ပထဝီကသိုဏ်း ရေးသားသူ - ကေတုဘုန်းမော် သောကြာစာစောင် (၁၉၆၂ ဧပြီလ)
ပထဝီကသိုဏ်း
ရေးသားသူ - ကေတုဘုန်းမော်
သောကြာစာစောင် (၁၉၆၂ ဧပြီလ)
ဦးနန္ဒသည် ဝိပဿနာနည်းပြ ဆရာတော်တပါးအဖြစ် ထင်ရှားသော ရဟန်းတပါးဖြစ်လေ၏။ ရဟန်းဘောင်သို့ တက်ရောက်ခဲ့ကတည်းက၊ သူ၏မယ်တော်နှင့်ခွဲခွာပြီး၊ တောင်ငူမြို့မှ ဝိပဿနာ ဆရာတော်တပါးထံ၌ ပညာဆည်းပူးခဲ့၏။ သူ၏မိခင်အိုကြီးမှာ အမေတယောက် သားတယောက်မို့၊ သားကို အားကိုးခဲ့သော်လည်း၊ သားမှာရဟန်းဘဝဖြင့်သာ ပျော်နေသောကြောင့်၊ စားဝတ်နေရေးထက် သားမောင်ရဟန်းဘဝတွင် ပျော်ရွှင်နေပုံကို မြင်ရသောအခါ သာယာကြည်နူးမိလေ၏။
ဦးနန္ဒမှာ မယ်တော်နှင့် မိမိဒေသ တောရွာလေးကို ခွဲခွာကာ ဝိပဿနာဆရာတော်ထံ၌ ပညာသင်ကြား တတ်မြောက်လာသည်၏ အချိန်တွင် သူ့ဆရာတော်ဘုရားသည် ပျံလွန်တော်မူသွားသဖြင့် ထိုဆရာတော်၏ကျောင်း၌ပင် ကျောင်းထိုင်ပုဂ္ဂိုလ် ဖြစ်လာလေတော့၏။
ဝိပဿနာ စီးဖြန်းပုံ စီးဖြန်းနည်းကို ဆရာကောင်းတပည့်ပီပီ ဦးနန္ဒမှာ ထူးထူးချွန်ချွန် တတ်မြောက်လေသည်။ ကျွမ်းကျင်အောင်လည်း သူ့ကိုယ်တိုင် ကြိုးစားသည်။ နောက်ပြီး သူ့ပတ်ဝန်းကျင်မှ သူ့ကို ကြည်ညိုကြသော ဒကာဒကာမများကို လက်တွေ့ သင်ကြားပြသပေးမှုကြောင့် တရားပြကောင်းပုဂ္ဂိုလ်တဦး အနေဖြင့် တမဟုတ်ခြင်း နာမည်ကျော်ကြားလာကာ ပရိသတ်အကြိုက် ဖြစ်လာလေ၏။
ယခင် ချောက်ကပ်ကပ်နိုင်လှသော ကျောင်းကလေးမှာ ယခု ဦးနန္ဒ၏ တန်ခိုးထွားလာသောကြောင့် သာယာစိုပြေနေ၏။
လက်တွေ့ ဝိပဿနာ စီးဖြန်းအားထုတ်လာကြသူများမှာ အရာရှိပိုင်း၊ သူဌေးပိုင်းကပါ ပါလာသောကြောင့် လှူဖွယ်တန်းဖွယ်များပင် ဖေါခြင်းသောခြင်းဖြစ်ကာ ကျောင်းတွင် ပိုလျှံလာတော့၏။ ထိုအခါ ဦးနန္ဒသည် တောမှ ဇရာအိုပြီး ဆင်းဆင်းရဲရဲဖြင့် နေရသော သူ၏မယ်တော်ကို ပြုစုကျွေးမွေးရာလည်းရောက်၊ သူ၏တတ်ထားသော တရားရေအေးအမြိုက်ဆေးကို တိုက်ကျွေးရာလည်းရောက်အောင် သူ့ကျောင်းသို့ခေါ်လေ၏။
သူ၏မယ်တော် ရောက်လာသောညတွင် ကျောင်းအခန်းတခု၌ ကောင်းမွန်စွာထားပြီး၊ ဝိပဿနာတရားကို လက်တွေ့ကျင့်သုံးရန်အတွက် ဦးနန္ဒသည် ဤသို့မိန့်ကြားလိုက်၏။
“ဒကာမကြီး ဒီညကစပြီး လက်တွေ့ ဝိပဿနာတရားကို ကျင့်ရမယ်။ အဲဒီအခါမှာ ဝိပဿနာရဲ့ သိမ်မွေ့နက်နဲတဲ့ သဘောတရားကို တွေ့လိမ့်မယ်။ ထွက်သက် ဝင်သက် အာနာပါနာရဲ့ သဘောတရား၊ စိတ်တည်ငြိမ်လာတဲ့အခါ အာရုံမှာ ဖြစ်ပေါ်လာတဲ့ သဘောတရားတွေကို တွေ့ရရင် ဝိပဿနာရဲ့တရားကို ဒကာမကြီး သိပ်ကြည်နူးသွားမှာဘဲ”
“မှန်လှပါ... မယ်တော် ကြိုးစားပြီးကျင့်ပါ့မယ် ဘုရား...”
