အမေ့အတွက် ပန်းစည်းတစည်း ဘာသာပြန် ဝတ္ထုတို
ဘာသာပြန် ဝတ္ထုတို
ကျွန်မ အသက် (၁၂) နှစ်အရွယ်တုန်းကပေါ့။ အနီးနားက ပန်းဆိုင်လေးတဆိုင်ကနေ ပန်းတွေကို ယူပြီး အမေ့ရဲ့ ဂူဗိမာန်လေးမှာ သွားထားခဲ့ဖူးတယ်။ အမေဆုံးပါးသွားတာ တနှစ်ရှိပြီဖြစ်သလို၊ အဖေကလည်း အလုပ်တွေအရမ်းများနေတာကြောင့် ကျွန်မ ဘယ်အချိန်မှာ ပျောက်ပျောက်သွားတတ်မှန်းကို သတိမထားမိခဲ့ဘူး။ ကျွန်မမှာ ပိုက်ဆံမရှိပေမယ့် အမေ့ဆီကို ပန်းလေးတွေ ယူသွားပေးရတဲ့အခါ အမေနဲ့ ပိုနီးစပ်သွားသလို ခံစားရတယ်။ လှပတဲ့အရာတခုခုက ကျွန်မတို့နှစ်ယောက်ကြားမှာ ချိတ်ဆက်ပေးနေသလိုမျိုးပေါ့။
နေ့လယ်ခင်းတခုမှာတော့ ဆိုင်ပိုင်ရှင်က ကျွန်မကို လက်ရဖမ်းမိသွားပါတော့တယ်။
နှင်းဆီပန်းအနည်းငယ်ကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း ကျွန်မတကိုယ်လုံး ကြက်သီးတွေထပြီး တုန်ရင်နေခဲ့တယ်။ ဆူပူကြိမ်းမောင်းတာ ဒါမှမဟုတ် ဒီထက်ဆိုးတဲ့ အပြစ်ပေးမှုတွေအတွက် ပြင်ဆင်ထားလိုက်တယ်။ ဒါပေမဲ့ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ အသက် (၅၀) ကျော်အရွယ် အမျိုးသမီးကြီးဟာ ကြင်နာတတ်ပေမယ့် မောပန်းနွမ်းနယ်နေတဲ့ မျက်ဝန်းတစုံနဲ့ ကျွန်မကို စိုက်ကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်တယ်။
"ဒါ မင်းအမေအတွက်ဆိုရင် တောင်းပါကွယ်။ ခိုးယူလာတဲ့ ပန်းတွေထက် တောင်းယူလာတဲ့ ပန်းတွေ ကို မင်းအမေက ပိုပြီးတန်ဖိုးထားပါတယ်။"
ကျွန်မ သူ့ကို စိတ်ရှုပ်ထွေးစွာနဲ့ မော့ကြည့်ပြီး မေးမိတယ် - "အန်တီ... ကျွန်မကို စိတ်မဆိုးဘူးလားဟင်"
သူမက ခေါင်းခါပြတယ်။ "မဆိုးပါဘူး။ နောက်တခါကျရင်တော့ ဆိုင်ရဲ့ အိမ်ရှေ့တံခါးကနေပဲ ဝင်လာခဲ့ပါ" တဲ့။
အဲဒီနေ့ကစပြီး အရာအားလုံး ပြောင်းလဲသွားခဲ့တယ်။ ကျောင်းဆင်းတိုင်း ဆိုင်ထဲကို ကျွန်မ ဝင်လာခဲ့တယ်။ ဆိုင်ထဲမဝင်ခင် ခြေထောက်ကို သေသေချာချာသုတ်တယ်။ ပြီးရင် အမေကြိုက်လောက်မယ့် လီလီပန်းတွေ၊ တူးလစ်ပန်းတွေနဲ့ ဒေစီပန်းလေးတွေအကြောင်း သူ့ကို တိုးတိုးလေး ပြောပြဖြစ်တယ်။ သူမက ကျွန်မဆီကနေ ပိုက်ဆံတပြားမှ မတောင်းခဲ့ဖူးဘူး။ တခါတရံမှာတော့ ပြုံးပြီး ပြောတတ်သေးတယ်။
