ကြေးမုံဦးသောင်း ရေးသော ဘီလူးတို့ရွာ စာအုပ်မှ နိဒါန်း

 ကြေးမုံဦးသောင်း ရေးသော  ဘီလူးတို့ရွာ စာအုပ်မှ နိဒါန်း 

စစ်တပ်နည်း နှင့် သတင်းစာထုတ်လုပ်ပုံ

ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီး ဗိုလ်မှူးကြီးစိန်လွင်ကို တွေ့လိုက်ပါ။ (၉) နာရီမှာ စောင့်နေလိမ့်မယ်” ဟု တင်မောင်၏ အထက်အရာရှိဖြစ်သော ပြန်ကြားရေးဝန်ကြီးက ဖုန်းဆက်ပါသည်။ ဗိုလ်မှူးကြီးစိန်လွင်မှာ တင်မောင်မတွေ့ချင်ဆုံးသော ပုဂ္ဂိုလ်ဖြစ်ပါ၏။ သူက ဘာကြောင့် တွေ့ချင်ပါလိမ့်။

တင်မောင်အဖို့ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် သတင်းကိစ္စအဝဝကို တာဝန်ယူရသူ ဖြစ်ပါသောကြောင့် ဝန်ကြီးများ၊ ပါတီခေါင်းဆောင်များက ဆင့်ခေါ်ကာ သတင်းပိတ်စေရန် အမိန့်ပေးခြင်း၊ သတင်းကြေညာချက် ပေးခြင်းများ ပြုသည်ကို ဆောင်ရွက်ရမြဲဖြစ်ပါသည်။ သို့သော် ဗိုလ်မှူးကြီးစိန်လွင်က မခေါ်ဖူးပါ။

မိမိ၏ ရာထူးအဆင့်နှင့် တာဝန်အရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် ဆက်ဆံရသည်။ အစည်းအဝေးများ၊ ဧည့်ခံပွဲများတွင် တွေ့ဆုံရင်းနှီးကြရသည်။ ထိုသို့ ရင်းနှီးသူများတွင် ဗိုလ်မှူးကြီးစိန်လွင် မပါခဲ့ပေ။ ကျနော်ကိုယ်တိုင်ကပင် သူနှင့် မျက်နှာချင်းမဆိုင်မိစေရန် ရှောင်ရှားခဲ့ပါသည်။ အကြောင်းမှာ သူနှင့် တကြိမ်တွေ့ခဲ့ဖူးသောကြောင့် ဖြစ်သည်။ တခါတွေ့ခဲ့သည်နှင့် တသက်လုံးဖူလုံပေပြီ။ နောက်ထပ် မတွေ့လိုတော့ပေ။

မိုးသည်းထန်လွန်းသဖြင့် မှောင်ကြီးကျနေသော နေ့တနေ့တွင် ဖြစ်ပါသည်။ တိတိကျကျ ၁၉၅၀ ခု၊ သြဂုတ်လ (၁၄) ရက်နေ့ကို မမေ့နိုင်ပါ။ ထိုစဉ်က တင်မောင်မှာ အသက် (၂၄) နှစ်ရှိ သတင်းထောက်တဦးသာဖြစ်သည်။ လွန်ခဲ့သော (၂) နှစ်က စတင်တောက်လောင်လာခဲ့သော ပြည်တွင်းစစ်မီးသတင်းကို ထောက်လှမ်းနေသူဖြစ်၏။ ထိုနေ့ နံနက်က ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထောက်များကို ဖိတ်ခေါ်ပြီး သတင်းထူးတပုဒ်ကို ထုတ်ပြန်လေသည်။ ကရင်အမျိုးသားသမဂ္ဂခေါင်းဆောင်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဗိုလ်ချုပ်ကြီး. စောဘဦးကြီးသည် တိုက်ပွဲတခုတွင် ကျဆုံးပြီဟု ကြေညာခဲ့သည်။

