လေးပွင့်ဆိုင် (Audiofile)
"လေးပွင့်ဆိုင်" (တစ်ကျွန်းပြန်မဂ္ဂဇင်းဝတ္ထုရှည်များ) စာရေးသူ - ရွှေဥဒေါင်း စာဖတ်သူ - နန်းသိင်္ဂီ ကြာချိန် - ၁ နာရီ ၄၄ မိနစ် *ဇာတ်လမ်းအကျဥ်း* စုံထောက် ဦးစံရှားနှင့် ၎င်း၏မိတ်ဆွေ ကိုသိန်းမောင်တို့ထံသို့ မအုန်းခင်အမည်ရှိ အမျိုးသမီးတစ်ဦး ရောက်ရှိလာပြီး လွန်ခဲ့သော (၁၀) နှစ်ခန့်က ပျောက်ဆုံးသွားသည့် သူမ၏ဖခင် ဦးဘမြင့်၏အကြောင်းကို အကူအညီတောင်းခံရာမှ စတင်ခဲ့ပါသည် ။ သူမ၏ဖခင်မှာ တစ်ကျွန်းရှိ အကျဉ်းထောင်အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ရန်ကုန်သို့ပြန်လာစဉ် ရုတ်တရက်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ၊ ထူးဆန်းသည်မှာ ထိုအချိန်မှစ၍ နှစ်စဉ် မေလ (၁) ရက်နေ့တိုင်း မအုန်းခင်ထံသို့ အဖိုးတန်ပုလဲတစ်လုံးစီ အမည်မသိသူတစ်ဦးက ပေးပို့နေခြင်းဖြစ်သည် ။ ယခုနောက်ဆုံးတွင် အဆိုပါပုလဲများပေးပို့သူက မအုန်းခင်အား တွေ့ဆုံရန် ချိန်းဆိုခဲ့ပြီး ဦးစံရှားတို့နှင့်အတူ သွားရောက်တွေ့ဆုံရာတွင် ဖခင်ဖြစ်သူ၏ အကျဉ်းထောင်လုပ်ဖော်ကိုင်ဖက် ဦးကျော်ရှိန်၏သား မောင်ညွန့်သိန်းနှင့် တွေ့ဆုံခဲ့ရသည် ။ မောင်ညွန့်သိန်း၏ ပြောပြချက်အရ ၎င်းတို့၏ဖခင် ဦးကျော်ရှိန်နှင့် မအုန်းခင်၏ဖခင် ဦးဘမြင့်တို့သည် တစ်ကျွန်းတွင်ရှိစဉ်က ရရှိခဲ့သော ရတနာပစ္စည်းများနှင့်ပတ်သက်၍ အချင်းချင်း အငြင်းပွားရာမှ ဦးဘမြင့်မှာ မတော်တဆ သေဆုံးခဲ့ရကြောင်းနှင့် ထိုရတနာများထဲမှ မအုန်းခင် ရသင့်ရထိုက်သည့် ဝေစုအဖြစ် ပုလဲများကို လျှို့ဝှက်ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည် ။
Comments
Post a Comment