"မင်းအမေက ပန်းရွေးတာ တော်သားပဲ" ဆိုပြီး ပန်းတပွင့် အပိုထည့်ပေးတတ်တယ်။
အဲဒီပန်းဆိုင်လေးဟာ ကျွန်မရဲ့ ခိုလှုံရာ ဖြစ်လာခဲ့တယ်။ ဆိုင်ထဲမှာ လတ်ဆတ်တဲ့ မြေဆီလွှာနံ့နဲ့ နေရောင်ခြည်နွေးနွေးရဲ့ ရနံ့တွေ သင်းပျံ့နေတတ်တယ်။ အဲဒီနေရာဟာ ဝမ်းနည်းပူဆွေးမှုတွေ များလွန်းနေချိန်မှာတောင် အသက်တွေ ဆက်လက်ရှင်သန်ကြီးထွားနေတဲ့ နေရာတခုပေါ့။ သူမဟာ ကျွန်မဆီက ဘာမှပြန်မမျှော်လင့်ဘဲ ရိုးရိုးသားသားနဲ့ မေတ္တာတွေ ပေးကမ်းခဲ့တာပါ။
(၁၀) နှစ် ကြာပြီးနောက်မှာတော့ ကျွန်မ အဲဒီမြို့လေးကို ပြန်ရောက်လာခဲ့တယ်။ ကျွန်မ ပြောင်းရွှေ့သွားပြီး ကောလိပ်တက်ကာ ဘဝကို အသစ်က ပြန်တည်ဆောက်နေခဲ့ပေမယ့် သူမကိုတော့ ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ ဒီတခါတော့ ကျွန်မရဲ့ မင်္ဂလာပွဲအတွက် ပန်းမှာဖို့ ပြန်လာခဲ့တာပါ။
ဆိုင်လေးထဲ ဝင်လိုက်တဲ့အခါ ဆိုင်လေးက အရင်ကထက် ပိုဟောင်းပြီး ကျဉ်းသွားသလို ခံစားရတယ်။ ဆိုင်းဘုတ်လေးက မှိန်ဖျော့နေပေမယ့် ရင်းနှီးနေတဲ့ ရနံ့ကတော့ အရင်အတိုင်းပါပဲ။ သူမဟာ ကောင်တာနောက်မှာ ရပ်နေတုန်းပဲ၊ ဆံပင်တွေကတော့ ငွေရောင်သန်းနေပြီပေါ့။ သူမ ကျွန်မကို မမှတ်မိတော့ဘူး။
"ကျွန်မ မင်္ဂလာပွဲအတွက် ပန်းစည်းတစည်း လိုချင်လို့ပါ"
သူမရဲ့ မျက်နှာလေး ဝင်းပသွားတယ်။ "ဂုဏ်ယူပါတယ် သမီးလေးရယ်။ ဘယ်လိုပန်းမျိုး လိုချင်လို့လဲ"
"ဒေစီပန်းတွေပါ" လို့ ကျွန်မ တွန့်ဆုတ်မနေဘဲ ဖြေလိုက်တယ်။
သူမ ပန်းတွေကို ထုပ်ပိုးနေတုန်းမှာ ကျွန်မ တိုးတိုးလေး ပြောလိုက်တယ်။ "အန်တီ... ဟိုးအရင်တုန်းက မိန်းကလေးတယောက်ကို ပိုက်ဆံမယူဘဲ ပန်းတွေယူခွင့်ပေးခဲ့ဖူးတယ်လေ။ သူ့အမေရဲ့ ဂူဗိမာန်မှာ သွားထားဖို့အတွက်လေ..."