ဦးနန္ဒသည် သူ၏မယ်တော်ထံမှ စကားကိုကြားရသောအခါ ဝမ်းသာသောမျက်နှာဖြင့်- “ကောင်းပြီ” ဟု ရေရွတ်ကာ ကျောင်းအောက်သို့ ဆင်းသွား၍ အုတ်နီခဲတခဲကို ယူလာပြီး သူ့မယ်တော်ရှေ့တွင် ချလိုက်၏။
“ဒကာမကြီး ပထမဆုံးလေ့ကျင့်ရမှာကတော့ ပထဝီကသိုဏ်းဘဲ.... ထွက်သက် ဝင်သက် အာနာပါနာတို့ သတိချုပ်တာတို့ကို နောက်မှပြမယ်။ ပထဝီကသိုဏ်းပေါက်ရင် စိတ်ကိုနိုင်သွားလို့ ကျန်တာတွေကို သိပ်မခဲယဉ်းဘူး....”
“ပထဝီကသိုဏ်းဆိုတာ ဘာလဲ ကိုယ်တော်....”
ဦးနန္ဒ မယ်တော်သည် မသိလေသောကြောင့် ကြုံ့ကြုံ့လေး ထိုင်နေရာမှ အုတ်နီခဲကြီးကို စောင်းငဲ့ကြည့်ရင်း မေးလိုက်၏။
“ပထဝီကသိုဏ်းဆိုတာဟာ.... ဒီဩကာသလောကတခွင်မှာ ရှိနေကြတဲ့ တောတောင် ရေမြေအစရှိတဲ့ အရာဝတ္ထုပစ္စည်းမှန်သမျှဟာ ကမ္ဘာပထဝီ မြေကြီးပေါ်မှာသာ ရပ်တည်နေကြတယ် မဟုတ်လား။ ဒီကမ္ဘာပထဝီမြေကြီးတခုလုံးဟာ ဒီတောတောင် ရေမြေအစရှိတဲ့ အရာဝတ္ထုတွေကို ချုပ်ကိုင်ထားတယ်။ သူကသာ စိုးပိုင်ထားတယ်။ ဒါကြောင့် ပထဝီကသိုဏ်းရှုတဲ့ နေရာမှာလဲ အချုပ်ဖြစ်တဲ့ ပထဝီမြေကြီးကို တရားပေါက်အောင် ရှုနိုင်ရင် အားလုံးသော ဒီကမ္ဘာလောကတခွင်မှာ နေမြင်လမြင်လို ဖြစ်လာနိုင်တယ်.... ရှင်းရဲ့လား ဒကာမကြီး”
“မရှင်းသေးပါဘူး ကိုယ်တော်ရဲ့၊ မဟာပထဝီမြေကြီးနဲ့ ဒီအုတ်ခဲကြီးနဲ့ ဘာဆိုင်လို့လဲ....”
“ဆိုင်တာပေါ့ ဒကာမကြီးရဲ့၊ ဒီအုတ်ခဲကြီးကလဲ မဟာပထဝီမြေကြီးက ဖြစ်လာတာဘဲ။ ဒကာမကြီးရဲ့စိတ်ထဲမှာ ဒီအုတ်ခဲကြီးကို မဟာပထဝီမြေကြီးဆိုပြီး အာရုံပြုရမယ်။ နောက်ပြီး မြေကြီးကဖြစ်နေတဲ့ ဒီအုတ်ကြီးအပေါ်မှာ ဩကာသလောကတခုလုံးမှာရှိတဲ့ တောတောင် ရေမြေအားလုံးဟာ တည်နေတယ်လို့ အာရုံသွင်းရမယ်။ အဲဒီလို အာရုံသွင်းလို့ စိတ်တည်ငြိမ်လာရင်၊ ဒီအုတ်ခဲကြီးပေါ်မှာ ရေမြေ တောတောင် အားလုံးကို မြင်လာလိမ့်မယ်။ အဲ.... မြင်လာရင် ကသိုဏ်းပေါက်တာဘဲ”
“အော်.... အော်....”
