ပုထုဇဉ် လူသားတို့၌ မွေးရာပါ ပစ္စည်းများ ပါလာရာတွင် အကြီးမားဆုံးမှာ

လောဘဖြစ်သည်။ လောဘသည် ဒေါသထက်ပင် ကြီးမားသည်။ မီးပုံကြီးနှင့်

တူ၏။ လောင်စာ ကျွေးလေလေ ...........

မျဉ်းကြောင်းကလေး မှေးမှေးမှိန်မှိန်

တက်တိုး

ဝတ္ထုရေးဆရာ၊ ဝေဖန်ရေးဆရာ၊ ကယ်လီဖိုးနီးယားပြည်တိုင်ပင်ခံပြည်သူ မာရိယား မဲနက်စ် က မက်ကောလ်

မဂ္ဂဇင်း တစောင်တွင် လွန်ခဲ့သော အနှစ်နှစ်ဆယ်ကဆောင်းပါးတပုဒ်၌ အောက်ပါအတိုင်း ဖော်ပြထား

ပါသည်။ (ထိုဆောင်းပါးကို အမေရိကန်စာပဒေသာ'ရီးဒါးစ်-ဒိုင်ဂျက်စ်' မဂ္ဂဇင်း၊ ၁၉၆၄-ခုနှစ် မေလ

ထုတ်တွင် ဖော်ပြထားပါသည်။)

"ဒါကတော့ သူတို့အားလုံး လုပ်နေကြတာပဲ" ဟုတက္ကစီကားမောင်းသမားက စိတ်မရှည်သော လေသံ

ဖြင့် ဆိုလိုက်သည်။ သူက ကားများနှစ်စင်း ယှဉ်ရပ်မှုကိုအမှုမလုပ်ရန် လက်ဖက်ရည်ဖိုးပေးရသည့်အကြောင်း

နှင့်စပ်လျဉ်း၍ ဤသို့ ဆိုခြင်းဖြစ်သည်။ သူ့စကားသည်ရဲ လာဘ်ယူသည့် အကြောင်းသာမက၊ အခြားအခြား

သော လာဘ်ပေးလာဘ်ယူ အကြောင်းများနှင့် သုံးနိုင်သောစကားဖြစ်သည်။ သူ့ လေသံတွင် 'ဒါ ဘာဖြစ်

သေးတာလဲ' ဟူသော မေးခွန်း အဓိပ္ပာယ် လည်းပါသည်။


ထိုကားမောင်းသမားသည် အခြားသော သန်းပေါင်းများစွာသော အမေရိကန်တို့ကဲ့သို့ပင် သူတပါး

ပစ္စည်းကို မခိုး၊ မည်သည့် ဥပဒေ ကိုမျှလည်း မချိုးဖောက်၊ သူတပါးကို နှိပ်စက်မှုလည်းမပြု၊ ကောင်းစွာ

နေထိုင်သူတဦး ဖြစ်ပေလိမ့်မည်။ သူနှင့်တကွ အခြားသော အမေရိကန်နိုင်ငံသားတို့သည် ထင်ထင်ရှားရှား

မှားသော အမှုကိုမပြုပဲ အနေမှန်ကြပေသည်။ သို့သော် အမှန်နှင့်အမှား ခွဲခြားးထားသော မျဉ်းကြောင်း

သည် တဖြည်းဖြည်းမှေးမှိန်လာလေရာ ထိုသို့မှေးမှိန်မသွားရလေအောင် မကြိုးစားကြချေ။ ထို့ကြောင့်

ပင်လျှင် ထို မျဉ်းကြောင်းကလေးသည် နေ့စဉ်နှင့်အမျှမှေးမှိန်သည်ထက်မှေးမှိန်၍ နောက်ဆုံးပျောက်ကွယ်

လုနီးပါး ဖြစ်လာချေပြီ။


မဲနက်စ်က ဆက်၍ဆိုသည်မှာ ရဲ လာဘ်စားခြင်းကို မနှစ်သက်သူတို့ ပင်လျှင် ရဲ ကို လာဘ်ပေးနေကြ

ကြောင်း၊ အလိုလိုက်လွန်းသောမိခင်က သူ့သားမုန့်ဖိုးပိုတောင်းသည်ကို စည်းကမ်းမထားပဲ သားအိမ်မှ

