ စသည်ဖြင့် လူထုကြားတွင် ထင်ရှား တွင်ကျယ် လာတတ်ကြသော စကားများ ဟူ၍ အမျိုးအစား ကွဲပါသေးသည်။
အလိုအလျောက်တွင်ကျယ်ထင်ရှားလာသော တဘောင်စကားကဲ့သို့ မိမိတို့ဆန္ဒရှိရာ ချီးမြောက်စေလိုသောကြောင့် သို့မဟုတ် နာမ်နှိမ်စေလိုသောကြောင့် တမင် တီထွင်ထုတ်လွှင့်လိုက်သော တဘောင်စကား အတုများကလည်း ရှိပါသေးသည်။ မည်သို့ပင်ဖြစ်စေ သူ့အကြောင်းနှင့်သူ အကျိုးတရားကတော့ နည်းများမဟူ ထင်သည်ချည်းပင်။
ကုန်းဘောင်မင်းဆက်ကို စတင်တည်ထောင်ခဲ့သော အလောင်းဘုရားလက်ထက် အရေးတော်ပုံကာလကလည်း ပြည်သူကြားတွင် တဘောင်များ ညံနေအောင် ပြောခဲ့ကြပေသည်။ အလောင်းဘုရားအား ချီးပင့်သော တဘောင်စကားအနက် တခုမှာ ‘မုဆိုးဖို အလိုလိုနေယင်း ဘုန်းတောက်သည့်မင်း’ ဟူ၏။ ထိုတဘောင်သံကို တုံ့ပြန်လိုသော အလောင်းဘုရား၏ ဆန့်ကျင်ဘက် ရန်သူများက ယင်းစကားကို ကျေအောင်ချေသည့်အနေဖြင့် နောက်တပိုဒ် ဆက်၍ပြောပြန်သည်မှာ-
‘နတ်တော်ပြာသို နှင်းစိုစို ဖားလို ပေါင်းစင်း သေရမည့်မင်း’ ဟူသတည်း။
ရွှေဘိုမြို့တွင် ရပ်တည်တပ်စွဲကာ နေကြသော မင်းတုန်းညီနောင်တို့နှင့် လက်ရှိ ရွှေနန်းရှင် ပုဂံမင်းတို့ မည်သည့်ဘက်တော်မှ အောင်မည်ရှုံးမည်ကိုမသိနိုင်သေးသော လောလောဆယ် အချိန်တွင် မြန်မာ့ရိုးရာ တဘောင်သံများ သောသောညံအောင် ပေါ်ပေါက် လာသည်။
ထိုအခါက မင်းတုန်းမင်းသားအတွက် ရည်ညွှန်းသော တဘောင်စကားများမှာ ‘ဗုဒ္ဓေါ ဗုဒ္ဓေါ အိုးတုတ် နှင့် မျှော’ နှင့် ‘မင်းတုန်းဆိုလည်း တုံးလတ္တံ့၊ မင်းသုဥ်းဆိုလည်း သုဥ်းလှတ္တံ့’ ဟူ၏။ ပထမစကား၏ ဆိုလိုရင်းမှာ ရတနာသုံးပါး ကြည်ညိုလေ့ရှိပြီး ဗုဒ္ဓေါ ဗုဒ္ဓေါ ရွတ်ဆိုကာ စိပ်ပုတီး စိပ်လေ့ရှိသော မင်းတုန်းမင်းသားကို အိုးတုတ်ဖြင့် မျှောလိမ့်မည် ဟု ဖြစ်လေသည်။ အနည်းငယ်ရှင်းရန် ရှိသည်မှာ နန်းတွင်း အစဉ်အလာအရ ရာဇဝတ် သင့်သော မင်းသွေးဟူက အဆုံးစီရင်ပြီးလျှင် ဧရာမ အိုးစည်တွင် ထည့်သွင်း ခဲဆွဲလျက် မြစ်လယ်တွင် ချပြီး ဖျောက်ဖျက်ရမြဲဖြစ်သည်။ ထို့ကြောင့် မင်းတုန်းမင်းသား အား သတ်တော့ဟု ဆိုခြင်းပင်။
နောက်စကား တခွန်းမှာ မင်းတုန်းဆိုက တုံးလိမ့်မည်၊ မင်းမရှိပြီ၊ မင်းသုဥ်းဆိုက သုဥ်းလိမ့်မည်။ သုဉ်းသုည ဘာမျှမရှိ၊ သို့ဖြစ်လျှင် မင်းတုန်း ဘယ်လိုမှ မင်းမဖြစ်နိုင်ဟု ဆိုလိုခြင်း ဖြစ်၏။
