သေသူ့ရန်ညှိုး နဂါးနီဂျာနယ်
သေသူ့ရန်ညှိုး
နဂါးနီဂျာနယ်
အတွဲ ၂၊ နံပါတ် ၂၂
၂၊ နိုဝင်ဘာ၊ ၁၉၄၀
သတင်းထောက်များသည်(ဂျိန်း)နောက်သို့လိုက်ကြ၏။၁၉၂၀ -ခု၊ နွေဦး မရောက်တရောက်, ဆောင်းရာသီ နှောင်းခါစတွင် သတင်းထောက်ထွေမှာ အမဲလိုက်မုဆိုးပမာ လိုက်ကြ၏။ သတင်းထောက်များ ရန်ဘေးမှ ကျွတ်လွတ် ဝေးရာသို့ (ဂျိန်း)မှာ ပြေးရရှာ လေ၏။ နောက်ဆုံးပရိယာယ်ဥာဏ် အမျိုးမျိုးနှင့်သူကိုယ်ကိုသူ တခါထည်း ဖျောက်လိုက် ရရှာပေ၏၊ ထိုမျှသတင်းကြီးခါ သူ့နောက်သို့ သတင်းထောက်များ လိုက်သည့်အကြောင်း ရင်းက-အောက်ပါအတိုင်း ဖြစ်လေသည်။ ဂျိန်းသည်၊ပဋ္ဌမအချစ်ဦးလင်ယောက်ျားကို၊ အသက် (၁၈)နှစ်တွင် လက်ထပ် လိုက်လေ၏၊ ထိုသူ့ လင်(ဒေးဗစ်မာတင်)မှာ သူနှင့် ညားခါစတွင်၊အသက် ၃၅-နှစ်ရှိ၏၊ ဒေးဗစ်သည် အလွန်ရိုးလွန်း- အ,လွန်း၏။ အလုပ်ကို ရိုသေသူတဦး ဖြစ်၏၊ အိပ်ယာမှ အစောကြီး ထ၏။ အလုပ်ခွင်ကို အစောကြီးဝင်၏၊ ညသို့ တိုင်အောင် အလုပ် လုပ်၏၊ အလုပ်ပြီးမှအိမ်ကိုပြန်၏။
မယားသက်ထားကြောင့် အမျက်ပွားပြီ
ဂျိန်းမှာငယ်ရွယ်၊ စိတ်နုပျို၏၊ ဆံပင် မဲနက်တောက်ပသလောက်၊ ကိုယ်လုံးကိုယ် ပေါက်လှသည်။ သူသည် တနေ့လုံး အစေခံ မိန်းမကြီးမှအပ- အဖေါ်မရှိ၊ တကိုယ်ထည်း နေရ၏။ထိုသို့နေရသည်ကို သူငြီးငွေ့စပြုလာ သည်။ ညတညတွင် ဒေးဗစ်သည် အလုပ်မှ အိမ်သို့ပြန်ခဲ့၏။ အိမ်သို့ ရောက်သော အခါ ဂျိန်းကိုမတွေ့၊ အစေခံမကြီးကို မေးကြည့် ၏၊ဂျိန်းသည်- သူ့ မောင်ဝမ်းကွဲ တယောက်နှင့်-ယခုပင်၊ကပွဲတခုသို့ထွက်သွားကြောင်း အစေခံက ပြောလေသည်။ ဒေးဗစ် ဘာမှ ပြန်မပြောတော့ပေ။ တရှိန်ထည်းကားထဲသို့ ခုန်တက်ခါ၊ ဂျိန်း- မောင်ဝမ်းကွဲ သွားလေ့ သွားထ ရှိသော၊ ကပွဲရုံ . များသို့ အပြင်းမောင်းနှင်လာခဲ့၏။