သူမရဲ့ လက်တွေ ရပ်တန့်သွားပြီး ကျွန်မကို ဖြည်းဖြည်းချင်း မော့ကြည့်လာတယ်။ "အဲဒါ... သမီးလား"
ကျွန်မ ခေါင်းညိတ်ပြလိုက်တော့ သူမရဲ့ မျက်ဝန်းတွေထဲမှာ မျက်ရည်တွေ ပြည့်လျှံလာတယ်။
"မင်းရဲ့အမေကို အန်တီသိတာပေါ့" လို့ သူမက တိုးတိုးလေး ပြောတယ်။ "မင်းအဖွားကိုလည်း သိတယ်။ ဒီဆိုင်ကို အန်တီစဖွင့်တုန်းက သူတို့က ငါ့အပေါ် သိပ်ကြင်နာခဲ့ကြတာ။"
သူမက ဒေစီပန်းလေးတွေကို ညင်သာစွာ ပွတ်သပ်ရင်း ဆက်ပြောတယ်။ "မင်းအမေက တနင်္ဂနွေနေ့တိုင်း လာတတ်တယ်။ သူက ဒေစီပန်းတွေကို အမြဲရွေးတယ်။ ဒေစီပန်းလေးတွေက အိမ်နဲ့တူတယ်လို့ သူ အမြဲပြောလေ့ရှိတယ်..."
ကျွန်မ လည်ချောင်းထဲမှာ တဆို့သွားသလို ခံစားရတယ်။ အဲဒီအကြောင်းကို ကျွန်မ တခါမှ မသိခဲ့ဖူးဘူး။
"အမေက အဲဒီအချစ်တွေကို သမီးဆီ လက်ဆင့်ကမ်းပေးခဲ့တာ ဖြစ်မှာပါ။ အခုတော့... သမီးက ကိုယ့်ကိုယ်ပိုင်ခရီးကို စတင်နေပြီပဲ"
သူမက ပန်းစည်းကို အဖြူရောင်ဖဲကြိုးလေးနဲ့ သေသေချာချာ ချည်ပေးလိုက်တယ်။ "ဒါကတော့ အခကြေးငွေ မယူပါဘူးကွယ်။ အရင်တုန်းက အမှတ်တရတွေအတွက်ပါ" လို့ နူးညံ့စွာ ပြုံးရင်း ပြောတယ်။
ဒါပေမဲ့ ဒီတခါတော့ ကျွန်မ ပိုက်ဆံကို ကောင်တာပေါ်မှာ တင်ထားခဲ့လိုက်တယ်။
"မဟုတ်ဘူး အန်တီ။ အခု ကျွန်မအလှည့် ရောက်ပြီလေ"
သူမ နွေးထွေးစွာ ပြုံးပြတယ်။ "မင်းအမေကတော့ သမီးအတွက် သိပ်ဂုဏ်ယူနေမှာပါပဲ"
ဆိုင်အပြင်ဘက်ရောက်တော့ နေရောင်ခြည်ဟာ လက်ထဲက ဒေစီပန်းလေးတွေပေါ်ကို ဖြာကျနေတယ်။ ပန်းရနံ့လေးကို ရှူရှိုက်လိုက်ရင်း နှစ်ပေါင်းများစွာ ရင်ထဲမှာ အမြစ်တွယ်ခဲ့တဲ့ နာကျင်မှုတွေဟာ ပထမဆုံးအကြိမ်အဖြစ် ပျောက်ကွယ်သွားသလို ခံစားရတယ်။ အဲဒီအစား နွေးထွေးမှုတွေက အစားထိုးဝင်ရောက်လာပြီး အမေဟာ ကျွန်မဘေးမှာ ရှိနေသလိုမျိုး ခံစားလိုက်ရတယ်။
အဲဒီအချိန်မှာ ကျွန်မ တခုကို နားလည်လိုက်တယ် -
ကြင်နာမှုဆိုတာ ပေးကမ်းလိုက်ရုံနဲ့ ပြီးဆုံးသွားတဲ့အရာ မဟုတ်ဘူး။ တခါတရံမှာ အဲဒီကြင်နာမှုဟာ အချိန်ကြာလာလေလေ တိတ်တဆိတ် ကြီးထွားလာလေဖြစ်ပြီး ပြန်လည်ပွင့်လန်းဖို့အတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေတတ်တာမျိုးပါ။
ကျွန်မ တချိန်က ခိုးယူခဲ့ဖူးတယ်လို့ ထင်ခဲ့တဲ့ ဒေစီပန်းလေးတွေဟာ... တကယ်တော့ အစကတည်းက ကျွန်မအတွက် မေတ္တာနဲ့ ပေးအပ်ထားပြီးသား ပန်းလေးတွေပါပဲ။
Comments
Post a Comment