ဘီလပ်ပြန် တတ်လုံတော်ရ စောဘဦးကြီးသည် ထင်ရှားသော မြန်မာနိုင်ငံရေးခေါင်းဆောင်တဦးဖြစ်သည်။ ဂျပန်ခေတ်ကပင် နိုင်ငံရေးလောကတွင်ရှိနေပြီး ကရင်-မြန်မာ သွေးစည်းရေးကို ဆောင်ရွက်ခဲ့၏။ အင်္ဂလိပ်ပြန်ဝင်လာသောအခါ ဘုရင်ခံ၏ အတိုင်ပင်ခံ အစိုးရအဖွဲ့ဝင်ဝန်ကြီးဖြစ်ခဲ့သည်။ မြန်မာ့လွတ်လပ်ရေးပေးအံ့ဆဲဆဲအခါတွင်မှ ကရင်ပြည်နယ် သီးခြားရရှိရေးအတွက် အင်္ဂလန်သို့သွားကာ အရေးဆိုခဲ့သည်။ အင်္ဂလိပ်တို့က လိုက်လျောခြင်းမပြုသဖြင့် ဦးအောင်ဆန်း၊ ဦးနုတို့နှင့် စေ့စပ်ဆွေးနွေးကာ ကရင်လူမျိုးစုပြည်နယ်ရရှိရေးကို အားထုတ်ခဲ့သည်။

ကရင်အမျိုးသားအဖွဲ့ချုပ်ကို ဦးဆောင်ကာ ကရင်အမျိုးသားတို့၏ အခွင့်အရေးကို တွေ့ဆုံဆွေးနွေးပြီး အရေးဆိုနေရာက မပြေလည်သောကြောင့် လက်နက်စွဲကိုင် ခြားနားခဲ့သူဖြစ်သည်။ ယခု ရန်ကုန်မှ မိုင် (၇၀) ဝေးသော မော်လမြိုင်မြို့အနီးတွင် အသေမိသည်ဟု ဆို၏။ ကျဆုံးသော သူပုန်ခေါင်းဆောင်ကြီး၏ သတင်းကို ရေးသားကြရန် သတင်းထောက် (၁၀) ဦးခန့်ကို မော်လမြိုင်သို့ ဖိတ်ခေါ်ရာတွင် သတင်းဓာတ်ပုံရိုက်ကူးရန် တင်မောင်လိုက်ပါခွင့်ရရှိလေသည်။ လေယာဉ်ပေါ်တွင် စစ်ဗိုလ်များက သတင်းကို ဆက်လက်ရှင်းပြကြသည်။ ကရင်ခေါင်းဆောင်ကြီးနှင့်အတူ အင်္ဂလိပ်ဗိုလ်မှူးဟောင်းတဦးပါ အသေမိသည်ဟု ပြောပြသည်။

သတင်းထောက်များက စိစစ်မေးမြန်းကြသောအခါတွင် သူပုန်ကြီးနှင့် အဖော်တို့ကို အရှင်မိခဲ့သည်။ သူတို့က လက်နက်ချကြပါလျက် ပစ်ခတ်သတ်ဖြတ်ကြသည်ဟု သိကြရပါသည်။ "အနီးဆုံးစစ်တပ်စခန်းကို ပို့ရန်စီစဉ်တော့ သူတို့က ပြေးကြတာကိုး၊ သူတို့အသက်ကို ကယ်ခွင့်မရတော့ဘူး" ဟု ပြောသည်။ သတင်းထောက်များအဖို့ အမှန်ကို ရေးခွင့်မရှိပါ။ အစိုးရထုတ်ပြန်သည့်အတိုင်း 'အသေမိသည်' ဟု ရေးကြရပေမည်။