ထွက်သွားပြီးလျှင် လေပေနေမည်စိုးသဖြင့် လာဘ်ထိုးသည့်သဘောဖြင့် မုန့်ဖိုးပေးသည့်အကြောင်း စသည်

ဖြင့် လာဘ်ပေးလာဘ်ယူအကြောင်း သာဓက အချို့ကို ဖော်ပြပြီးသည့်နောက် လူတို့၏ နီတိ၊ စည်းကမ်းနှင့်

ဟီရိသြတ္တပ္ပ တရား တို့ဖြင့် တည်ဆောက်ထားသောစရဏာ တရား ပြိုပျက်ရကြောင်း ဖော်ပြ ပေသေးသည်။


လာဘ်ပေး လာဘ်ယူ ကိစ္စသည် တနိုင်ငံတည်းမှာသာ ရှိနေသည်မဟုတ်၊ ကမ္ဘာတဝန်းလုံးတွင် နေရာတကာ၌ ရှိနေပါသည်။ ယခုခေတ်မှသာ ရှိသည်လည်း မဟုတ်၊ ရှေး ပဝေသဏီကထည်းက ရှိနေလေသည်။ မရှိ၍ လာဘ်စားရသည်။ မတရားလိမ်လည်မှု ပြုသည်ဟူသော ဆင်ခြေမှာ ဆင်ခြေမျှသာ ဖြစ်သည်။ တခါက စာစောင်တခု၌ ကာတွန်းတခုကို တွေ့ဖူးပါသည်။ တယောက်က သူ့မိတ်ဆွေ မှောင်ခိုသမားကို “ဘာဖြစ်လို့ မှောင်ခိုလုပ်တာလဲ” မေးသည်။ မိတ်ဆွေက ဖြေသည်။ “အစကတော့ ရတဲ့ ဝင်ငွေနဲ့ မစားလောက်လို့ လုပ်တာပါပဲ။ နောက်တော့ ဟန်တာနဲ့ ဝင်ငွေ ပိုသထက် ပိုရအောင် ဆက်လုပ်တာပါပဲ” ဟု ဖြေသည်။ လောဘသည် အတောမသတ်နိုင်သော ဆန္ဒပင်တည်း။

ကျွန်တော်တို့ငယ်စဉ်က မူလတန်းတွင် ဖတ်ရသော ပုံပြင်လေးကို အများသိကြပေမည်။ ဘုရင့်ထံငါးကြီး တကောင် လာဆက်သော တံငါသည်ကို နန်းတော် တံခါးစောင့်က ဆုတော် လာဘ်တော်ရလျှင် တဝက်ပေးမှ ဝင်ခွင့်ပြုမည်ဆိုသဖြင့် တံငါသည်က ကတိပေးခဲ့ရသည်။ ဘုရင်ထံမှ ဆုတော် လာဘ်တော်အဖြစ် ကြိမ်ဒဏ် အချက်ငါးဆယ်တောင်းရာ အကြောင်းကို မေးသောအခါ တံခါးစောင့်အား ကတိအတိုင်း တဝက်ခွဲပေးရန်ရှိကြောင်း သံတော်ဦး တင်သည်။ ထို ပုံပြင်ကလေးကို ယခုခေတ် ကလေးလူငယ်တွေ ကြားဖူးချင်မှ ကြားဖူးကြမည်။

