နိုဘယ်ဆုရ ရူပဗေဒ ပညာရှင် ရစ်ချက် ဖိန်းမန်းနှင့် ဖခင်ဖြစ်သူတို့၏ ဘဝသင်ခန်းစာများ
ရစ်ချက် ဖိန်းမန်းနှင့် ဖခင်ဖြစ်သူတို့၏ ဘဝသင်ခန်းစာများ
(The Story of Richard Feynman and His Father)
ရစ်ချက် ဖိန်းမန်း၏ဖခင် မဲလ်ဗီးလ်သည် နယူးယောက်မြို့တွင် ယူနီဖောင်းရောင်းချသူတဦး ဖြစ်သည်။ သူသည် သိပ္ပံပညာရှင်တဦး မဟုတ်သော်လည်း ရစ်ချက်မမွေးခင်ကတည်းက "ငါ့သားလေးဟာ သိပ္ပံပညာရှင်တယောက် ဖြစ်လာလိမ့်မယ်" ဟု ဇနီးဖြစ်သူကို ပြောခဲ့ဖူးသည်။ ယူနီဖောင်းရောင်းသူတဦးက သိပ္ပံသမိုင်းတွင် အကြီးကျယ်ဆုံးသော ဉာဏ်ကြီးရှင်တဦးဖြစ်လာမည့်သူကို မည်သို့ပျိုးထောင်ပေးခဲ့သနည်းဆိုသည်မှာ စိတ်ဝင်စားစရာပင်။
အမည်နာမနှင့် အသိပညာ
တနေ့တွင် ရစ်ချက်သည် သူငယ်ချင်းများနှင့်အတူ လယ်ကွင်းထဲတွင် ကစားနေစဉ် သူငယ်ချင်းတဦးက သစ်ပင်ပေါ်ကငှက်ကို ပြပြီး "ဟောဒီငှက်က ဘာငှက်လဲ မင်းသိလား" ဟု မေးသည်။ ရစ်ချက်က "ငါလည်း မသိဘူး" ဟု ပြန်ဖြေရာ ထိုကလေးက "ဒါက 'လည်ချောင်းညိုငှက်' ကွ၊ မင်းအဖေက မင်းကို ဘာမှမသင်ပေးဘူးလား" ဟု လှောင်ပြောင်လေသည်။
အမှန်တော့ ရစ်ချက်၏အဖေက သူ့ကို ထိုငှက်အကြောင်း သင်ပေးပြီးသားဖြစ်သည်။ ဖခင်ဖြစ်သူက ရစ်ချက်ကို ဤသို့ပြောခဲ့ဖူးသည် -
"အဲဒီငှက်ကို ကြည့်စမ်း။ သူ့ကို အီတလီလို 'Chutto Lapittida' လို့ခေါ်တယ်၊ တရုတ်လို 'Chung-long-tah' လို့ခေါ်ပြီး ဂျပန်လို 'Katano Tekeda' လို့ ခေါ်တယ်။ မင်းအနေနဲ့ ကမ္ဘာပေါ်က ဘာသာစကားအားလုံးနဲ့ အဲဒီငှက်ရဲ့ နာမည်ကို သိနိုင်ပေမယ့် တကယ်တမ်းမှာတော့ မင်း အဲဒီငှက်အကြောင်း ဘာမှသိသွားတာမဟုတ်ဘူး။ လူတွေက နေရာဒေသအလိုက် အဲဒီငှက်ကို ဘယ်လိုခေါ်ကြသလဲဆိုတာပဲ မင်းသိသွားတာ။ ဒါကြောင့် အမည်နာမတွေကို ဂရုမစိုက်ဘဲ အဲဒီငှက်လေး ဘာတွေလုပ်နေသလဲဆိုတာကိုပဲ စောင့်ကြည့်ရအောင်။"