သတင်းထောက်အဖွဲ့ လေဆိပ်ရောက်သောအခါ မော်လမြိုင်ဆေးရုံသို့ ခေါ်သွားသည်။ အလောင်းမှာ ရောက်ခါစရှိသေး၏။ ကျဆုံးသူ ခေါင်းဆောင်ကြီးကို ရင်ခွဲစင်ပေါ်တင်ထားသည်။ သူ၏ အဝတ်များမှာ သွေးများ၊ ရွှံ့များနှင့် ပေရေနေသဖြင့် မူလအရောင်ကိုပင် မသိနိုင်ပါ။ ရေလွှမ်းနေသော လယ်များမှ ရေပြင်ကျယ်ထဲတွင် ကြိုးနှင့် ဆွဲကာယူလာကြသည်။ ရွာကြီးတရွာရောက်မှသာ လှည်းနှင့် တဆင့် သယ်ခဲ့နိုင်ကြသည်။ ရုပ်ကလာပ်မှာ လွန်ခဲ့သော (၂) ရက်တာက သေလွန်သဖြင့် ဖူးယောင်နေလေပြီ။ ပုပ်ဟောင်နေလေပြီ။ အမင်္ဂလာရှုခင်းပင်။

ဘုရင်ခံ၏ အတိုင်ပင်ခံ အစိုးရအဖွဲ့တွင် ဝန်ကြီးတဦးဖြစ်ခဲ့သူ စောဘဦးကြီးသည် ကရင်-ဗမာ ညီညွတ်ရေး ဆွေးနွေးပွဲများကို ဇွဲကြီးစွာ လုပ်ဆောင်ခဲ့စဉ်က သတင်းထောက်များနှင့် များစွာ ရင်းနှီးခဲ့သည်။ အရပ်မြင့်မြင့်၊ မုတ်ဆိတ်ထူထူ၊ နံ့သာရောင် ဥရောပဝတ်စုံကိုသပ်ရပ်စွာ ဝတ်ဆင်လေ့ရှိသော သူ့ကိုယ်ဟန်ကို တင်မောင် ဓာတ်ပုံအများ ရိုက်ခဲ့ဖူးပါသည်။ သူသည် ခန့်ညားသူတဦးဖြစ်သဖြင့် ဝန်ကြီးချုပ်ဦးနုနှင့် တွဲကာ ဓာတ်ပုံရိုက်ရာတွင် ကျက်သရေရှိသည်။ ယခုမူ ယိုယွင်းနေသော စောဘဦးကြီး၏ ခန္ဓာကိုယ်ကို တင်မောင်မရှုရက်ပါ။ ဓာတ်ပုံပင် ကောင်းစွာ မရိုက်နိုင်ပါ။

ကျဆုံးလေသူကို ပြပြီးနောက် အောင်နိုင်သူကို ဓာတ်ပုံရိုက်ကြရန် ပွဲထုတ်ခဲ့လေသည်။ ချက်ချင်း ရာထူးတက်လာသူ ဗိုလ်ကြီးစိန်လွင်ကို သူ့၏ လက်ထဲတွင် အရက်ဖန်ခွက်တခုနှင့် တွေ့ရသည်။ (အောင်ပွဲတော်ကြီးအတွက် အားလုံးတို့ကို ယမကာချောင်းစီးအောင် ဧည့်ခံထား၏)

သူသည် လူငယ်တည်းသာဖြစ်စေကာမူ ရင့်ရော်စပြုနေလေပြီ။ တင်မောင်ထက် အသက်အနည်းငယ် ကြီးဟန်တူသည်။ (နှစ်နှစ်ကြီးသည်) သူ့ကိုယ်လုံးကိုယ်ထည်ကမူ ပိုမိုမြင့်မားပြီး သန်မာညိုမောင်းသည်။ အောင်နိုင်သူ၏ ဝတ်စုံမှာလည်း ရှုံးနိမ့်သူနှင့် မခြားနားပါ။ ညစ်ပတ်ပေရေနေသည်။ သွေးများ ရွှံ့များ ဖုံးနေပါသည်။ သစ်လွင်တောက်ပသော ရွှေကြယ်နှစ်ပွင့်တို့ကသာ ပုခုံးပေါ်တွင် ပြောင်လက်နေကြသည်။ သူ၏ မျက်နှာမှာမူ ညစ်ပေနေသည်။ ခိုင်မာသော မေးရိုး၊ ထူထဲသော မျက်ခုံးတို့က မာန်ဟုန်ပြင်းလှသည်။ သူ၏ မျက်လုံးတို့က ရက်စက်ခြင်း၊ သနားကြင်နာမှု ကင်းမဲ့ခြင်းတို့ကို ထင်ရှားစွာ ပြသနေ၏။