ကျွန်တော် ငယ်စဉ်က အတွေ့အကြုံကလေးတခု အကြောင်းကို ပြောပြပါဦးမည်။ ကျွန်တော်တို့နေသော မြို့ရှိ အရေးပိုင်ရုံးသည် လူစည်လှ၏။ တောက အမှုသည်များ၊ တရားခံတို့၏ ဆွေမျိုးသားချင်းများ ရုံးသို့ လာကြသည်။ မနေသာ၍ တပိုတပါး သွားလိုသောကြောင့် အိမ်သာဝင်ကြည့်မည် အပြုတွင် ရုံးပျာတာကြီး တယောက်က သူတို့ကို တားပြီးလျှင် တယောက် တပဲ အခွန်ကောက်သည်။ ကျွန်တော်က အိမ်သာခွန် အကြောင်းကို သိလိုသဖြင့် ပျာတာကြီးထံသို့ မရဲတရဲ ချဉ်းကပ်၍ “ဦးလေး-ဒီ အခွန်ကောက်ပြီး အစိုးရကို ပေးရသလား” ဟု မေးလိုက်ရာ ပျာတာကြီးက “ဟယ်-ဒီကောင်လေး၊ ဘာတွေလာမေး နေတာလဲ၊ အစိုးရနဲ့ မဆိုင်ပါဘူး၊ ငါနဲ့သာ ဆိုင်တာကွ” ဟု ပြန်ပြောလိုက်သည်။ နောက်မှ ကျွန်တော့်သူငယ်ချင်း စာရေးကြီးသားတယောက်က ထိုပျာတာကြီး ရသော ‘အိမ်သာခွန်’ ကို သူတယောက်တည်း ရသည်မဟုတ်၊ စာရေးကြီး၊ စာရေးငယ်တို့ကို နေ့တိုင်း လက်ဖက်ရည်တိုက်ရသည်ဟု ပြောပြ၍ သိရသည်။

ပုထုစဉ်လူသားတို့၌ မွေးရာပါ ပစ္စည်းများ ပါလာရာတွင် အကြီးမားဆုံးမှာ လောဘဖြစ်သည်။ လောဘသည် ဒေါသထက်ပင် ကြီးမားသည်။ မီးပုံကြီးနှင့်တူ၏။ လောင်စာကျွေးလေလေ မီးတောက်မီးလျှံ ကြီးလေလေ၊ လောဘကြောင့် ဒေါသ၊ မာန်မာန၊ ဣဿာ၊ မစ္ဆရိယ စသည့် မောက်မာမှု၊ မနာလိုမှု၊ ဝန်တိုမှုတို့သည် ဖြစ်လာကြကုန်၏။ လောဘသည် သာမန်လူသားတို့အဖို့ ‘သတ်လို့ မသေပါပြီ’။

လာဘ်ပေး လာဘ်ယူ ကိစ္စတွင် လာဘ်ပေးသူက ပထမတရားခံ၊ လာဘ်ယူသူက ဒုတိယတရားခံဟု ဆိုကြသည်။ မှန်သင့်သလောက် မှန်သော်လည်း မှန်လှပြီဟု မဆိုသာပေ။ သူတို့နှစ်ဦးလုံး ပူးတွဲတရားခံများဖြစ်သည်။ လာဘ်ယူချင်သူက လာဘ်မပေး ပေးအောင် အခြေအနေကို ဖန်တီးသည်။ ထိုအခါ လာဘ်ပေးသူက သူတို့အဖို့ စိတ်အနှောင့်အယှက် မဖြစ်ရန်၊ သူ့လုပ်ငန်း သူ့ကိစ္စ မကြန့်ကြာစေရန်လာဘ်ပေး၍ အဆင်ပြေအောင် လုပ်လိုက်ရသည်။ တခါရံလည်း သူက သက်ဆိုင်သူကို သူ့သြဇာအောက် ရောက်အောင် အစာခွံ့ လိုက်သည်။ နှစ်ဦးလုံး၌ တာဝန်အညီအမျှ ရှိသည်။

လာဘ်ပေးလာဘ်ယူ ကိစ္စတွင် ငွေနှင့် ပစ္စည်းတို့ကို ချည်း အကျုံးဝင်သည်မဟုတ်ပေ။ လာဘ်ပေးနည်း အမျိုးမျိုး ရှိသည်။ လာဘ်ယူနည်းလည်း အမျိုးမျိုး ရှိသည်။ အသုံးများသောနည်းတမျိုး ရှိသည်။ ‘တပါးကျွန်’ ဟူသော စကားအသုံးအနှုန်းကို သတိရမိပါသည်။ တပါးကျွန် အပြုအမူမျိုးသည် လာဘ်ပေးခြင်း တမျိုးပင် ဖြစ်၏။

ရှေးခေတ်က မင်းသားတို့သည် တဦးနှင့်တဦး ပြိုင်နေကြသည်။ နန်းလုသည်အထိ ကြံစည် ကြိုးစားကြသည်။ ထိုသို့ ပြုရမည်ဖြစ်၍ ကိုယ့်ဘက်တော်သား ကျွန်ယုံများ ရနိုင်သမျှ မွေးမြူထားရသည်။