“Kဲ.... ဒကာမကြီး သဘောပေါက်ရင် အချိန်မရှိတော့ဘူး။ အစဦး ဘုရားကိုဝတ်ပြု၊ နောက်ပြီး ဘုရားစင်ရှေ့မှာ ဒီအုတ်ခဲကြီးကိုချ၊ ရှေ့မှာ ဖယောင်းတိုင်ထွန်းပြီး ပထဝီကသိုဏ်းရှုပေတော့....”
ဦးနန္ဒသည် အားလုံးလက်ပွန်းတတည်း သွန်သင်ပြသပြီး အခန်းတံခါးကိုပိတ်ကာ အပြင်ထွက်ခဲ့၏။ အခန်းအပြင်ဘက်တွင် အထဲမှ မယ်တော်ကို အကဲခတ်ရင်း ဦးနန္ဒသည် စင်္ကြန်လျှောက်နေသည်။
အခန်းထဲမှ ဦးနန္ဒ၏ မယ်တော် ဘုရားဝတ်ပြုသံကို တအောင့်လောက်အကြာတွင် ကြားရလေသည်။ ဘုရားဝတ်ပြု၍ ဆုံးသွားသောအခါ တော်တော်ကြာထိ ဘာသံမျှ မကြားရဘဲ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ကွမ်းတရာညက်လောက်အကြာတွင် အခန်းထဲမှ “အဟိ.... အဟိ....” ဟူသော အသံလိုလို ကြားလိုက်ရသောအခါ ဦးနန္ဒသည် ပြုံးလိုက်သည်။ သူ၏မယ်တော်သည် ပထဝီကသိုဏ်းရှုရာတွင် တရားပေါက်သွားပြီး တခုခုကိုမြင်၍ ရယ်သည်ဟု ထင်လိုက်သည်။
ခါတိုင်းခါတိုင်း ဦးနန္ဒတပည့်များမှာ တရားပေါက်ချင်သူမှ ပေါက်၏။ ရှေးပါရမီက ရင့်ကျက်လာမှသာလျှင် တရားပေါက်လွယ်၏။ ယခုသော် ဦးနန္ဒသည် သူ၏မယ်တော်အား ရုတ်ချည်း တရားပေါက်ပြီဟု ထင်ကာ အံ့ဩသွား၏။ နောက်ပြီး သူ့စိတ်တွင် သူ့မယ်တော်သည် ရှေးဘဝက ပါရမီရင့်ကျက်လာသူလည်း ဖြစ်ရမည်။ လက်တွေ့တရားပြသောသူတယောက်၏ မယ်တော်ဖြစ်သောကြောင့်လည်း ဖြစ်ရမည်ဟု မှတ်ထင်၍ အတန်ကြာသောအခါ အခန်းတံခါးကို ခေါက်လိုက်ပြီး “ဒကာမကြီး.... ဒကာမကြီး” ဟု တိုးတိုးခေါ်လိုက်၏။
အထဲမှ “ဘုရား....” ဟုထူးကာ တံခါးကို ဖွင့်ပေးလိုက်လေသည်။ ဦးနန္ဒသည် အထဲရောက်သောအခါ-
“ဘယ်နဲ့လဲ ဒကာမကြီး၊ တရားပေါက်မြန်လှချည်လား.... တခိခိနဲ့။ ဒီအုတ်ခဲအပေါ် ပထဝီကသိုဏ်းရှုတာ ဘာတွေများမြင်လို့လဲ ပြောပြစမ်းပါဦး....”
ဦးနန္ဒ၏အမေးကို သူ့မယ်တော်ကပြုံးပြီး ဤသို့ ဖြေလိုက်လေသည်။
“အုတ်ခဲအပေါ်မှာတော့ ဘာမှမမြင်ရသေးပါဘူး ကိုယ်တော်ရယ်၊ ဒီအုတ်ခဲကြီးကို စေ့စေ့ကြည့်ပြီး ကိုယ်တော့်အဖေ ဒကာကြီးနဲ့ တပည့်တော်မတို့ ငယ်ငယ်တုန်းက အကြောင်းပါလို့ လက်ထပ်တဲ့ ညမှာ အိမ်ခေါင်မိုးပေါ်က ကျလာတဲ့ အုတ်ခဲကြီးဟာ ဒီခဲကြီးလောက်မို့၊ နောက်ကြောင်းတွေသတိရပြီး ရယ်မိတာပါ ဘုရား....၊ အဟိ....”
ကေတုဘုန်းမော်
Comments
Post a Comment