တင်မောင်က Speed Graphic ကင်မရာကြီးကို သုံး၍ ဓာတ်ပုံရိုက်သောအခါ ခွန်အားကြီးမားသော ကင်မရာမှန်ပြောင်းမှတဆင့် သူ၏ မျက်နှာကို အနီးကပ်ကြည့်ခွင့်ရရှိသည်။ ကြာမြင့်စွာ ကြည့်မိသည်။ ယင်းသို့ အသေးစိတ်ကြည့်မိသောအခါတွင် တင်မောင်၏ နှလုံးသားက သိလိုက်ပါသည်။ သူသည် သာမန်လူသားမဟုတ်၊ စက်ဆုပ်ရွံရှာကြောက်မက်ဖွယ် သတ္တဝါကြီးတဦး ဖြစ်နေသည်ကို ရင်လေးစွာ မြင်သိလိုက်ပါသည်။

ရက်၊ လ၊ နှစ်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပါသည်။

ကြောက်မက်ဖွယ်ကောင်းသော ဗိုလ်ကြီးစိန်လွင်အဖို့ သူ၏ ပုခုံးပေါ်တွင် ကြယ်ပွင့်များ တပွင့်ပြီးတပွင့် တိုးနေသည်ဟု သတင်းများ ကြားရလေသည်။ တင်မောင်လည်း မြန်မာနိုင်ငံတွင် အကြီးဆုံးသတင်းစာကြီး၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ်အဆင့်အထိ တက်နိုင်ခဲ့ပါသည်။ ထိုသောအခါတွင် နေ့တနေ့၌ လူသားမဆန်သော သူ၏ မျက်လုံးများကို ဆိုင်မိပြန်ရပါသေး၏။ တော်သေးသည်၊ မျက်တောင်တခတ်သာ ဖျတ်ကနဲ ဆိုင်ကြရသဖြင့် တော်ပါသေးသည်။

၁၉၆၂ ခု၊ ဇူလိုင်လ (၇) ရက်နေ့က ဖြစ်ခဲ့ပါသည်။ မိုးရာသီဖြစ်ပါလျက်နှင့် ထူးထူးခြားခြား မိုးမရွာဘဲ တောက်ပနေသော နေမင်းက ထွန်းလင်းနေပါသည်။

ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားများ ဆန္ဒပြသော သတင်းကို ထောက်လှမ်းရန်အတွက် မိတ်ဆွေသတင်းထောက် (၄) ဦးနှင့်အတူ ကားမောင်းပြီး သွားခဲ့မိသည်။

လွန်ခဲ့သော မတ်လ (၂) ရက်နေ့က အာဏာသိမ်းထားသော တော်လှန်ရေးအစိုးရကို ပထမဆုံး စိန်ခေါ်သည့် အရေးအခင်းဖြစ်သည်။ ကျောင်းသားသမဂ္ဂ ဦးစီးပြီး ပြည်သူတို့ကို ဒီမိုကရေစီအခွင့်အရေးများ ပေးရမည်ဟု တောင်းဆိုဆန္ဒပြနေခဲ့ကြသည်မှာ (၃) ရက်ရှိခဲ့လေပြီ။

ဒုတိယမြောက်နေ့က ဆန္ဒပြပွဲတွင် ရဲတို့၏ လက်ချက်နှင့် ကျောင်းသားတယောက် သေနတ်ဒဏ်ရာရရှိခဲ့၏။