ဤတွင် မင်းတုန်းမင်းသားဘက်က သည်အတိုင်း နေသည်မဟုတ်ပါ။ ပုဂံမင်းအတွက် ရည်ညွှန်းလျက် တဘောင်စကားများ ထုတ်လွှင့်ကာ တုံ့ပြန် ချေပခြင်း ပြုကြလေသည်။ ယင်းတို့မှာ အောက်ပါအတိုင်းပင်။
‘ပုဂံ ပုဂံ တာ တေ လံ’ ဟု ၍ တမျိုး၊ ‘ပုဂံကျောက်ဖြုန်း ဥတလုံး’ ဟူ၍ တနည်း၊ ‘ပုဂံ ဥတလုံး နန်းညွန့်တုံး’ ဟူ၍တဖုံ မျိုးစုံအောင် တဘောင်သံများ ထုတ်လွှင့်ကာ လူထုကြားတွင် ပြန့်ပွားအောင် လှံ့လကြီးစွာ အားထုတ်ကြလေသည်။ နှစ်ဘက်ရင်ဆိုင် လက်နက်ချင်းပြိုင်ပြီး တိုက်ခိုက်ကြသော စစ်ပွဲများ၏ နောက်ကွယ်တွင် စိတ်ဓာတ်စစ်ဆင်ရေးဖြစ်သော ဤပါးစပ်တိုက်ပွဲ၏ ခရီးရောက်မှုကလည်း သေးငယ်လှသည် မဟုတ်ချေ။
အထက်ပါ တဘောင်သံများတွင် ‘ပုဂံ ပုဂံ တာတေလံ’ ဆိုသည်ကား အထူးရှင်းရန် မရှိချေ။ ရာဇ ဣန္ဒြေမရှိ၊ ပေတေနေလေ့ရှိခြင်းကို အပုပ်ချခြင်း ပေတည်း။ နောက်စကား နှစ်ခွန်းကား အနည်းငယ် ရှင်းရန် ရှိသည်။
‘ပုဂံကျောက်ဖြုံး ဥတလုံး’ ဆိုသည့် စကားတွင် ပုဂံမင်း၏ ချွတ်ယွင်းချက်နှစ်မျိုး ပါရှိနေသည်။ ပုဂံမင်း၏ မျက်နှာတော်တွင် ကျောက်ပေါက်မာသက်သက် ထင်နေသည်။ ယင်းသည့်ခေတ်က ကျောက်ရောဂါသည် အလွန်ကြောက်ဖို့ကောင်းလှ၏။ မိန်းကလေးများ ချောသည်ဆိုလျှင် ကျောက်ပေါက်ပြီးပြီလားဟု စူးစမ်းလေ့ရှိသည် ဆို၏။ ဤအထိ ကျောက်ရောဂါ နှိပ်စက်ခံခဲ့ကြရသည်။
ယင်းပုဂံမင်းသားသည် ငယ်ရွယ်စဉ်ကလည်း လှည့်လည် ပျော်ပါး၍သာ နေတတ်သည်။ ထို့ကြောင့် သူ၏မယ်တော် တောင်နန်းမတော် မိဖုရားကြီးက မလိမ္မာသော သားတော်ကို “ဟယ်-ကျောက်ရူးနင်ဟာ အသိတရားလဲ မရှိ၊ ထီးနန်းလိုချင်ရမှန်းလဲမသိ၊ လေဖို့ဘဲ တတ်တယ်၊ သည့်နှယ်ဖြင့် နင့်ကို ဘယ်သူက နန်းပေးချင်မှာတုံး” စသည်ဖြင့် အရပ်သူ ဆင်းရဲသားပြော ပြောကာ အားမလို အားမရ ကြိမ်းမောင်းခဲ့ဖူးသည် ဆို၏။
ဥတလုံး ဆိုသည်မှာကား ပုဂံမင်းသည် ယောက်ျားအင်္ဂါမစုံသော မွေးရာပါ ဥတလုံး ဖြစ်သည်။ ဤအချက်ကို ပြည်သူလူထုက မသိကြပေ။ သို့သော် မင်းတုန်း၊ သီပေါ တို့ကား နန်းတွင်းမှာဖွားသည့် မင်းသားချင်းဖြစ်၍ မဆွကပင် အတွင်းစကား ကြားသိပြီးသား ဖြစ်သည်။ သိပင် သိငြားသော်လည်း ဘယ်အခါမျှ ထုတ်ဖော် မပြောခဲ့ကြချေ။ ပြောရန်အကြောင်းလည်းမရှိ။ ယခုအချိန်မူ ထုတ်ဖော်ရန် အကြောင်းရှိလေပြီ။ ထို့ကြောင့် ယင်းတို့၏ အကြံပေးပုဂ္ဂိုလ်များက ပုဂံမင်း၏ ချွတ်ယွင်းချက်ကို ထိထိမိမိအသုံးပြုလေ၏။ ပုဂံမင်းမှာ ယခုသက်တော် ၄၁-နှစ်ရှိနေပြီဖြစ်၍ နန်းရမိဖုရားကြီး ၄-ပါး၊ ဆောင်ရမိဖုရား ၄-ပါး၊ မဟေဘွဲ့ခံ ၄-ပါးနှင့် ဝတီဘွဲ့ခံ ၂-ပါး၊ ပေါင်း ၁၄-ပါးရှိသော်လည်း အဘယ်မိဖုရားတပါးတွင်မျှ ရင်သွေးတော် ထွန်းကားဖူးသည် မရှိချေ။ ထို့ကြောင့် ရင်သွေးတော် နန်းညွန့်လျာမရှိ။ ဤဖြစ်ရပ်မှန်ကို ချက်ကောင်းကိုင်ပြီး မင်းတုန်းဘက်မှ အပုပ်ချလိုက်ခြင်း ပေတည်း။