ဖခင်ဖြစ်သူသည် ငှက်ကလေးက သူ့အတောင်ပံကို အမြဲနှုတ်သီးနှင့် ဆိတ်နေသည်ကို သတိပြုခိုင်းသည်။ "ငှက်က ဘာလို့ အဲဒီလိုလုပ်နေတာလဲ" ဟု မေးရာ ရစ်ချက်က "အတောင်ပံတွေ ရှုပ်ပွနေလို့ ဖြောင့်အောင်လုပ်တာ ဖြစ်မှာပါ" ဟု ဖြေသည်။ ထိုအခါ ဖခင်က "မဟုတ်ဘူး၊ အဲဒါဆိုရင် သူဖြောင့်ပြီးတာနဲ့ ရပ်သွားမှာပေါ့။ အခုတော့ သူက ဆက်လုပ်နေတုန်းပဲ။ အမှန်က အတောင်ပံထဲမှာ ပိုးမွှားလေးတွေရှိတယ်၊ အဲဒီပိုးမွှားတွေက အရေခွံအဖတ်တွေကို စားတယ်။ အဲဒီပိုးမွှားလေးတွေရဲ့ အဆစ်တွေကြားက ထွက်တဲ့ သကြားဓာတ်ကိုစားဖို့ ပိုသေးတဲ့ အကောင်လေးတွေတောင် ရှိသေးတယ်" ဟု ရှင်းပြသည်။ အစာရှိသည့်နေရာတိုင်းတွင် သက်ရှိတို့က နည်းလမ်းမျိုးစုံနှင့် အသက်ဆက်ကြသည်ဟူသော သဘာဝတရားကို ရစ်ချက်ကို သင်ပေးခဲ့ခြင်းဖြစ်သည်။
စကားလုံးနောက်ကွယ်က အနှစ်သာရ
နောက်ပိုင်းတွင် ရစ်ချက်သည် သိပ္ပံစာအုပ်တအုပ်ကို ဖခင်အား ပြဖူးသည်။ ထိုစာအုပ်ထဲတွင် လေမှုတ်ထားသော ခွေးရုပ်ကလေးတရုပ်အကြောင်း ပါရှိပြီး "ဒီခွေးရုပ်လေးကို ဘာက ရွေ့လျားစေသလဲ" ဟု မေးထားသည်။ ဆရာလမ်းညွှန်ထဲက အဖြေမှာ "စွမ်းအင် (Energy)" ဟု ဖော်ပြထားသည်။
မဲလ်ဗီးလ်က ထိုအဖြေကို စိတ်ပျက်လက်ပျက်နှင့် ဤသို့ဝေဖန်ခဲ့သည် -
"အဲဒီ စကားလုံးက ဘာမှအဓိပ္ပာယ်မရှိဘူး။ အဲဒါက နာမည်တခုပေးလိုက်တာပဲ။ တကယ်ဆိုရင် သူတို့က ဒီလိုပြောရမှာ - 'နေရောင်ခြည်ကြောင့် အပင်တွေပေါက်တယ်၊ အပင်တွေကို လူကစားတယ်၊ အဲဒီလူကမှ သူ့ကြွက်သားကိုသုံးပြီး စပရိန်ကို လှည့်ပေးလိုက်လို့ ဒီခွေးရုပ်လေး ရွေ့တာ' လို့ ရှင်းပြရမှာ။ 'စွမ်းအင်' လို့ ပြောလိုက်တာဟာ ငါတို့တကယ်တမ်း အလုပ်လုပ်ပုံ (Mechanism) ကို မသိတာကို ဖုံးကွယ်ဖို့ သုံးတဲ့ စကားလုံးပဲ။ အဲဒီ စိတ်ကူးယဉ်စကားလုံးကို မသုံးဘဲ မင်းမရှင်းပြနိုင်ရင် မင်းဒါကို တကယ်နားမလည်သေးဘူးလို့ မှတ်လိုက်။"
ယူနီဖောင်းနှင့် အာဏာပိုင်