ကပွဲသို့ ရောက်သောအခါ၊ တံခါးများကို အတင်းတွန်း၍ဝင်၏။ အစောင့်အရှောက်တွေ ကိုတိုက်ခိုက်၍ အထဲသို့ ဝင်လေသည်။ အစုံ အစုံတွဲ၍ ကနေသာ ကပွဲခန်းမကြီးသို့ရောက်လေ၏၊ ဂျိန်းကိုတွေ့ရသည်၊ ဒေါသ အလွန်ဖြစ်သွား၏။ သူ့ မျက်စိထဲတွင် ဘာမှ မမြင်တော့ပေ၊ ဂျိမ်းလက်မောင်းကိုတအား ကိုင်၍အပြင်သို့ ဒလကြမ်း ဆွဲထုတ်လာ၏။ ကားထဲသို့အတင်းသွင်းလိုက်၍၊ ကားထွက်ခဲ့ လေ၏။ ကားထဲတွင် “မင်းတို့ မိန်းမတွေရဲ့ နေရာဟာ-အိမ်နှင့် မီးဖိုချောင်၊ ကပွဲဆိုတာ လူတကာနဲ့ တွဲနေရတယ်၊ ဒါမင်းတို့လိုမိန်းမ ထွေအဘို့မဟုတ်ဘူး၊ မင်း-သူများတကာနဲ့ ဒီလိုတွဲကတာ- ငါမကြည့်ချင်ဘူး၊ ငါ့ကို သဝန်တိုတယ် သဘောထားသေးသိမ်တယ် ဆိုရင်- ငါဝန်ခံတယ်။ ငါဝန်တိုတယ်, သဘောထားသေးတယ်၊ သေးတာမှ မင်းငါ့မယား- ငါ့စကား နားထောရင်မယ်၊ မင်း အိမ်ကဘယ်မှ မသွားရဘူး"ဟု ဆိုလေ၏။
များမကြာမီ ဤကိစ္စပြီးသွား၏။ သို့သော် ဂျိန်းမှာ-ပျော်ရွှင်မှုကို ပို၍ပို၍သာ၊အာသာ ငင်ငင်-တပ်မက်လျှင်ခြင်း ဖြစ်နေလေသည်။ တမ်းတနေမိရှာပေ၏။ ထို့ကြောင့် သူ့မောင် ဝမ်းကွဲအား၊တိတ်တဆိတ် အတွေ့ခံလေ၏။ ဂျိန်းနှင့်သူ မောင်ဝမ်းကွဲတို့ တွေ့ဆုံခြင်းမှာ ဘာမှအမှားမရှိပေ။ ပကတိ သန့်ရှင်း၏၊ ရိုးရိုး ခင်မင်ခြင်းဖြင့် တွေ့၏၊ ဂျိန်းသည်၊အသက် ငယ်သော်သည်း-လော်မာသောစိတ်မရှိရှာ၊ ဂျိန်းသည်-သာမန် တော်သင့်ရုံမျှသာ တခြားမိန်းမများကဲ့သို့ ပျော်ရွှင်နေလိုမှုကိုသာ အလိုရှိရှာ ပေသည်။ ထိုပျော်ရွှင်ခြင်းကို ဒေးဗစ် -ခွင့်မပြုပေ။
ချစ်မီးလျှံ
ဂျိန်းနှင့် သူမောင် တဝမ်းကွဲ တို့၏ အ ကြောင်း-အရောင်းအဝယ် စကား တို့မှာ အ ပြောများခဲ့လေပြီ၊ တီးတိုး သမား- အတင်း ပြောသန်သူလည်း များခဲ့ လေ၏။၊ ထိုစကားရောင်း,စကားဝယ်,တီးတိုး အတင်းပြောသံ တချို့သည်၊ ဒေးဗစ်-နားသို့ ပေါက်ကြားလာ လေသည်။ ချိန်ခွင်လျှာသဘောဖြင့် မည်သူတဦးမှ နှိုင်းနှိုင်း ချိန်ချိန် ဖြောင်းဖြောင်းဖျဖျ မပြော၊အားလုံးပင် သူအား အဆင်းတွန်းကြ လေသည်။ သူ၏ ရင်ထဲတွင် မီးလောင်နေသလိုဖြစ်နေရှာ၏။
ကြမ္မာငင်သောည