ထိုအခါ ဤစကားမှာ ပြည်သူကြားတွင် အလွန်တာသွားသည်။ ယင်းခေတ်က ပြည်သူတရပ်လုံးသည် မင်းမျိုးစစ်မှန်သူကိုသာ မိမိတို့ဘုရင်အဖြစ် လက်ခံလိုကြသည်။ ပုဂံမင်းသည် မင်းရိုးစစ်မှန်စေကာမူ နန်းလျာ မထွန်းကားနိုင်သောကြောင့် သူ့အား အလိုမရှိတော့၊ ဘကြီးတော် ဘုရားလက်ထက်တော်က မင်းမျိုးမစစ်သော နန်းမတော်မယ်နု၏မောင် မင်းသားမောင်ဘိုဆိုသူက ရာဇပလ္လင်ပေါ်တက်မည်တကဲကဲ လုပ်နေချိန်၊ ပြည်သူတရပ်လုံး နှလုံးပူပန်ခဲ့ကြရသည်မှာ ၁၅-နှစ်ခန့် သာရှိသေးသည်။ ထို့ကြောင့် အမျိုးအရိုးဆိုသော အချက်မှာ ပူပူနွေးနွေး အရေးပါဆဲရှိသေးသည်။ ထိုအခါ ‘ပုဂံဥတလုံး နန်းညွန့်တုံး’ ဆိုသော တဘောင်သံသည် ပြည်သူအများ၏ စိတ်အထာကို တပ်လှန့်လိုက်သကဲ့သို့ ရှိတော့သည်။ အချင်းချင်းလည်း ‘ဟုတ်သားပဲ၊ ပုဂံမင်းမှာ ဒါကြောင့် နန်းလျာ မထွန်းကားတာကိုး၊ ဒီလိုဖြင့် နန်းညွန့်တုံးတာပဲ၊ နောက်မင်းဆက်မှာ ဘယ်လိုလူစားက ရွှေတောင် တက်လာမတုံးမသိ’ စသဖြင့် တီးတိုးစကားများ ပြန့်ပွားလာစေသည်။
ဤတွင် တဘက်နှင့် တဘက် တဘောင်သံချင်း အဘယ်မျှ ကွာခြားသည်ကို ဆင်ခြင်နိုင်ပါသည်။ မင်းတုန်းမင်းသားကို ရည်ညွှန်းသော တဘောင်စကားများမှာ ဆိုသာဆိုရ မင်းတုန်းမင်းသား၏ အပြစ်တစုံတရာ သက်သေပြနိုင်ခြင်းမရှိပေ။ ‘ဗုဒ္ဓေါ ဗုဒ္ဓေါ အိုးတုတ်နှင့်မျှော’ ဆိုသည်ကလည်း မထိရောက်သည့်အပြင် သာသနာရေးကို ကိုင်းရှိုင်းခြင်းကိုပါ ဆောင်စေသေးသည်။ ပုဂံမင်းကိုရည်ညွှန်းသော တဘောင်သံများကား ယင်း၏ ချွတ်ယွင်းချက်ကို မီးမောင်းထိုးပြသကဲ့သို့ ထိမိပြီး ပြည်သူ့စိတ်အညှာကို ကိုင်လှုပ်နိုင်စွမ်းရှိသည်။ ထို့ကြောင့် မင်းတုန်း၊ သီပေါနှစ်ပါးတို့သည် ပုန်ကန်ရန် ထွက်ခွာသွားသည်မှစပြီး လေးလအတွင်းမှာပင် အရေးတော်အောင်မြင်ကာ မင်းတုန်းမင်းသား မင်းအဖြစ်သို့ ရောက်ရှိလေ၏။
ရွှေဘိုမိမိကြီး
ဝန်ခံချက်။ ။ ဤဆောင်းပါးပါ အချက်အလက်များမှာ ကုန်းဘောင်ဆက်မဟာရာဇဝင်တော်ကို ရေးသားသူ ဦးမောင်မောင်တင် K.S.M-A.T.M ၏သမီး ‘ဒေါ် တင်တင်မေ၏ မှတ်စုများမှ ရရှိကြောင်း ဖော်ပြပါသည်။
Comments
Post a Comment