တင်မောင်တို့ ရောက်သွားသောအခါတွင် ကျောင်းသားများက ဆူပူအော်ဟစ်နေပါသည်။ သို့သော် စိတ်နှလုံးညှိုးငယ်မှု မပြုကြပါ။ သုဓမ္မာ တက္ကသိုလ်ပရဝဏ်ကို ပတ်ဆီးထားပြီး 'ဒီမိုကရေစီခံတပ်ကြီး' ဟု ဆိုင်းဘုတ်ကြီး တင်ထား၏။ ကျောင်းဝင်းအတွင်း၌သာ စုရုံးနေကြပြီး အုတ်တံတိုင်းမှ သံပန်းများကို ဆုပ်ကိုင်ကာ ကြွေးကြော်သံအမျိုးမျိုး ဟစ်အော်နေကြသည်။

ဓာတ်ပုံသတင်းထောက် (၂) ဦးက ဓာတ်ပုံရိုက်ကြသောအခါ တင်မောင်တို့ သတင်းထောက်တစုကို မဟာမိတ်များအဖြစ် သူတို့က ကောင်းချီးပေးကြသည်။ ကျောင်းဝင်းတဝိုက်တွင် ယမန်နေ့ကမှ စတင်ကာ အစောင့်ချထားသော ရဲတပ်ကို ရုပ်သိမ်းထားသဖြင့် အခမ်းအနားမှာ ဆန္ဒပြပွဲနှင့်မတူဘဲ ပွဲတော်ကြီးတခုကဲ့သို့ ရယ်ကြ၊ မောကြ၊ အော်ဟစ်ကြနှင့် ဆူညံနေ၏။

ထိုအချိန်ကလေးတွင် ဂျစ်ကားလေးစီးက ရှေ့မှ နောက်မှ စောင့်လာသော ဖီယက်ကားနက်ကလေးတစီး ဖြတ်မောင်းသွားပါသည်။ ကားထဲ၌ ပါသွားသူမှာ ဒု-ဗိုလ်မှူးကြီး စိန်လွင်ဖြစ်သည်။ ကျောင်းသားများက သူ့ကို ကောင်းစွာ မှတ်မိကြသည်။ ပညာအရည်အချင်းကိုလည်း သိကြသည်။ "ဗိုလ်မှူးကြီးတွေက (၃) ယောက်ပေါင်းမှ (၇) တန်းပဲ အောင်ကြတာဟေ့" ဟု ကျောင်းသားတဦးက အသံချဲ့စက်မှ အော်လိုက်ရာ ဝုန်းကနဲ ပွဲကျသွားပြီး ရယ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။

မှတ်မှတ်ထင်ထင် ထိုအခိုက်အတန့်မှာပင် တင်မောင်က မှန်ကားကို လှမ်းကြည့်မိလေသဖြင့် သူ၏ မျက်လုံးကြီးများကို မြင်လိုက်ရပြန်ပါသည်။ ကြောက်မက်ဖွယ်ရာ အရောင်များ ပြောင်လက်နေပါသည်။ သူတို့သည် ကားကို အမြန်မောင်းထွက်သွားကြ၏။

တင်မောင်၏ မျက်စိထဲတွင် ၁၉၅ဝ ခုနှစ်က စောဘဦးကြီး စတေးပွဲတွင် မြင်ခဲ့ရသော မျက်လုံးအရောင်ကို မြင်ရပြန်ပါသည်။ အခြေအနေမှာ ဟန်ပုံမရပါ။ ဗမာ့တပ်မတော်တွင် အာဏာသိမ်းပွဲမစမီ မကြာသေးမီက ဂျာမနီမှ ဝယ်ယူတင်သွင်းလာခဲ့သော ဂျီ (၃) သေနတ်အသစ်များကို ကိုင်ဆောင်ထားသည့် စစ်သားများ ချီလာပါပြီ။ တင်မောင်၏ခေါင်း ပူလာပါသည်။ ချွေးပြန်လာပါသည်။ အကင်းပါးရသည့် တင်မောင်တို့လူစုသည် အလျှင်အမြန် ဘေးကင်းရာသို့ မောင်းပြေးနိုင်ကြပါသည်။ ကျောင်းဝင်းတံခါးကြီးကို ပိတ်ထားသဖြင့် ကျောင်းသားများမှာ မပြေးနိုင်ကြရှာပါ။ စစ်သားများက ကျောင်းဝင်းအတွင်းတွင် ရှိနေသော ကျောင်းသားများကို ပစ်ကြပါတော့သည်။ ဆက်တိုက်ပစ်ကြပါသည်။ တွေ့ရာသမျှကို ဓားးမဆိုင်း ပစ်ခတ်ကြပါသည်။ အဆောင်ဘေးတွင် ဆူပူနေသူများကိုသာမက အဆောင်များပေါ်မှ ကြည့်နေသော ကျောင်းသားများ၊ ဝရန်တာတွင် ထိုင်ကာ စာဖတ်နေသော ကျောင်းသားများ၊ မျက်နှာသစ်၊ သွားတိုက်နေသော ကျောင်းသားပါ အားလုံးတို့ကို စိတ်တိုင်းကျ လက်တည့်စမ်းကြပါသည်။

ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းမည့် စစ်ဆင်ရေးအတွက် နိုင်ငံခြားမှ အထူးဝယ်ယူခဲ့သော ဂျီ (၃) သေနတ်များသည် အစွမ်းထက်လှပါသည်။ လေးထပ်အဆောင်ပေါ်မှ သွားတိုက်နေသော ကျောင်းသားပင် သွားပွတ်တံပါးစပ်ကိုက်လျက် စောက်ထိုးကျလာရှာသည်။

အစိုးရက တရားဝင်ကြေညာရာတွင် ကျောင်းသား (၁၅) ဦးသေပြီး၊ (၂၇) ဦး ဒဏ်ရာရသည်ဟု ဆိုသည်။ ကျောင်းသား (၁၀၀) ကျော် သေခဲ့ရသည်ကို တင်မောင်တို့ သိကြပါသည်။

ဤသို့ မေ့မရနိုင်သော ဖြစ်ရပ်များသည် မိမိ၏ ရင်ထဲတွင် မှတ်မှတ်ထင်ထင်ရှိနေသောကြောင့် ဗိုလ်မှူးကြီးက တွေ့ချင်သည်ဆိုသောအခါတွင် စိတ်ဇဝေဇဝါဖြစ်မိသည်။ သူသည် လုံခြုံရေးကို တာဝန်ယူနေသော အာဏာစက်ပြင်းထန်သည့် ပြည်ထဲရေးဝန်ကြီး ဖြစ်နေလေပြီ။ တင်မောင်က ပြည်သူ့ပိုင်သတင်းစာ အယ်ဒီတာချုပ်များ၏အဖွဲ့ အတွင်းရေးမှူးဖြစ်၏။ သတင်းတခုကို ထုတ်ပြန်လိုသောကြောင့် ဆင့်ခေါ်လေသလော၊ သို့မဟုတ် ပုံနှိပ်ခဲ့သည့် သတင်းတခုကို မေးလိုသောကြောင့်လော၊ သို့လော၊ သို့လော တွေးတောရပါသည်။

ပြည်သူ့ပိုင်အဖြစ် ထုတ်ဝေနေသော သတင်းစာ (၇) စောင်ရှိ၏။ သတင်းမှန်သမျှ ဆောင်းပါးဓာတ်ပုံများနှင့် ကြော်ငြာများကိုပါ အားလုံးတို့ကို တရက်ကြိုတင်ပြီး စိစစ်ကြရလေ့ရှိသည်။ နေ့စဉ် နံနက်တိုင်း တင်မောင်၏ ရုံးခန်းတွင် အယ်ဒီတာချုပ် (၇) ဦး၊ သတင်းစဉ်ဌာန အယ်ဒီတာ (၂) ဦး လာရောက်ကြပြီး နောက်နေ့မှာ ထွက်မည့် သတင်းစာများတွင် ဖော်ပြမည့် စာမူသမျှတို့ကို စိစစ်အတည်ပြုကြရသည်။ အတွင်းရေးမှူးဖြစ်သူ တင်မောင်က အမြဲမှတ်တမ်းတင်ရသည်။