၁၉၁၉-ခုနှစ် ကုန်ဆုံး၍- နှစ်သစ်ကူးပွဲတော် အချိန်တွင်၊ ကြေကွဲဘွယ် အဖြစ်အပျက်သူတို့ဇာတ်လမ်းကလေးသည်၊ ဖြစ်ပေါ် စပြုလေသည်။ ဒေးဗစ် သည် အတော်အဖိုးတန်သော လည်ဆွဲ တန်ဆာ တခုကို သူ့မယား ဂျိန်းအားဝယ်ပေးလေသည်။ ညနေရီ- နေချို ချမ်းသော အခါတွင်၊ ဂျိန်းအား ဒေးဗစ်သည်၊ ဤမြို့မှ ၁၅-မိုင်မျှကွာဝေးသေါ ယာတော အိမ်တခုသို့ သူ့မောင်ဝမ်းကွဲနှင့် သွားရောက် လည်ပတ် လိုက၊ လည်ပတ်နိုင်ကြောင်းခွင့်ပေး ပြောကြားလေသည်။
“မောင်ဟာ- အတော်သဘောထားသေး သိမ်တယ်နော်” ဟု သူကိုယ်ကို သူ ဝန်ခံသလိုပြောပြီးမှ “ဒါပေမဲ့-မောင်အခုစိတ်တွေ သိသိသာသာကြီး ပြောင်းပစ်လိုက်ပါပြီ၊ မင်း သွားချင်တဲ့သူ- လယ်ချင်တဲ့အဖွဲ့ နေရာတွေကိုသွားပါ၊ မောင်လိုက်လာပြီး မနှောက်ယှက် တော့ဘူး။ ငါဒီလိုဘဲ (မီးပေါင်းဖို) နားမှာထိုင်ပြီးမင်းမလာမခြင်း စာဘတ်ရင်းစောင့်နေပါ့ မယ်"ဟုပြောလေ၏။ သူ့အသံသည် တကဲ့ ဝမ်းထဲမှလှိုက်၍ ထွက်လာသော အသံဖြစ်၏။ ထိုစကားများကို ကြားလိုက်သောအခါ ဂျိန်းမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏၊ မိမိလင်ယောက်ျား စိတ်သဘော ပြော့ပျောင်း လာပုံ၊ မိမိအပေါ် ခွင့်ပြုပုံတို့ကို ကျေးဇူး တင်ရင်း-အိမ်ကထွက်ခဲ့သည်။
ဂျိန်းသည်-နှစ်သစ်ပျော်ပွဲမို့ ပေါင်းသင်း, ပေါင်းဟောင်းများ အိမ်သို့ လည်ပတ်နေ၏။ သူ့ အိမ်သို့ နံနက် မိုးလင်းမီ၊ သုံးနာရီထိုးမှ ပြန်လာတော့သည်။ အိမ်ကိုရောက်၍ စားသောက်ခန်းသို့ ဝင်လိုက်မိသည် တပြိုင်နက် ဂျိန်း၏ မျက်လုံးတို့မှာ၊ ပြူးကျယ်လန့်ဖြန့် ၍သွားလေ၏။ သူ ယောက်ျား ဒေးဗစ်မှာ၊ စာပွဲပေါ်၌ မှောက်ရက်သားကလေး လဲနေလေ၏။ ခြောက်လုံးပြုး တလက်သည်၊ ဒေးဗစ်၏ လက်ထဲတွင်ဆုတ်ကိုင်ထားလေ၏။ စက္ကူဖြူကလေး တရွက်သည်၊ ဒေးဗစ် ရှေ့တွင် ရှိ၏။ ဒေးဗစ်သည် သူ့ဦးခေါင်းကို သူ့သေနတ်နှင့် ပစ်သတ်သေနေရှာသည်။