မဲလ်ဗီးလ်သည် ယူနီဖောင်းရောင်းသူဖြစ်သဖြင့် ယူနီဖောင်းက လူတို့၏ အမြင်အပေါ် မည်သို့လွှမ်းမိုးသည်ကို ကောင်းကောင်းသိသည်။ သူသည် ရစ်ချက်ကို ပုပ်ရဟန်းမင်းကြီး သို့မဟုတ် ဗိုလ်ချုပ်ကြီးများ၏ ဓာတ်ပုံများကို ပြပြီး "ဒီလူကို ကြည့်စမ်း၊ သူနဲ့ တခြားလူတွေ ဘာကွာသလဲ။ ဦးထုပ်နဲ့ ယူနီဖောင်းပဲ ကွာတာ။ သူ့မှာလည်း ငါတို့လို ပြဿနာတွေရှိတယ်၊ အစားအစာလည်း အတူတူပဲ စားရတယ်။ ယူနီဖောင်းကိုကြည့်ပြီး မလှည့်စားခံစေနဲ့" ဟု သင်ပေးခဲ့သည်။
ဤသင်ခန်းစာကြောင့် ရစ်ချက် ဖိန်းမန်းသည် အာဏာပိုင်များအပေါ် "မရိုမသေ" ပြုတတ်သူဟု အမည်ထွက်ခဲ့သော်လည်း ထိုအချက်ကပင် သူ့ကို အောင်မြင်စေခဲ့သည်။ သူသည် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးများ၏ ရှေ့တွင် ထိုင်နေသော်လည်း သူတို့၏ "ယူနီဖောင်း" (ဂုဏ်ဒြပ်) ကို မကြည့်ဘဲ "ခင်ဗျားတို့ရဲ့ သင်္ချာတွက်ချက်မှု မှားနေတယ်" ဟု အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်ခဲ့သည်။
နိုဘယ်ဆုနှင့် အစစ်အမှန်
ငှက်နာမည်ကို သိသည့်အတွက် ရစ်ချက်ကို လှောင်ခဲ့သော ကောင်လေးသည် ကျောင်းတွင် "A" ရကောင်းရပါလိမ့်မည်။ အကြောင်းမှာ သူသည် ဆရာများကြားချင်သော အမည်နာမများကို သိထားသောကြောင့် ဖြစ်သည်။ သို့သော် ရစ်ချက်သည် "A" ရရန်ထက် အရာဝတ္ထုတို့၏ သဘောသဘာဝကို သိရန်သာ စိတ်ဝင်စားခဲ့သည်။
နောက်ဆုံးတွင် ရစ်ချက် ဖိန်းမန်းသည် နိုဘယ်ဆု ရရှိခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် နိုဘယ်ဆုရသည့်အခါ သူက ဆုတံဆိပ်ဆိုသည်မှာ "ယူနီဖောင်း" တခုမျှသာဖြစ်ပြီး၊ စစ်မှန်သောဆုမှာ "အရာရာကို ရှာဖွေတွေ့ရှိလိုက်ရခြင်း၏ ပျော်ရွှင်မှု" (The pleasure of finding things out) သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
မဲလ်ဗီးလ် ဖိန်းမန်းသည် သိပ္ပံပညာရှင် မဟုတ်ခဲ့သော်လည်း သူ၏သားကို ကမ္ဘာကြီးကို တကယ့်အရှိအတိုင်း မြင်တတ်အောင် သင်ပေးခဲ့သူဖြစ်သည်။ တစုံတခု၏ "အမည်" ကို သိခြင်းနှင့် ထိုအရာကို "နားလည်" ခြင်းကြားတွင် ကြီးမားသော ခြားနားချက်ရှိကြောင်း သူသည် ကမ္ဘာကြီးကို သက်သေပြခဲ့ပါသည်။
Comments
Post a Comment