စစ်တပ်က လွှမ်းမိုးထားသော အစုအဖွဲ့လိုက် ဦးဆောင်မှုခေတ်သစ်သို့ အီရန်နိုင်ငံ စတင်ဝင်ရောက်
စစ်တပ်က လွှမ်းမိုးထားသော အစုအဖွဲ့လိုက် ဦးဆောင်မှုခေတ်သစ်သို့ အီရန်နိုင်ငံ စတင်ဝင်ရောက်
အီရန်နိုင်ငံ၏ အဓိကခေါင်းဆောင်ကြီး အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei) ကွယ်လွန်ပြီးနောက်၊ အီရန်နိုင်ငံသည် ခေါင်းဆောင်မှုအပိုင်းတွင် အဆင့်သစ်တခုသို့ ကူးပြောင်းရောက်ရှိလာခဲ့သည်။ ယခုအခါ အာဏာသည် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) မှ အဆင့်မြင့်တပ်မှူးများ၏ ဩဇာလွှမ်းမိုးမှုကြီးမားသော အစုအဖွဲ့လိုက် ဦးဆောင်မှုပုံစံ (Collective Structure) သို့ ကူးပြောင်းသွားပြီဖြစ်သည်။
အယာတိုလာ မိုဂျတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) ကို ခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခဲ့သော်လည်း၊ ၎င်း၏ဖခင်ကို သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအတွင်း ရရှိခဲ့သော ဒဏ်ရာများကြောင့် ၎င်းမှာ လူမြင်ကွင်းသို့ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ၎င်းအနေဖြင့် လူထုနှင့် ထိတွေ့နိုင်မှု အကန့်အသတ်ရှိနေခြင်းနှင့် ကျန်းမာရေးပြန်လည်ထူထောင်နေရခြင်းတို့ကြောင့် နိုင်ငံ၏ ခေါင်းဆောင်မှုအပိုင်းတွင် အာဏာခွဲဝေကျင့်သုံးမှုများ ဖြစ်ပေါ်လာစေခဲ့သည်။
အရာရှိများနှင့် လေ့လာဆန်းစစ်သူ အများအပြား၏ အဆိုအရ လုံခြုံရေး၊ စစ်ရေးဗျူဟာနှင့် သံတမန်ရေးရာ အပါအဝင် အဓိကကျသော ကိစ္စရပ်များအပေါ် ဆုံးဖြတ်ချက်ချမှတ်ခြင်းကို တော်လှန်ရေးအစောင့်တပ်ဖွဲ့နှင့် နီးစပ်သည့် အဆင့်မြင့် စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တစု က အဓိက လုပ်ဆောင်နေကြသည်။ မိုဂျတာဘာ ခါမေနီသည် အမည်ခံ သို့မဟုတ် ကြီးကြပ်ကွပ်ကဲသူအဆင့်တွင်သာ ရှိနေပြီး အဆိုပါစစ်ဘက်အဖွဲ့၏ လမ်းညွှန်မှုနှင့် စုပေါင်းဆုံးဖြတ်ချက်များအပေါ် မှီခိုနေရသည်ဟု ဖော်ပြကြသည်။
ပြောင်းလဲလာသော ဤစနစ်သည် ယခင်ခေါင်းဆောင်၏ တဦးတည်းဗဟိုပြုအာဏာစနစ်မှ စစ်တပ်ကကျောထောက်နောက်ခံပြုထားသော အုပ်ချုပ်ရေးပုံစံ သို့ ကူးပြောင်းသွားခြင်းကို ဖော်ပြနေပြီး စစ်ဗိုလ်ချုပ်များမှာ သိသာထင်ရှားသော ဩဇာအာဏာကို ကိုင်စွဲထားကြသည်။ ဘာသာရေးနှင့် နိုင်ငံရေးအဖွဲ့အစည်းများ ဆက်လက်တည်ရှိနေသော်လည်း ၎င်းတို့၏ အာဏာမှာ ယခင်ကထက် လျော့နည်းသွားပုံရသည်။
လက်ရှိအာဏာတည်ဆောက်ပုံအတွင်းရှိ အဓိကပုဂ္ဂိုလ်များတွင် IRGC အဆင့်မြင့်တပ်မှူးများနှင့် အာမက် ဗာဟီဒီ (Ahmad Vahidi)၊ မိုဟာမက် ဘာဂါ ဇိုလ်ဂါဒါ (Mohammad Bagher Zolghadr) နှင့် ယာဟ်ယာ ရာဟင် ဆာဖာဗီ (Yahya Rahim Safavi) ကဲ့သို့သော အရာရှိများ ပါဝင်သည်။ ၎င်းတို့သည် အီရန်၏ စစ်ရေးနှင့် မဟာဗျူဟာမြောက် ဦးတည်ချက်များကို ပုံဖော်ရာတွင် ဗဟိုချက်မများဖြစ်ကြောင်း သိရသည်။
အမေရိကန်နှင့် အစ္စရေးတို့နှင့် ဖြစ်ပွားနေသော ပဋိပက္ခများသည် ဤအာဏာအကူးအပြောင်းကို ပိုမိုမြန်ဆန်စေခဲ့သည်။ စစ်ဘက်ခေါင်းဆောင်များသည် မဟာဗျူဟာမြောက် စစ်ဆင်ရေးများနှင့် ညှိနှိုင်းမှုများ အပါအဝင် တုံ့ပြန်မှုဆိုင်ရာကိစ္စရပ်များတွင် ဦးဆောင်နေကြသည်။ သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အရပ်ဘက်ခေါင်းဆောင်များမှာမူ အဓိကကျသော ပထဝီနိုင်ငံရေး ဆုံးဖြတ်ချက်များတွင် ဘေးဖယ်ထားခြင်းခံနေရသည်ဟု သတင်းများက ဆိုသည်။
ညှိနှိုင်းဆွေးနွေးမှုများနှင့် စီးပွားရေးဖိအားများအပေါ် ပြည်တွင်း၌ အခြေအတင် ဆွေးနွေးမှုများ ရှိနေသော်လည်း၊ စစ်ဘက်ခေါင်းဆောင်ပိုင်းမှာမူ စည်းလုံးမှုကို ထိန်းသိမ်းထားနိုင်ပြီး မူဝါဒပိုင်းဆိုင်ရာ ဦးတည်ချက်များကို ဆက်လက်လွှမ်းမိုးထားဆဲဖြစ်သည်။ အီရန်၏ နိုင်ငံရေးစနစ်မှာ ပုံစံမပျက် ဆက်ရှိနေသော်လည်း၊ အာဏာမှာမူ စစ်ဘက်ယန္တရားအတွင်းသို့ ပိုမိုခိုင်မာစွာ စုစည်းရောက်ရှိသွားပြီဖြစ်ကြောင်း ဆန်းစစ်သူများက မှတ်ချက်ပြုကြသည်။
ပြင်ပအင်အားကြီးနိုင်ငံများနှင့် တင်းမာမှုများ ဆက်ရှိနေခြင်းနှင့် သံတမန်ရေးရာနှင့် မဟာဗျူဟာများအပေါ် ပြည်တွင်းသဘောထားကွဲလွဲမှုများ ဆက်လက်ပေါ်ပေါက်နေခြင်းကြောင့် ဤခေါင်းဆောင်မှုပုံစံ၏ အနာဂတ်လမ်းကြောင်းမှာ မသေချာမရေရာသေးပေ။

Comments
Post a Comment