ဂျိန်းသည် စာပွဲသို့ပြေး၏၊ ရစ်ဝိုင်းပြည့်လျှံနေသော မျက်ရည်တို့ဖြင့်၊ စက္ကူဖြူတွင် ရေးထားသောစာများကို ဘတ်လေသည်။ ထို စက္ကူတွင် ဤသို့ ရေးထား၏။ (ဂျိန်း)မင်း မောင်ဝမ်းကွဲ နှင့် နေရစ် ပေတော့၊ ငါဟာ မင်းနှင့် မထိုက် တန်သူ တယောက် ဖြစ်ကြောင်း၊ငါ့အပေါ်မှာမင်းဟာနှစ်နှစ်ကာကာချစ်ပုံ မရ၊ ကြင်နာ ထောက်ထားမယ်လဲ မထင်၊ ဒါကြောင့်-မချမ်းမြေ့ မကြည်ရွှင်သော၊ ငါ့ဇာတ်လမ်းကြီးကို ဤကဲ့သို့ပင် ငါသိမ်းသွားပြီ”ဟု ရေးသား ထားလေသည်။
ဂျိန်းမှာပူဆွေးလေ၏၊မိမိလင်, မိမိအပေါ်၌အထင်မှား၍ သေရသည်၊ မိမိကြောင့်ဟု စိတ်စွဲ၏။ အဘယ်မှာဂျိန်းဝယ် ဖြေဖျောက်၍ ရပါအံ့နည်း။
ရက်များမှ၊ လ,သို့ကူး၍၊ဒေးဗစ်ဆုံးသည်မှာ၊ အတော်ကလေးကြာလေပြီ။ ဂျိန်းသည်၊ ဒေးဗစ်ကို သတိရတိုင်း၊ “မင်းမောင်တဝမ်း ကွဲနှင့် နေရစ်ခဲ့ပေတော့” ဟူသော စာလုံးကို ပြေးသတိရမိ၏။ ဒေးဗစ်သည်၊ အထင်မှား၍ မိမိမောင်ဝမ်းကွဲနှင့် မိမိအား သမုတ်ခဲ့သည်။ သို့သော်- သူသမုတ် ခြင်းမှာ မိမိ၏ မသစ် မလွင် ဟောင်း နွမ်းနေသော အချစ်စိတ်ကို နှိုးဆော် ပေးသည်နှင့် တူနေပေ၏။ ထိုကမှရှေးယခင်က မောင်ချစ် နှစ်မချစ်-ချစ်ခဲ့သော မိမိမောင်ဝမ်းကွဲကို တွေ့တိုင်း၊ ဂျိန်းသည် စိတ်တမျိုးဖြစ်ဖြစ်သွား၏။ စိတ်တမျိုးမျိုးဖြစ် သွားရာမှ၊ မသိမသာအချစ်စိတ်သည်၊ မောင်တဝမ်းကွဲ အပေါ်ညွတ်လေသည်။ နောက်ဆုံး သူတို့သည် လက်ထပ်ရန် စီစဉ်လေတော့၏။ ဂျိန်းသည် သွားလေသူ ထားပစ် ခဲ့သော ပစ္စည်းများ နှင့်ပင် တင့်တယ်စွာ ထိုအိမ်မှာပင်နေ၏။
သူ့ရန်ညှိုး
ညတညတွင်၊ လက်ထပ်ခါး ဇနီးမောင်နှံလောင်းနှစ်ဦးသည်၊ ဝရံတာတွင် ထိုင်နေရင်း မောင်ဝင်းကွဲ)က၊တစုံတရာသူသောက် ချင်ကြောင်းပြောရာ ဂျိန်းသည်၊ပြုံး၍၊ “ဝိုင်အရက်တော့ မြေတိုက်ခန်းထဲမှာခန်းလုံးပြည့် ဘဲသောံမလား”ဟု မေးခါ၊ ဝိုင်တပုလင်း သွား ယူလေ၏။ ဝိုင်ပုလင်းကိုဖွင့်ခါ၊ မောင်ဝမ်းကွဲ (ဟေးလီ) သောက်လေသည်။ မိနစ်အနည်းငယ်အတောအတွင်းမှာပင် (ဟေးလီ) ယိုင်လဲကျ သွားလေ၏။ တခါတည်း စကားမေး မရပေ။ ဂျိန်းမှာ စိုးရိမ် လန့်ကြောက်လှသဖြင့် ဆရာဝန် ကို တယ်လီဖုန်းနှင့် ခေါ်လေ၏။ ဆရာဝန် မရောက်မီ၊ (ဟေးလီ) သေလေသည်။ဂျိန်းမှာ ကြောက်လွန်းအားကြီးသဖြင့် ဆရာဝန် ရောက် လျှင်ပင်၊ မေ့မော သွားလေသည်။