အမှားမရှိအောင် အမြဲကြိုးစားခဲ့ကြသည်။ သို့စေကာမူ သူနှင့် မတွေ့မီတွင် ပို၍ သေချာလေအောင် သတင်းစာထပ်ကြီးကို အကြိမ်ကြိမ်စစ်ဆေးဖတ်ရှုပြီးမှ သူ့ထံသို့ သွားခဲ့လေသည်။

"ပညာရှိ သတင်းစာဆရာကြီးလာပါပြီ။ ထိုင်ပါ၊ ထိုင်ပါ" လောင်ပြောင်သော လေသံနှင့် မဲ့ပြုံးပြုံးပြီး ကြိုဆို၏။ ကုလားထိုင်မှာ ထိုင်ခွင့်ပေးသည်ဆိုတော့ မဆိုးလှပါပေ။

သူက စားပွဲအံဆွဲထဲမှ သတင်းစာ (၃) စောင်ကို ထုတ်ပေးပြီး “ဗမာသတင်းစာဆရာတွေက အလွန်ပညာသားပါပါတယ်၊ သစ္စာဖောက်တယောက်ရဲ့ အကြောင်းကို ရေးထားတဲ့ မျက်နှာဖုံးသတင်းကို ဖတ်ကြည့်စမ်းပါဗျာ” ဟု သူကပြော၏။

ထိုသတင်းမှာ ကုန်သွယ်ရေးဝန်ကြီး စစ်ဗိုလ်ကို ရာထူးမှဖြုတ်သော သတင်းဖြစ်ပါသည်။ တင်မောင်နားမလည်ပါ။ တင်မောင်တို့ သတင်းစာများက အစိုးရကြေညာချက်ကိုသာ ပုံနှိပ်ခဲ့ပါသည်။ အပြစ်မတွေ့ပါ။ တင်မောင်၏ အမူအရာကို သူက ရိပ်မိဟန်တူသည်။ “ကျေးဇူးပြု၍ ဓာတ်ပုံကို ကြည့်ပါ၊ ငနဲက ပြုံးလို့။ သူက အပြစ်ရတာကို ဂရုမစိုက်ဘူးလို့ စာဖတ်ပရိသတ်တွေက ထင်ကြမှာပေါ့၊ စစ်ဝတ်စုံကို ဝတ်ထားတော့ သူက မကြောက်ဘူးဆိုတာ ထင်ရှားပါတယ်။ ဒီဓာတ်ပုံက တပ်မတော်ရဲ့ စိတ်ဓာတ်ကို ကျဆင်းစေပါတယ်။ ပညာရှိ သတင်းစာဆရာတွေက သူ့ကို သူရဲကောင်းဖြစ်အောင် လုပ်ပေးတာပေါ့။”

တင်မောင်မှာ ဝန်ကြီးကို ပြန်ပြောရန် အခွင့်အရေးမရှိပါ။ ရှည်လျားစွာ သူပြောသမျှကို နားထောင်နေရတော့သည်။ ပြီးမှ မိမိယူလာသော သတင်းများမှ တစောင်ကို သူ့ကို ပြလိုက်သည်။ ထိုသတင်းစာမှာ ခပ်မှိုင်းမှိုင်း ဓာတ်ပုံရိုက်ထားသော ရာထူးအဖြုတ်ခံရသူ ဝန်ကြီး၏ပုံကို ဖော်ပြထားသည်။ တင်မောင်ကံကောင်းပါသည်။ ထိုဓာတ်ပုံမှာ မျက်ရည်ပေါက်များ ကျလာတော့မလောက် မှိုင်တွေချေနေရှာသည်။

“ဒီပုံကလည်း သိပ်မနှိပ်ပါဘူး။ စာဖတ်ပရိသတ်က သူ့ကို သနားကြမှာပေါ့။ သူက မျက်ရည်ခံထိုးသလိုမို့ လူထုက သူ့ဘက်ပါသွားမှာပေါ့”