တပါးကျွန်သည် စင်စစ်အားဖြင့် သစ္စာရှိသူမဟုတ်၊ နဂိုကတည်းက မိမိ၏အကျိုးကို ရှေ့တန်းထားမှန်း

မသိအောင် သခင့်အကျိုးကို အသက်ပေး၍ ဆောင်ရွက်ဟန် အပြကောင်းသူ ဖြစ်၏။ အရေးပေါ်လာသည့်အခါ နိုင်ရာဘက်သို့ ပြောင်းသွားတတ်သည်။

သမာ, မသမာ၊ တရား, မတရား၊ အမှန် အမှားတို့ကို ခွဲခြားထားသော မျဉ်းသည် ရှေးခေတ်မှာ ထင်ရှား၏။ ငယ်စဉ်ကပင် မိဘဆရာတို့က သင်ကြားပေးထားသဖြင့် လူ့ကျင့်ဝတ်နီတိကို သိရုံမျှမက၊ သွေးထဲသားထဲ ဝင်နေသောကြောင့် ခွဲခြားရမှာ မခက်ပေ။ ယခုမူကား ရုပ်ပစ္စည်းကိုသာ အာရုံထား၍ ကာမဂုဏ်အမျိုးမျိုးကို ခံစားလိုသော ဆန္ဒသည် အဓိပတိဖြစ်နေသောကြောင့် ထိုမျဉ်းကြောင်းသည် တဖြည်းဖြည်းပါး၍ မှိန်လာချေသည်။ ‘သူများတွေလဲ လုပ်နေကြတာပဲ’ဟူသော သဘောထားမျိုးကို ရင်ဝယ် ပိုက်ထားသဖြင့် အမှန်အမှား၊ တရားမတရားသည် ခွဲခြားမှုနှင့် မတရားလုပ်ရမှာ မသမာပြုရမှာ ရှက်သောစိတ်ထားတို့သည်ပ ပျောက်လာလေပြီ။ ‘ဘာပဲဖြစ်ဖြစ်စားသာသလို စားရယင်ပြီးတာပဲ’ဟူသော သဘောထားသည် တနေ့တခြား ပို၍ပို၍ကြီးမားနေချေပြီ။

ငွေကို ဘုရားလို ကိုးကွယ်နေကြသော လူသားအများတို့အဖို့ စရဏတရားသည် ရှေးစကား ဖြစ်သည်။ ယခုခေတ်နှင့် မလျော်ညီဟု ထင်နေကြသည်။ အချို့လူငယ်တို့က မင်္ဂလာတရားအတိုင်း ကျင့်သုံးနေထိုင်လျှင် စီးပွားရေး၊ လူမှုရေးတို့မှာ ခေတ်မမီဘဲ နောက်ကျကျန်ခဲ့မည်ဟူ၍ပင် ပြောင်ပြောင်ဆိုလာကြကုန်ပြီ။ “ရိုးရိုးကျင့် မြင့်မြင့်ကြံ” ဆိုသော စကားကို ပြုံးပြက်ကြသည်။ “အခုနေ အခါမျိုး ရိုးယင် ငတ်သွားမှာပေါ့” ဟု ပြောပြီးလျှင် ရယ်ကြသည်။