ဤကိစ္စသည်၊ ဂျိန်းအား အမှုပတ်လေပြီ။ ပုလိပ်များသည်၊ အမျိုးမျိုးချောက်လှန့်၍ မေး လေသည်။ ဆရာဝန် ကလည်း၊ အဆိပ်ခပ်သတ်ကြောင်းအစစ်ခံလေ၏။ အမျိုးမျိုးမေး၍မရမှ-ပုလိပ်များသည်၊ ဂျိန်း ဝယ် အပြစ်မရှိကြောင်းထင်လျှား၍လွှတ်လိုက်၏။ သို့သော် ထိုအမှုကို အထူး ပုလိပ် များဖြင့် စုံစမ်းလေသည်။
သွားလေသူ့လက်ချက်
တလမျှထိုအမှု ကြာသောအခါ၊ မြို့အပြင်ဘက်-မိုင် ၆ဝ-ကွာအရပ်မှ ကြွက်သတ်ရန်ဆို၍၊ ဆေးဆိုင် တဆိုင်မှ လူတယောက် အဆိပ် ဝယ်သွားသည်ကို၊ ပုလိပ်များသိရ လေသည်။ပုလိပ်များသည် (မာတင်)၏ ဓာတ်ပုံ ကိုယူ၍ ထိုဆိုင်သို့ ပြန်သွား၏။ [ဒေးဗစ် မာတင်] ပုံကိုပြ၏။ဆေးဆိုင်ရှင်သည်၊ ‘သူ’ ပါဘဲ၊ လွန်ခဲ့သော တလလောက်က အဆိပ်တွေဝယ်သွားတာဟုပြောလေ၏။ လက်မှတ် ထိုး၍ဝယ်သဖြင့်(ဒေးဗစ်)၏ လက်မှတ်လည်းရှိလေ၏။
ထိုအခါ{ဒေးဗစ်}၏ အထူး ချစ်ကျွမ်းဝင်သောသူများမှာ၊(ဒေးဗစ်)ပြောသော စကား တခုကိုသွား၍ သတိရကြ၏။ “ဟင်…ဒင်းတို့ နှစ်ယောက်- ငါသေသွားတောင် မညားရပါ ဘူးကွာ”ဟူသော စကားကို (ဒေးဗစ်)မသေမီ၊ပြောဘူးလေ၏။
ထို သတင်းကြောင့်၊ သတင်းထောက် ထွေမှာ၊ အလျှို အလျှို ဂျိန်းထံ လာကြ၏။ သတင်းယူကြ၏။ အမေရိကံ သတင်းစာတိုင်း၌ (သေသွားသူ လင် ယောက်ျားက-အဆိပ်ခပ်ခြင်းခံရသူမိန်းမ)ဟုခေါင်းစဉ်ကြီးနှင့် တသီ တတန်းကြီးရေး၏။
ဂျိန်းမှာ– ထိုသတင်းတို့ ဘေးမှ ပြေးထွက်ခါ၊ နှစ်ပေါင်း ၁၉ နှစ်လုံးလုံး မှောင်ခို၍ နေခဲ့၏။ ယခုမူ၊ သူတကဲ့ ချစ်သူ တဦးနှင့် လက်ထပ်လိုက်လေပြီ။ သို့သော် သွားလေသူ လင်ကြီးနှင့်-မပေါင်းလိုက်ရသော သူ့ချစ်သူတို့အား၊အဘယ်ဝယ် ဂျိန်းမေ့ နိုင်ပါအံ့နည်း။
Comments
Post a Comment