မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ
ရေးသားသူ - အမျိုးသားပညာဝန်ဦးဖိုးကျား
အလွန်ချစ်ကြသော ရှမ်းလင်မယား ဥဩငှက် ဖြစ်ပုံ
မွန်နှင့် ကရင်များသည် ဝံလိုငှက်မြည်သံကို ကြားလျှင် မောင်ဒီ (မောင်တီး) ကို သတိရ၍ လွမ်းဆွတ်ကြသကဲ့သို့၊ ရှမ်းလူမျိုးများသည်လည်း ဥဩငှက်သံကို ကြားလျှင် လွမ်းဆွတ်တတ်ကြလေသည်။ ဤအကြောင်းမှာ ရှမ်းလူမျိုး လင်မယား၏ အဖြစ်အပျက်နှင့် စပ်နေလေသည်။ ရှေးအခါက ရှမ်းမကလေး တယောက်သည် တရွာသား ရှမ်းလူပျိုနှင့် ချစ်ကြိုက်၍ တနေ့၌ မိဘ မသိအောင် ထိုယောက်ျားကလေး နောက်သို့ လိုက်၍နေလေသည်။ ယောက်ျားကလေး၏ အမိ အဘိုးမကြီးကား ထိုမိန်းကလေးနှင့် သဘောမတူ ငြူစူကာ အမျိုးမျိုး စိတ်မချမ်းသာအောင် ပြု၏။
တခါ၌ မိမိ၏သားကို တရွာတကျေးသို့ အရောင်းအဝယ် စေလွှတ်ကာ သားမရှိခိုက်၌ ချွေးမကို အိမ်မှ နှင်ထုတ်လေ၏။
မိန်းကလေးမှာ မကြံတတ်ပြီဖြစ်၍ "ကျွန်မ သွားပါမည်၊ သို့ရာတွင် ကျွန်မယောက်ျား ရောက်ရုံမျှ စောင့်ပါ" ဟု ရှိခိုးတောင်းပန် ရှာ၏။
စိတ်ပြင်းထန်သော အမယ်ကြီးသည် ဝါးခြမ်းပြားဖြင့် တအားလိုက်ရိုက်ရာ လက်နှင့် ကာလေသဖြင့် လက်ဝါးတို့တွင် ကွဲပြတ် သွေးဖြာဖြာ ယိုစီးလေ၏။ မိန်းကလေး မခံမရပ်နိုင်၍ အော်ဟစ်ငိုယိုပြီး မိမိရွာဘက်သို့ ပြေးခဲ့ရလေ၏။
ကံဆိုးလှသော မိန်းကလေးမှာ ကိုယ်ဝန် အရင့်အမာနှင့် ဖြစ်၍ ဤလမ်းတွင်ပင် သစ်ငုတ်ကြီးတခုကို မှီ၍ သားဖွားရလေ၏။ သားငယ်ကို သစ်ငုတ်ပေါ်တွင် တင်ထားပြီးနောက် သွေးတက်၍ သေဆုံးသွားရှာလေ၏။
လင်ယောက်ျား ပြန်ရောက်၊ မေးမြန်းသော သူ့မိဘထံသို့ ပြန်လိုသည်ဆို၍ ပြန်သွားကြောင်း အမယ်ကြီးက လှည့်ဖြားပြောလေ၏။ အိမ်နီးနားချင်း တို့ကား မြင်ရကြားရသည် တို့ကို ပြောပြလေသည်။ ထိုအခါ မိမိ၏ ဇနီးနောက်သို့ အလျင်အမြန် ပြေးလိုက်လေ၏။
လမ်းအနီး သစ်ငုတ်ကိုမှီ၍ ဝါးခြမ်းဒဏ်ရာ သွေးဖြာဖြာနှင့် မရုမလှ သေနေရှာသော မယားကို တွေ့ရလျှင် မချိမဆံ့ဖြစ်ကာ ငိုကောင်ငိုယိုပြီးနောက် မီးသဂြိုလ်လေသည်။ မီးအရှိန် ကောင်းလာသောအခါ ချစ်သူနှင့် မခွဲနိုင်ဟု မီးတွင်းသို့ ဆင်း၍ သေလိုက်လေတော့၏။
အမယ်ကြီးသည် သား ပြန်မလာ၍ စုံစမ်းရန် လိုက်လာရာ နှစ်ဦးလုံး လောင်ကျွမ်းပျက်စီးနေသည်ကို တွေ့မှ ပြာကို နှစ်ပုံခွဲ၍ အလယ်က ဝါးလုံးတားခဲ့သော ဟူ၏။ သေ၍ ပြာဖြစ်သည်တိုင် ငါ့သားနှင့် သဘောမတူ ၊ မပေးစား လင်မယားမဟုတ်ဟု ဆိုလိုရင်းတည်း။
သားငယ်မှာလည်း သေကျေပျက်စီးပြီးနောက် ထိုသစ်ငုတ်ပေါ်တွင် ဥဩငှက်ငယ် တကောင် အော်မြည်နေသည်ကို တွေ့ကြသည်နှင့် ထိုသားငယ်ပင် သေပြီးနောက် ဥဩငှက် ဖြစ်နေသည်ဟု ထင်မြင်ကြသည့်အပြင် မိခင်ကို ရှာမတွေ့၍ ထိုငှက်ငယ်က 'မေကော၊ မေကော' ဟု ခေါ်ဝေါ်ဟစ်အော်နေကြသည်ဟုဆို၏။
ဤသို့လျှင် ဥဩငှက်တို့ ဥဩ၊ ဥဩ (မေကော၊ မေကော) ဟု အော်မြည်သံကို ကြားရလျှင် ရှမ်းလူမျိုးတို့သည် ထိုလင်မယား၊ သားငယ်တစ်စုကို သတိရကာ သနားလွမ်းဆွတ် ကြလေတော့သတည်း။
Comments
Post a Comment