ရှေးခေတ်မှာ အမြတ်တနိုး တန်ဖိုးထားသည်တို့ကို ယခုခေတ်မှာ အရေးမထားချင်ကြသည်က များသည်။ ရှေးခေတ် မြန်မာ့ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာ အပေါ်တွင် တည်ဆောက်ခဲ့သည်။ ဗုဒ္ဓဘာသာဝင် ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ မြန်မာနိုင်ငံသားတို့သည် လူကြီးများကို ရိုသေလေးစားခြင်း၊ သူတပါးအပေါ် မတော်တရားပြုမှုကို ရှောင်ကြဉ်ခြင်းစသည့် စရဏတရားကို လိုက်နာကျင့်သုံးကြသည်။ ယဉ်ကျေးမှု ဟူသည် လူ့ကျင့်ဝတ်ကို မူတည်၍ လူလူချင်းဆက်ဆံမှု၊ လောကကို မေတ္တာဖြင့် အလှဆင်မှု၊ သမာဆန္ဒဖြင့် စီးပွားရေးအတွက် ရွက်ဆောင်မှု၊ အနုပညာကို ဘဝ၏ လှပကြည်လင် အဆင်ပြေရေးအတွက် လေးစားခင်မင်မှုစသည်တို့ကို ပေါင်းစပ်ထားခြင်းပင် ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်ကြီးသည် ကမ္ဘာတဝန်းလုံးအတွက် ခေတ်ဟောင်းခေတ်သစ် ခွဲခြားရန် တံတိုင်းကြီးသဖွယ် ဖြစ်ချေသည်။ စစ်ရှေ့ခေတ်ကို ရှေးခေတ်၊ စစ်နှောင်းခေတ်ကို ခေတ်သစ်ဟူ၍ ပိုင်းခြားလိုက်လေရာ၊ စစ်နှောင်းခေတ်၌ ရှေးခေတ်မှာ တန်ဖိုးထားသမျှတို့ကို ပယ်ဖျက်၍ ယခင်က အောက်တန်းကျနေခဲ့သည့် အချို့အကြောင်းအရာတို့သည် အထက်သို့ တက်လာပြီးလျှင် ရှေးခေတ်က ဦးထိပ်ထားခဲ့သည်တို့ကို တွန်းချလိုက်ကြသည်။ မိဘများကို ရိုသေသောစိတ်ထား၊ လူကြီးတို့ကို ရိုသေသော သဘောထား စသည့် လူ့ကျင့်ဝတ် များစွာတို့ကို တန်ဖိုးမထား၊ အောက်ခြေလွတ်သည်တို့ကို လွှတ်လပ်မှုဟု အထင်မှား စသည်ဖြင့် အမျိုးမျိုးသော ပြောင်းလဲမှုတို့သည် ဖြစ်ပေါ်လာကြကုန်၏။

ရှေးခေတ်က အဓိက အထိန်းအကွပ် ဖြစ်သည့် အရှက်နှင့်အကြောက် တရားတို့သည် ယခုခေတ်တွင် လျော့ကျ သွားကြလေတော့သည်။ တိုင်းခြားမှ လာသော အရှက်အကြောက်ကင်းသော အပြုအမူ အယူအဆ တို့ကို လွှတ်လပ်မှု၏ ပစ္စည်းများဟု ယူဆကာ လက်ခံလာကြသည်။ ထို့ကြောင့် မသမာမှုကို မရှက်မကြောက် လုပ်နေကြသည်။ ရှက်သည်ဆိုရာ၌ ရှက်တတ်ဖို့ ပထမဦးစွာလိုသည်။ ရှက်ရကောင်းမှန်း နားမလည်ပေ။ ကြောက်သည်ဆိုရာ၌ လုပ်သင့်ပါလျက် မလုပ်ရဲသည်ကိုသာ ဆိုလိုသည်မဟုတ်၊ မလုပ်သင့်ရာ လုပ်ရမှာ စိုးကြောက်ခြင်းကို လည်း ဆိုလိုသည်။ မကောင်းမှုကို လုပ်ရမှာ ကြောက်ခြင်းပင် ဖြစ်၏။ ယခုခေတ်မှာ နည်းအမျိုးမျိုးဖြင့် မတရားလုပ်ခြင်း၊ မသမာမှု ပြုလုပ်ခြင်းတို့သည် ရှက်စရာ ကြောက်စရာ မဟုတ်တော့ပဲ မိမိအလိုရှိရာကိုရရန် လည်သလို လှည့်၍လုပ်၍ ယူကြသည်။ “လာဘ်ယူတာ ဘာဖြစ်သေးသလဲ၊ မလောက်လို့ ယူတာပဲ၊ ပေးတဲ့လူကလဲ ကိစ္စပြီးအောင်ပေးတယ်၊ ကိစ္စပြီးအောင် လုပ်ပေးလိုက်တဲ့လူကို ပေးတာပဲ၊ နှစ်ဦးနှစ်ဖက် အကျိုးရှိတာပဲလေ” ဟူသော ပြောသံကို ကြားယောင်နေမိ ပါတော့သည်။

တက်တိုး



Comments

  1. လာဘ်ပေးခြင်း တမျိုးပင် ဖြစ်၏။

    ReplyDelete
    Replies
    1. ကျေးဇူးပါဆရာ၊ ပြင်လိုက်ပါပြီ။

      Delete

Post a Comment

Popular posts from this blog