တင်မောင် စကားတလုံးမှ မပြောနိုင်ပါ။ ရှည်လျားသော သူပြောလေသမျှ မိန့်ခွန်းများကိုသာ မှတ်သားရပါသည်။ ခေါင်းငုံ့ကာ ပြန်ခဲ့ရသည်။

မိမိ၏ အဓိက အထက်အရာရှိဖြစ်သော ပြန်ကြားရေးဝန်ကြီးကို ပြန်လည် အစီရင်ခံသောအခါတွင် “သူ့အမိန့်ကို နာခံလိုက်ပါ။ နောက်နောင်မှာ ရာထူးက ဖြုတ်ချခံရသူများရဲ့ ဓာတ်ပုံကို မဖော်ပြပါနှင့်” ဟု အမိန့်ပေးလေသည်။

တင်မောင်၏ ရုံးသို့ ပြန်ရောက်သောအခါတွင် ‘အလုပ်ဖြုတ်ခံရသူများ၏ ဓာတ်ပုံများကို ပုံနှိပ်ဖော်ပြခြင်းမပြုရ’ ဟူသော အထက်အမိန့်ကို လက်နှိပ်စက်ရိုက်ပြီး အယ်ဒီတာချုပ် (၇) ဦးတို့ထံ ပို့လိုက်ရပါသည်။

မဆိုးလှပါ။ တကယ့်တကယ်ပြောရလျှင် စစ်တပ်နည်းနှင့် သတင်းစာထုတ်ဝေရသည်မှာ များစွာ လွယ်ကူပါသည်။

အမိန့်ပေးသူ ဗိုလ်မှူးကြီးစိန်လွင်၏ အကြောင်းကို စာဖတ်သူတို့ သိကြပါသည်။ နောင်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌကြီးအဖြစ် အမြင့်သို့ တက်လာခဲ့ပါသည်။ နိုင်ငံတော်၏ အထွတ်အထိပ် နိုင်ငံတော်သမ္မတကြီးပင် ဖြစ်ခဲ့ပါသည်။ သို့ပင်သို့ငြားသော်လည်း

အိမ်မြင့်တွင် (၁၈) ရက်သာ နန်းစံရပါသည်။ ထောင်ပေါင်းများစွာသော လက်နက်မဲ့ ဒီမိုကရေစီဆန္ဒပြသူများကို သတ်ဖြတ်ခဲ့သောကြောင့် ‘သားသတ်သမားကြီး’ ဟု လူထုက ခေါ်ဝေါ်ကြပါသည်။ လူထုရန်သူကြီးတဦးအဖြစ် သမိုင်းတင်ရစ်ခဲ့ပါသည်။

(မှတ်ချက်။ စောဘဦးကြီး ကျဆုံးကြောင်းသတင်းကို ကြားသိရသောအခါ ဘုရင်ခံဟောင်း ဒေါ်မန်စမစ်က လန်ဒန်တိုင်းမ်သတင်းစာ အယ်ဒီတာထံသို့ ပေးစာရေးရှာသည်။ စောဘဦးကြီးသည် အကြမ်းဖက်သမားမဟုတ်ပေ။ အခက်အခဲ ဆင်းရဲဒုက္ခအမျိုးမျိုးတို့ကို ပျော်မွေ့စွာ ဆက်လက်ကာ တော်လှန်ပုန်ကန်နေဦးမည့်သူဟု ကျွန်ုပ်မမြင်မိပေ။ ဆက်လက်တိုက်ခိုက်နေသည့် နောက်ပိုင်းတွင် နက်နဲသော အချက်များ ရှိနေပေမည်။ အဓိကဝမ်းနည်းဖွယ်ရာမှာ မြန်မာနိုင်ငံအဖို့ အစွမ်းအစရှိသော ခေါင်းဆောင်များ လျင်မြန်စွာ ဆုံးရှုံးနေခြင်းဖြစ်၏။ အောင်ဆန်း၊ ဦးစော၊ စောဘဦးကြီး၊ ဦးတင်ထွဋ်)


Comments

Popular posts from this blog